
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းရှိနှမ်းခါးကျေးရွာဆေးပေးခန်းကို စစ်ကောင်စီက ယမန်နေ့(မတ် ၂၂) နံနက်ပိုင်းတွင် ဗုံးကြဲချခဲ့ရာ ဆရာဝန်မိသားစုနှင့် ဆေးခန်းလာပြသည့် လူနာများပါအဝင် ၁၁ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
မြို့ မြောက်ဘက် ၃၆ မိုင်ခန့်အကွာ ကလေး – ဂန့်ဂေါ ကားလမ်းဘေးရှိ နှမ်းခါးရွာလယ်မှ ဆေးခန်းဖွင့်လှစ်သည့် နံနက် ၈ နာရီ ၄၀ မိနစ်ဝန်းကျင်တွင် စစ်တပ်ကဗုံးလာကြဲသဖြင့် သေဆုံးသူများပြားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။
သေဆုံးသူများတွင် ဆရာဝန်၊ ဆရာဝန်၏ ဇနီးဖြစ်သူ ကိုယ်ဝန်ဆောင်ဇနီးသည် နှင့်ကလေးငယ် ၊ ဆေးခန်းလာပြသူ မိသားစု ၃ ဦး တစ်စု၊ မြေးအဘွား ၁ ဦး၊ ဆေးခန်းတွင် ကူညီလုပ်ကိုင်ပေးနေသူများနှင့် ဘေးအိမ်မှ အိမ်နီးချင်း ၁ ဦး ပါဝင်ကြောင်း ဒေသခံများထံမှသိရ သည်။
“(ဗုံးဒဏ်ကြောင့် ဆေးခန်းဖွင့်ထားတဲ့) အိမ်ပျောက်သွားတယ်ပေါ့ဗျာ။ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ တစစီဖြစ်သွားတယ်။ ဟိုဘက်တစ်အိမ်ကျရင်တော့ မီးလောင်သွားပြီး ပြာကျသွားတယ်”ဟု အခင်းဖြစ်ရာနေရာသို့ ယမန်နေ့ နံနက်ပိုင်းက ရောက်ရှိခဲ့သည့် ဂန့်ဂေါ ဒေသခံ တစ်ဦးက ပြောသည်။

“အသားစတွေလိုက်ကောက်ရတာ။ ကလေးတွေဆိုလက်တွေရော၊ ခေါင်းမပါတာတွေရော ခန္ဓာကိုယ် ပြတ်သွားတာတွေရော။ ကျွန်တော်တို့ရောက်တဲ့ ခန္ဓာကိုယ်အပိုင်းအစတွေကို ကားပေါ်ကောက်တင်ပြီး ဘေးနေရာရွှေ့ပေးရတယ် ” ဟု ၎င်းကဆိုသည်။
လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကြောင့် အိမ်ခြေ တစ်ထောင်နီးပါးရှိသည့် နှမ်းခါးရွာမှ ဒေသခံများမှာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပြတ်တောက်နေသည့်အတွက် အသေးစိတ်အခြေအနေကို ပိုမို သိရှိရန် ဒေသခံများ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
Myanmar Now က ကြည့်ရှုခွင့်ရသည့် ရုပ်သံဖိုင်အနက် နေအိမ်များ မီးလောင်ပျက်စီးသွားပြီး တငွေ့ငွေ့မီးလောင်နေသည့် အိမ်ခြံဝန်းတစ်ခုတွင် မီးကျွမ်းထားသည့် ရုပ်အလောင်းတစ်ခုကို တွေ့ရသည်။
အရပ်သားများကိုဦးတည်တိုက်ခိုက်သည့် စစ်ကောင်စီ၏လုပ်ရပ်အတွက် အကြောင်းပြချက်ကို စစ်ကောင်စီခန့် မကွေးတိုင်း ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို Myanmar Now က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

နှမ်းခါးရွာကို ၂၀၂၁ ဒီဇင်ဘာလကလည်း စာသင်ကျောင်းကို လေကြောင်းပစ်ခတ်ပြီး မြေပြင်စီးနင်းတိုက်မှုအတွင်း ၉ ဦးထက်မနည်း သေဆုံးခဲ့သည်။
ဂန့်ဂေါ၊ ဆော၊ ကျောက်ထု၊ ထီးလင်းစသည့်မြို့နယ်များပါဝင်သည့် ယောဒေသတွင် ယခုနှစ်ဆန်းပိုင်းကစပြီး လေကြောင်းတိုက်ခိုက်မှုများ ခပ်စိတ်စိတ်ပြုလုပ်နေကြောင်း ဒေသခံများထံမှသိရသည်။
ထီးလင်းမြို့နယ်၊ အလယ်ဘန်းရွာကို မတ် ၂၀ ရက်နေ့က လူခြေတိတ် အိပ်မောကျချိန် သန်းခေါင်ယံတွင် လေကြောင်းတိုက်ခိုက်ခဲ့ရာ ကျောင်းသူ ၂ ဦးအပါအဝင် ၄ ဦးသေဆုံးပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အရပ်သားများ နေထိုင်ရာ နေရာများကို ဦးတည်ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည့်အတွက် လေကြောင်းအန္တရာယ် သတိထားကြရန်နှင့် ဗုံးခိုကျင်းများတွင် အိပ်စက်ရန် ထီးလင်းမြို့နယ် ပကဖ က ပြည်သူများကို တိုက်တွန်းထားသည်။
ဖေဖော်ဝါရီလအတွင်း နိုင်ငံအနှံ့စစ်တပ် လေကြောင်းတိုက်ခိုက်မှု ၂၀၀ ကျော်ပြုလုပ်ခဲ့ရာ ၁၄၂ ဦး သေဆုံးပြီး ၃၆၈ ဦးထိခိုက်ဒဏ်ရာရကာ နေအိမ် ၂၀၀ ကျော်၊ စာသင်ကျောင်း ၁၂ ကျောင်း၊ ကျန်းမာရေးအဆောက်အဦး ၁၅ လုံးပျက်စီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက မတ် ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။
ထိုအစီရင်ခံစာပါ အချက်အလက်များအရ မကွေးတိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ဒုတိယအများဆုံး ကြုံခဲ့ရပြီး လေကြောင်းတိုက်ခိုက်မှု ၄၄ ခုအတွင်း ၃၁ ဦးသေဆုံးကာ ၅၂ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။