အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဓာတ်ပုံအက်ဆေး

လုပ်အားကိုသာပိုင်ကြတဲ့ လယ်သမားတွေရဲ့ မျှော်လင့်ချက်မဲ့ဘဝ

ပဋိပက္ခတွေကြားမှာ ရှိနေတဲ့ စစ်ကိုင်းတိုင်း ခင်ဦးနဲ့ဝက်လက်နယ်မှ လယ်စိုက်တောင်သူတွေဟာ ဒီနှစ် မိုးစပါး စိုက်ပျိုးနိုင်ဖို့ ခက်ခဲကျပ်တည်း နေပါတယ်။

ဓာတ်ပုံ – မင်းခန့်ကျော်

ပဋိပက္ခတွေကြားမှာ ရှိနေတဲ့ စစ်ကိုင်းတိုင်း ခင်ဦးနဲ့ဝက်လက်နယ်မှ လယ်စိုက်တောင်သူတွေဟာ ဒီနှစ် မိုးစပါး စိုက်ပျိုးနိုင်ဖို့ ခက်ခဲကျပ်တည်း နေပါတယ်။

တစ်နှစ်မှာ တစ်သီးသာ စိုက်ခွင့်ရတဲ့ မိုးစပါး (ကောက်ကြီး)အတွက် စိုက်ပျိုးစရိတ်တွေ များလာတာ၊ လောင်စာဆီဈေး မြင့်တက်တာနဲ့ အခြေခံ စားသောက်ကုန်စရိတ်တွေ ကြီးမားလာတာကြောင့် စိတ်မပျော်ဘဲ ရုန်းကန်လုပ်ကိုင်နေကြရပါတယ်။

ဓာတ်ပုံ – မင်းခန့်ကျော်

“လုပ်ငန်းခွင်မှာ အဓိက က ဒီဇယ်လေ၊ ဒီဇယ်က နှစ်တိုင်း အဆမတန် ဈေးပိုနေတာ။ တောင်သူအတွက် ရင်းနှီးစရိတ်ကြီးပြီလေ၊ ကိုယ့်အိမ်က လူအား ငွေအား ထုတ်နိုင်မှ ကျန်တာ။ အကြွေးယူပြီး လုပ်ရတဲ့သူဆိုရင် တလင်းတက်ရင် ကိုယ့်ဟာ မဟုတ်တော့ဘူး သူများကိုပေးလိုက်ရပြီ၊ ဘာမှ မကျန်တော့ဘူး “ လို့ စစ်ကိုင်းတိုင်းအတွင်း စပါးစိုက်ပျိုးနေတဲ့ တောင်သူတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ – မင်းခန့်ကျော်

စိုက်လို့ရတဲ့ စပါးဟာ နှစ်ချီလှောင်ထားနိုင်မှ ဈေးကောင်းကောင်းနဲ့ ရောင်းရတာဖြစ်ပြီး ပေါ်ပင်ရောင်းစားချိန် စပါးဈေးကောင်းမရရင် လုပ်အားရှုံးတဲ့ အခြေအနေတွေလည်း ကြုံရတယ်လို့ ဆိုပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းထိုး မီးရှို့ခြင်းခံရလို့ နေအိမ်ဆုံးရှုံးခဲ့ရတဲ့ ခင်ဦးနယ်က ဒေသခံတောင်သူတစ်ဦးပြောပြတာက “တစ်ရက်မထွက်ပါဘူးဆို တစ်သောင်းခွဲ နှစ်သောင်းက ထွက်နေတာ ။ မီးရှို့ခံရပါတယ်ဆိုမှ ရှိတဲ့ဟာက တဖြည်းဖြည်းနဲ့ ပြုတ်လိုက်နေတာ။ စက်ပစ္စည်းလေး နှစ်မျိုး သုံးမျိုးလောက်ဝယ်တာ ငွေတစ်သိန်းက ကုန်သွားတယ် ။ အဲဒီတစ်သိန်းက ဘာမှတန်ဖိုးမရှိတော့တာ “ လို့ လယ်ထဲမှာ စက်ခုတ်ဖို့ပြင်နေရင်း ပြောပြပါတယ်။

ဓာတ်ပုံ – မင်းခန့်ကျော်

ကုန်သည်ပွဲစား မဟုတ်ဘဲ တောင်သူ သား သမီးတွေဖြစ်လို့ သင့်တင့်လျောက်ပတ်တဲ့ အိမ်တစ်လုံးရဖို့အတွက် နှစ်ပေါင်း (၃၀) လောက် စုဆောင်းလာခဲ့ရပြီး လက်ရှိအနေအထားနဲ့ ဒီတစ်သက်တော့ အရင်လိုအိမ်မျိုးနဲ့ ပြန်နေနိုင်ဖို့ စိတ်ကူးယဉ်လို့ မရတော့ဘူးလို့ မျှော်လင့်ချက်မဲ့စွာ ဆိုပါတယ်။

ဓာတ်ပုံ – မင်းခန့်ကျော်

နွေစပါး စိုက်ခွင့်ရနိုင်ပြီး အဆင်ပြေချောင်လည်တဲ့ ပိုငွေနဲ့ ကောက်ကြီးစပါး စိုက်ပျိုးနိုင်ဖို့ ရင်းနှီးစရိတ်ရနိုင်ပေမယ့် ဒီနှစ် နွေရေ မရလို့ စိုက်ခွင့် မရတဲ့အတွက် တောင်သူတွေဟာ ကိုယ်စားမယ့်ဆန်ကိုယ်ပြန်ဝယ်စားနေခဲ့ရတယ်လို့ ဆိုပါတယ်။

စိုက်ပျိုးစရိတ် အခက်အခဲရှိကြတဲ့ တောင်သူတွေဟာ ငွေကြေးအဆင်ပြေကြတဲ့ သူတွေဆီက စပါးပေါ်ပေးစနစ်နဲ့ ချေးငွေဆွဲယူ သုံးရပြီး အတိုးပေါ် အတိုးဆင့်၊ စပါးခံငွေအတွက် လယ်ကွက်ထိုးဆပ်ကြရင်း လက်ရှိကနေ လက်မဲ့ဘဝ ရောက်ကုန်ကြရပါတယ်။

“ မြို့ကလူတွေက စပါးကို ပေါက်ဈေးနဲ့ ဖြတ်ယူကြတာ၊ ကိုယ့်ကုန်ပစ္စည်းက ဈေးကျတာ တခြားပစ္စည်းတွေက ဈေးတက်နေတော့ လိုက်လို့မမီတော့တာ။ တချို့ကျတော့ စပါးတိုးကို ထောင်ချီပြီး ပေးစရာရှိတာ၊ အတိုးမတက်လာဖို့ လယ်ကို ထိုးပေးပြီး ဆပ်လိုက်ရတော့တာ “ လို့ လယ် ငါးဧက လုပ်ကိုင်နေတဲ့ တောင်သူတစ်ဦးက ဆိုပါတယ်။

ဓာတ်ပုံ – မင်းခန့်ကျော်

မြေဆီ ပုလဲ တစ်အိတ်ကို တစ်သိန်းနှစ်သောင်းကျော် ဝယ်ယူအသုံးပြု ပက်ကြဲနေရပြီး မိုးအကုန်ကောက်ကြီးစပါး ရိတ်ခါးနီးအချိန်မှာ တောင်သူအသုံးစရိတ်က အစစအရာရာ ပိုလို့ဈေးကြီးတာကြောင့် မငတ်ရုံသာ လုပ်စားနေရတယ်လို့ ဆိုပါတယ်။

လောင်စာဆီဈေးနဲ့ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေ လည်းဈေးကြီးလာသလို ထွန်စက် အငှားခုတ်သူတွေကို ဈေးပိုပေးလာရတာ၊ ကောက်စိုက်ပျိုးနုတ်ခ တွေ ပိုလာတာအပြင် ဓာတ်မြေဩဇာ ဈေးတွေပါ ကြီးလာခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ – မင်းခန့်ကျော်

“ ထွန်စက် စက်ကြီးခုတ်ခက တစ်ဧက ကို တစ်သိန်းခွဲပဲ၊ မနှစ်က တစ်သိန်း နှစ်သောင်းပဲ ရှိတာ။ ပျိုးနုတ်ခက တမနက်ကို တစ်သောင်းခွဲ လို့ပြောတယ်။ ဆိုင်ကယ်ဈေးသည်လာလို့ တမနက်ကို မိသားစု (၃)ယောက်စာက အနည်းဆုံး တစ်သောင်းပဲ။ အဲ့ဒါ ဟင်းချက်စရာဖိုးပဲ ရှိသေးတာ“ လို့ ကုန်ဈေးနှုန်းတက်လာတာတွေကို ပြောပါတယ်။

မိုးကောင်းရင် ရေရမယ်ဆိုသော်လည်း မိုးရေလျော့ချိန် ရေရှားမှာကိုတော့ စိုးရိမ်ရတယ်လို့ ဝက်လက်နယ်က စပါးစိုက် တောင်သူတစ်ဦးက ပြောပါတယ်။ လယ်တစ်ဧကကို မြေဆီ သုံးလုံးခွဲလောက်ပက်ရပြီး လက်ရှိ ဘေးကြားစပါး တောင်း ၁၀၀ ကို ပေါက်ဈေး ၃၈ သိန်း ရှိပြီး စပါးပေါ်ချိန်မှာ ဈေးအပြောင်းအလဲ ရှိနိုင်တယ်လို့ ဆိုပါတယ်။

ကိုယ်ပိုင် လယ်ယာမြေမရှိဘဲ ရရာ နေ့စားအလုပ်ကို လုပ်ကိုင်နေရသူတွေကတော့ အပိုငွေ မရှိတဲ့အပြင် ကျန်းမာရေးအတွက်ပါ စိုးရိမ်နေကြရပါတယ်။ စပါးစိုက်ပျိုးချိန် ရာသီဖြစ်လို့ ကောက်စိုက် ပျိုးနုတ် အလုပ်ကို လုပ်နေကြရပြီး တစ်ရက်တာ ဝင်ငွေဟာ မိသားစု စားဝတ်နေရေးအတွက် လုံလောက်မှု မရှိဘူးလို့လည်း ဆိုပါတယ်။

ဓာတ်ပုံ – မင်းခန့်ကျော်

“ စားဆီ ၅၀ ဆယ်သားကို ၉၂၀၀ (ကျပ်)လေ ။ ကြက်ဥ တစ်လုံး ၇၀၀ (ကျပ်) ပေးပြီး ဝယ်စားနေရတာ ဘယ်လိုလုပ် လောက်ငတော့မှာလဲ။ အစစ အရာရာ ဒုက္ခရောက်နေတာ ။ ရတာနဲ့ကျ မမျှတာပေါ့ ။ နေထိုင်မကောင်းရင် ဘာနဲ့ သွားကုမလဲ“ လို့ ကောက်စိုက်နေ့စားလိုက်တဲ့ စစ်ဘေးရှောင် အမျိုးသမီး မခိုင်က ဆိုပါတယ်။

လက်နက်ကိုင် တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာ၊ မြေပြင်မှာစစ်ကြောင်းထိုး မီးရှို့တာ အဲဒီလိုအခြေအနေတွေကြားမှာ ကျီးလန့်စာစား နေထိုင်ရှင်သန် လုပ်ကိုင်နေကြရတာပါ။

စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့ အထွေထွေ အကျပ်အတည်းတွေကြားက တောင်သူလယ်သမားတွေဟာ ရွှံ့နွံထဲ ရုန်းနေကြရုံသာမကပဲ အကြွေးနွံထဲမှာပါ နစ်မွန်းရင်း မျှော်လင့်ချက်မဲ့ မသေရုံတမယ် ရုန်းကန် နေကြရပါတော့တယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button