အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပခုက္ကူလေဆိပ်အနီးတိုက်ပွဲ ရဲနှင့် ပျူစောထီး ၇ ဦးသေဆုံး

ပခုက္ကူလေဆိပ်အနီးရှိ ပန်းတိုင်းခြုံရွာတွင် ကင်းလှည့်နေသူများ ယမန်နေ့ (မေ ၂) နေ့လယ်ပိုင်းက တိုက်ခိုက်ခံခဲ့ရပြီးနောက် ရဲနှင့် ပျူစောထီးပြည်သူ့စစ် ၇ ဦးထက်မနည်း သေဆုံးသွားသည်။

နိုင်ငံအလယ်ပိုင်း ပခုက္ကူလေဆိပ်အနီးရှိ ပန်းတိုင်းခြုံရွာတွင် ကင်းလှည့်နေသည့် စစ်ကောင်စီ လက်နက်ကိုင်တို့ကို ဒေသတော်လှန်ရေးတပ်ဖွဲ့များက ယမန်နေ့ (မေ ၂) နေ့လယ် ၃ နာရီခန့်တွင် တိုက်ခိုက်ခဲ့ရာ ရဲနှင့် ပျူစောထီး ခေါ် ပြည်သူ့စစ် ၇ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

မကွေးတိုင်း ရေစကြိုနှင့် ပခုက္ကူမြို့အကြား၊ လေဆိပ်အရှေ့ဘက် ၂ မိုင်အကွာရှိ အိမ်ခြေ ၁၀၀ ခန့်ရှိသည့် ပန်းတိုင်းခြုံရွာ၌ ဖြစ်ပွားခဲ့သည့် ထိုတိုက်ပွဲတွင် လက်နက် ၇ လက်ကိုလည်း တိုက်ခိုက်သူများ ရရှိသွားသည်၊ တိုက်ပွဲဖြစ်ပြီး မကြာမီ စစ်တပ်ရောက်လာရာ ရွာမီးရှို့ခံရသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

ကာကွယ်ရေးတပ်၏ တိုက်ခိုက်မှုအတွင်း ပန်းတိုင်းခြုံရွာရှိ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးကာ လက်နက်များဆုံးရှုံးခဲ့ရသည်။

“သူတို့ (ရဲနဲ့ ပျူစောထီးတွေ) က ရွာတောင်ဘက်မှာ ဂိတ်ချထားတာ။ မနေ့က မြောက်ဘက်ကို ထွက်လာတဲ့အချိန်မှာ တိုက်ပွဲဖြစ်တာ။ သူတို့ဘက်ကလူတွေ သေပြီး လက်နက်တွေပါတော့ စိတ်တိုပြီး မီးရှို့နေတာ” ဟု အဆိုပါ ဒေသခံက ယမန်နေ့တွင် ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ကမျှ ၎င်းတို့လက်ချက်ဆိုသည်ကို မေလ ၃ ရက်နေ့ နေ့လယ်ပိုင်းအထိ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါ။

တိုက်ပွဲဖြစ်ပြီး နာရီပိုင်းအကြာတွင် စစ်ကောင်စီဘက်က စစ်ကူ ၆၀ ခန့် ရွာထဲသို့ ရောက်လာပြီး ၎င်းတို့ဆုံးရှုံးမှုများအတွက် လက်တုံ့ပြန်သည့်အနေဖြင့် ရွာကို မီးတိုက်ရာ အိမ်ခြေ ၂၀ ဝန်းကျင် ပျက်စီးဆုံးရှုံးသွားသည်ဟု မြို့ခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောသည်။ 

ယနေ့နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က အင်အားဖြည့်တင်းလာကာ ပန်းတိုင်းခြုံရွာတစ်ဝိုက်ကို တောနင်းရှာဖွေလျက်ရှိသည်ဟု ၎င်းက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီထံ ဆက်သွယ်မေးမြန်း၍ မရသေးသော်လည်း ပန်းတိုင်းခြုံရွာတိုက်ပွဲအတွင်း ရဲတပ်ဖွဲ့ဝင်များ သေဆုံးသွားသည်ဟု စစ်တပ် ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button