ထိုင်းနိုင်ငံကို နှစ်ရက်တာ တရားဝင်ခရီး ရောက်ရှိနေသည့် မြန်မာစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို ထိုင်းရောက် မြန်မာပြည်သူများနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ယနေ့ (ဩဂုတ်လ ၆ ရက် ) မွန်းလွဲပိုင်းတွင် ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့၌ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
ထိုင်းနှင့် မြန်မာနိုင်ငံသား လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ ပါဝင်သည့် ဆန္ဒပြသူများက “မအလ မင်းလို ရာဇဝတ်ကောင်ကို ငါတို့ မကြိုဆိုပါ”၊ “ စစ်ခေါင်းဆောင်တွေ ကျဆုံးရေး”၊ “ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေး” စသည့် ကြွေးကြော်သံများဖြင့် တစ်နာရီနီးပါးခန့် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
ထို့အပြင် နှစ်နိုင်ငံသဘောတူစာချုပ် (MoU) ဖြင့် လာရောက်သော အလုပ်သမားများ၏ အကျပ်အတည်း၊ မည်သူမည်ဝါ အထောက်အထားစာအုပ် (CI) တို့နှင့် ပတ်သက်သည့် စစ်တပ်၏ ဖိနှိပ်ခြင်း၊ ငွေကြေးကောက်ခံခြင်း၊ အရပ်သားများကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း၊ နိုင်ငံရေးအမြင်ကွဲလွဲသူများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ခြင်းစသည့် စစ်ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်နေသည်ဟု ဆန္ဒပြသူများက ထိုင်းသတင်းဌာနများကိုပြောသည်။
မြန်မာစစ်တပ်၏ဖိနှိပ်မှုများက ရွှေ့ပြောင်းမှုများ ဖြစ်ပေါ်ခဲ့ပြီး နယ်စပ်တစ်လျှောက် မူးယစ်ဆေးဝါးနှင့် ငွေလိမ်ဂိုဏ်းများ အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၏ ပေါက်ဖွားရာနေရာတစ်ခု ဖြစ်လာစေကြောင်း ၎င်းတို့က ထည့်သွင်းပြောဆိုခဲ့သည်။
စစ်ခေါင်းဆောင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ဩဂုတ်လ ၆ ရက်နှင့် ၇ ရက်တို့တွင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် လာရောက်ခဲ့ခြင်းဖြစ်သည်။
ယနေ့ (ဩဂုတ်လ ၆ ရက်) နံနက်တွင် ဦးမင်းအောင်လှိုင်သည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်သို့ ရောက်ရှိလာပြီး အစိုးရဧည့်ဂေဟာတွင် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်းဝီရာကူးလ်နှင့် ထိုင်းအစိုးရ အဖွဲ့ဝင်များက ဂုဏ်ပြုအခမ်းအနားနှင့်ကြိုဆိုခဲ့သည်ကို တွေ့ရသည်။
ဆန္ဒပြပွဲပြုလုပ်နေစဉ် တချိန်တည်းမှာပင် နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် အစိုးရ – ပုဂ္ဂလိကကဏ္ဍ ဆွေးနွေးကြမည့် “၂၀၂၆ ခုနှစ် ထိုင်း-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆွေးနွေးပွဲ”သို့ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က ထိုင်းဝန်ကြီးချုပ်နှင့်အတူ ယနေ့ မွန်းလွဲပိုင်း၌ တက်ရောက်နေသည်။

မြန်မာသံရုံးရှေ့လုံခြုံရေးတင်းကျပ်ထားသည့်အပြင် စစ်ခေါင်းဆောင်ကို ဆန္ဒပြရန် ထိုင်းရောက်အဖွဲ့အစည်း များအား ထိုင်းအာဏာပိုင်များဘက်မှ တင်းကျပ်ထားသည်ဟု ထိုင်းအခြေစိုက် မြန်မာလုပ်သားကူညီ စောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ (AAC) ဥက္ကဋ္ဌ ဦးခိုင်ကြီးက Myanmar Now ကို ပြောသည်။
“ လက်ရှိအချိန်မှာ UN ရုံးရှေ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူလူငယ်အချို့က ဆန္ဒပြနေကြတာရှိတယ်” ဟု ၎င်းက ယနေ့ မွန်းလွဲပိုင်းတွင် ဆိုသည်။
ခွင့်ပြုချက်မရှိပါက မြန်မာသံရုံးအနီး ဆန္ဒပြခွင့် မပြုကြောင်း မြန်မာအရပ်ဘက်အဖွဲ့အစည်းများကို ထိုင်းအာဏာပိုင်များက ဖုန်းဆက်သတိပေးခဲ့သည်ဟု ၎င်းက ပြောသည်။
စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးပြဿနာ၊ နယ်စပ်ကုန်သွယ်ရေးများ ပြန်လည်စတင်ရေးနှင့် မြစ်ရေညစ်နွမ်းမှုဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် ထိုင်း- မြန်မာ စုပေါင်းအလုပ်ဖွဲ့တစ်ခုဖွဲ့စည်းရေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများက ရေးသားထားသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်၏ ထိုင်းခရီးစဉ်ကို လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းများက ကန့်ကွက်စာ ထုတ်ပြန်ထားပြီး ထိုင်းနိုင်ငံရေးပါတီတစ်ခုဖြစ်သော Fair Party လွှတ်တော်အမတ် Kannavee Suebsang ကလည်း ကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အာဆီယံနိုင်ငံများက ၎င်းတို့ထိပ်သီးအစည်းအဝေးများသို့ စစ်ခေါင်းဆောင်ကို တက်ရောက်ခွင့် ပိတ်ပင်ခဲ့သော်လည်း ထိုင်းနိုင်ငံက ၂၀၂၅ ခုနှစ် ဧပြီလအတွင်း ကျင်းပခဲ့သည့် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (BIMSTEC) အစည်းအဝေး တက်ရောက်ခွင့်ပေးခဲ့သည်။
ထိုခရီးစဉ်အတွင်း ထိုင်းအရပ်ဘက်အဖွဲ့အစည်းများနှင့် မြန်မာတက်ကြွလှုပ်ရှားသူများက ဘန်ကောက် မြို့ရှိ ကုလသမဂ္ဂရုံးရှေ့ ဆန္ဒပြခဲ့ကြသည်။ စစ်ခေါင်းဆောင်တည်းခိုသည့် BIMSTEC အစည်းအဝေး ကျင်းပရာ ရှန်ဂရီလာဟိုတယ်၌ ထိုင်းကျောင်းသားတစ်ဦးကလည်း လာရောက်ဆန္ဒပြခဲ့သည်။
စစ်ခေါင်းဆောင်သည် သမ္မတရာထူး ရယူပြီးနောက် ယခုနှစ်အတွင်း တရားဝင်ခရီးစဉ်အဖြစ် အိန္ဒိယ၊ တရုတ်၊ လာအိုနိုင်ငံများသို့ သွားရောက်ခဲ့သည်။




