ယူကရိန်းနိုင်ငံ တောင်ပိုင်း ခဲဆွန် (Kherson) မြို့က လမ်းဘေးဈေးတစ်ခုမှာ ဟင်းသီးဟင်းရွက် ရောင်းချနေတဲ့ အမျိုးသားတစ်ဦးကို ရုရှား FPV ဒရုန်းတစ်စင်းက လိုက်လံတိုက်ခိုက်တဲ့ ရုပ်သံ ထွက်ပေါ်လာပြီးနောက်၊ ဒါဟာ ယူကရိန်း အရပ်သားတွေကို ရုရှားဘက်က စနစ်တကျ အမဲလိုက် သတ်ဖြတ်နေခြင်းဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လန်စကီးက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။
ထွက်ပေါ်လာတဲ့ ဗီဒီယိုထဲမှာတော့ FPV (First-Person View) ဒရုန်းတစ်စင်းက အမျိုးသားတစ်ဦးကို အနီးကပ် လိုက်လံတိုက်ခိုက်နေတာကို တွေ့ရပါတယ်။ အသက်လွတ်ဖို့ ကြိုးစားရင်း အဲဒီအမျိုးသားဟာ ကားတစ်စီးရဲ့ နောက်ဘက်ကို ဝင်ရောက် ပုန်းအောင်းခဲ့ပေမယ့်၊ ဒရုန်းက သူရှိတဲ့နေရာအထိ တည့်တည့်ပျံသန်းလာပြီး ပေါက်ကွဲခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့် အသက် ၅၂ နှစ်အရွယ် အမျိုးသားဟာ ဗုံးအစအန ထိမှန်ဒဏ်ရာတွေ၊ မီးလောင်မှုကြောင့် အရေပြားပွန်းပဲ့ဒဏ်ရာတွေနဲ့ ဦးခေါင်းဒဏ်ရာတွေ ရရှိခဲ့ပေမယ့် အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ ခဲဆွန်ပြည်နယ် အုပ်ချုပ်ရေးမှူး အိုလက်ဆန်းဒါး ပရိုကူဒင်က Telegram မှာ ထုတ်ပြန်ထားပါတယ်။
ဒေသဆိုင်ရာ အာဏာပိုင်တွေ ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာတော့ ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသားက “ကျွန်တော် ထီးတွေထောင်ပြီး ကုန်ပုံးတွေကို အပြင်ထုတ်နေတုန်းပါ။ ကျွန်တော့်ဇနီးလည်း အဲဒီမှာရှိနေတယ်။ အဲဒီအချိန်မှာ ဝီစီသံလိုမျိုး ဒရုန်းသံကို ကြားလိုက်ရတာပါ” လို့ ပြောဆိုထားပါတယ်။



