မျက်လုံးကို အဝတ်စနဲ့စည်းပြီး လက်ပြန်ကြိုးတုပ်ခံထားရတဲ့ အမျိုးသားတစ်ယောက်ကို သေနတ်လွယ်၊ ဓားကိုင်ထားသူ လူတစ်စုက ရင်ဘတ်ကို ဓားနဲ့တစ်ချက်ထိုးပြီး အဲ့ဒီအမျိုးသား မသေခင်မှာပဲ ခြေကျင်းဝတ်ကို ဓားမနဲ့ခုတ်၊ အဲ့ဒီနောက် ခေါင်းဖြတ်၊ ဗိုက်ခွဲနေကြတဲ့ ရုပ်သံဖိုင်တွေကို Myanmar Now က လက်ခံရရှိခဲ့ပါတယ်။
ဆင်ဆာဖြတ်မထားတဲ့ ထိတ်လန့်ကြောက်ရွံ့ဖွယ် ရုပ်ရှင်ဇာတ်လမ်းတစ်ခုရဲ့ ဇာတ်ဝင်ခန်းသဖွယ် ဒီလူသတ်မှုဟာ နိုင်ငံအလယ်ပိုင်းက စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသမှာ ၂၀၂၅ခုနှစ်၊ ဇူလိုင်လကုန်ပိုင်းက ဖြစ်ခဲ့တာပါ။
မင်းကွန်းဒေသဟာ မင်းကွန်းခေါင်းလောင်းကြီး အပါအဝင် အထင်ကရ စေတီပုထိုးတွေကြောင့် ခရီးသွားလုပ်ငန်းနဲ့ နာမည်ကျော်တဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်လည်း ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သားတွေ၊ ပြည်သူ့စစ်တွေကတော့ ယဉ်ကျေးမှုနယ်မြေ မင်းကွန်းဒေသမှာ လူမဆန်တဲ့သတ်ဖြတ်မှုကို ကျူးလွန်ပြီး အောင်ပွဲခံခဲ့ကြပါတယ်။
ရက်စက်ကြမ်းကြုတ်တဲ့ ဒီဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင် ၄ခု ရှိပါတယ်။ ဖမ်းမိထားတဲ့ အမျိုးသားကို တော်လှန်ရေးတပ်ဖွဲ့ထဲကလားလို့ မေးမြန်းရာကစလို့ သတ်ဖြတ်ပြီး မြစ်ထဲပစ်ချတဲ့အထိ ပါဝင်ပါတယ်။
ရုပ်သံဖိုင်တွေဟာ ဒီသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ စစ်သားသစ် ၄ယောက်ဆီက ရခဲ့တာပါ။
တယ်လီဖုန်းထဲကို ရုပ်သံဖိုင်တွေကူးယူလာတဲ့ အဲ့ဒီလူငယ် ၄ယောက်နဲ့လည်း Myanmar Now က ဆက်သွယ်မေးမြန်းခွင့် ရခဲ့ပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



