
မကွေးတိုင်းမြောက်ပိုင်း ယောဒေသတွင် ယနေ့ (မတ် ၂၀) တစ်ရက်တည်းမှာပင် ၃ မြို့နယ်ကို လေကြောင်း တိုက်ခိုက်မှုများ လုပ်ခဲ့ရာ ထီးလင်းမြို့နယ်တွင် ၄ ဦး သေဆုံးပြီး လူအများအပြားဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ယနေ့ နံနက် ၂ နာရီဝန်းကျင်တွင် ထီးလင်းမြို့နယ်အရှေ့ဘက် ၁၀ မိုင်ခန့်အကွာ အလယ်ဘန်းကျေးရွာကို စစ်လေယာဉ်က ပစ်ခတ်ခဲ့ရာ သက်ကြီးပိုင်း အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး၊ ကျောင်းသူ ၂ ဦး တို့ သေဆုံးခဲ့သည်။
သေဆုံးထိခိုက်သူများ၏ အမည်၊ အသက်နှင့် အသေးစိတ်အခြေအနေကို လတ်တလော မသိရသေးပေ။
မြေပြင်တိုက်ပွဲလည်း မရှိဘဲ လူခြေတိတ်အိပ်မောကျချိန် ကျေးရွာကိုဦးတည်ပြီး လေကြောင်း တိုက်ခိုက်ခဲ့မှုကြောင့် ထိုကဲ့သို့ ထိခိုက်သေဆုံးမှုများပြားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။
“ဘာတိုက်ပွဲမှမရှိဘူး အေးအေးလူလူနေ နေကြတာ။ ညအိပ်မောကျနေတဲ့ အချိန် ဖြစ်တာရော တိုက်ခိုက်မှု လုပ်မယ်လည်း ထင်မထားတော့ ထိခိုက်ဒဏ်ရာတော်တော်များတယ်” ဟု ထိုသူက ပြောသည်။
နေအိမ် ၄ လုံး မီးလောင်ပြာကျပြီး နေအိမ် ၁၂ လုံး အလုံးစုံ ပျက်စီးကာ နေအိမ် ၄၀ ဝန်းကျင်မှာ အမိုးများ လန်ကာ ပျက်စီးသွားကြောင်း ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယနေ့ ညနေတွင် သတင်းထုတ်ပြန်သည်။
ယခုရက်ပိုင်း ယောဒေသတွင်း လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်လုပ်နေသည့်အတွက် လေကြောင်းရန် ကင်းနိုင်သည့်နေရာနှင့် ပုန်းခိုကျင်းများတွင် အိပ်ကြရန် ထီးလင်းမြို့နယ်ပကဖက သတိပေးထားသည်။
အလားတူ ယနေ့နေ့လယ်က ဆောမြို့နယ်နှင့် ကျောက်ထုနယ်လည်း လေကြောင်းမှပစ်ခတ်ခံရပြီး ထိခိုက် ပျက်စီးမှုအခြေအနေအသေးစိတ်ကို သိရှိနိုင်ရန် ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
ချင်းတောင်တန်း ထိစပ်နေသည့် မကွေးတိုင်းမြောက်ပိုင်း ယောဒေသတွင် ဂန့်ဂေါ၊ ဆော၊ ထီးလင်း စသည့် မြို့နယ်များပါဝင်ပြီး လက်နက်ကိုင်တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးထားသည်။
ယခုနှစ်ဆန်းကတည်းက စစ်ကောင်စီသည် ထိုဒေသကို လေကြောင်းတိုက်ခိုက်မှုများ ခပ်စိတ်စိတ်ပြုလုပ် လာသည်။
ပြီးခဲ့သည့် မတ် ၁၇ ရက်နေ့ ညသန်းခေါင်တွင် ဂန့်ဂေါမြို့နယ်၊ မြစ်သာဆည်ကို လေကြောင်းမှ ဗုံးကြဲခဲ့ရာ လူထိခိုက်မှုမရှိသော်လည်း အဆောက်အဦတချို့ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောကြသည်။
လေကြောင်းတိုက်ခိုက်မှုများ စိတ်လာသည့် ယောဒေသတွင် ဖုန်းလိုင်းဖြတ်ခံထားရပြီး ဂန့်ဂေါနယ်တွင် ဖုန်းလိုင်းမရသည်မှာ တစ်လနီးပါးရှိပြီဖြစ်ကာ ထီးလင်းနှင့် ဆောတွင်လည်း ယခုလ ဒုတိယပတ်မှ စတင်၍ ဖုန်းလိုင်းဖြတ်ခံထားရကြောင်း စုံစမ်းသိရသည်။
“လေကြောင်းတိုက်ခိုက်မှုလုပ်ချင်ရင် ဖုန်းလိုင်းဖြတ်လေ့ရှိတယ်။ ဒီဘက်မှာက အများစုက MPT နဲ့ တယ်လီနောပဲ ရတာ။ ဖုန်းလိုင်းဖြတ်ခံထားရတော့ လေကြောင်းကကြဲသွားတာပဲသိရတယ်။ ဘယ်မှာ ဘယ်လို ကြဲသွားတယ်ဆိုတာမျိုး တော်တော်နဲ့ မသိရဘူး” ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။
ပြီးခဲ့သည့်နှစ်ကုန်အထိ ယောဒေသတွင် စစ်တပ်က မြေပြင်စစ်ကြောင်း မထိုးနိုင်သော်လည်း ယခု နှစ်ဆန်း တွင် မြေပြင်စစ်ကြောင်းလှုပ်ရှားမှုများပြန်လုပ်လာကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဆိုသည်။
မကွေးတိုင်း အနောက်မြောက်ဘက်တကြောနှင့်ထိစပ်နေသည့် ချင်းပြည်နယ်တောင်ပိုင်း နှင့် ရခိုင်ရိုးမ တကြောကို ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် အာရက္ခတပ်တော်နှင့် မဟာမိတ်ဖြစ်သည့် ချင်းညီနောင်တို့ က သိမ်းပိုက်လိုက်ပြီးနောက် စစ်တပ်ထောက်တိုင်များဖြစ်သည့် လက်နက်စက်ရုံများရှိရာ မကွေးတိုင်းတွင် စစ်တပ်က စစ်ရေးပြင်ဆင်မှုများ သိသိသာသာ လုပ်ဆောင်လာသည်။
“စစ်တပ်က ခံစစ်အတွက်ပြင်လာတယ်။ လေကြောင်းတိုက်ခိုက်မှုတွေလည်း သိသိသာသာ တိုးလာတယ်။ မြေပြင်စစ်ကြောင်းသိပ်မထိုးနိုင်တဲ့အတွက် လေကြောင်းတိုက်ခိုက်မှုတွေက ဒီထက်ပိုလာနိုင်တယ်”ဟု မကွေးတိုင်း၊ မင်းဘူးခရိုင်တွင် လှုပ်ရှားသည့်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောသည်။
ဖေဖော်ဝါရီလအတွင်း နိုင်ငံအနှံ့စစ်တပ် လေကြောင်းတိုက်ခိုက်မှု ၂၀၀ ကျော်ပြုလုပ်ခဲ့ရာ ၁၄၂ ဦး သေဆုံးပြီး ၃၆၈ ဦးထိခိုက်ဒဏ်ရာရကာ နေအိမ် ၂၀၀ ကျော် ပျက်စီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက မတ် ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။
ထိုအစီရင်ခံစာပါ အချက်အလက်များအရ မကွေးတိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ဒုတိယအများဆုံး ကြုံခဲ့ရပြီး လေကြောင်းတိုက်ခိုက်မှု ၄၄ ခုအတွင်း ၃၁ ဦးသေဆုံးကာ ၅၂ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။




ထီးလင်းမြို့နယ်၊ အလယ်ဘန်းရွာကို မတ် ၂၀ ရက် နံနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှုအပြီး တွေ့ရစဉ် ။ (ဓာတ်ပုံ – ထီးလင်းမြို့နယ်ပကဖ)