ကရင်ပြည်နယ်၊ မြဝတီမြို့ဘက်သို့ ချီတက်လာသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် တရွေ့ရွေ့ ရှေ့တိုးလာနေသည်ဟု ထိုစစ်ကြောင်းကို ကြားဖြတ်တိုက်သည့် တော်လှန်ရေးအင်အားစုနှင့် နီးစပ်သူတချို့က ပြောသည်။
ထိုစစ်ကြောင်းသည် ဧပြီလ ၁၃ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အရှေ့ဘက်အထွက်ရှိ ကော့နွဲ့ရွာသို့ ရောက်ရှိလာပြီး ကော့ကရိတ်မြို့တွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နှင့် ကျားဖြူစစ်ကြောင်းကို ဦးတည်တိုက်ခိုက်ခဲ့သည်။
ဧပြီလ နောက်ဆုံးပတ်တွင် စစ်ကောင်စီတပ်က ကော့ကရိတ်မြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် အာရှလမ်းမအတိုင်း ရှေ့ဆက်တိုးလာခဲ့ရာ လက်ရှိတွင် ဒေါနတောင်တန်းပေါ်ရှိ တောနော်ရေတံခွန်ဝန်းကျင်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း တော်လှန်ရေးအင်အားစုနှင့် နီးစပ်သူတချို့ထံမှ သိရသည်။
ကော့နွဲ့ရွာမှ မျဉ်းဖြောင့်တိုင်းလျှင် တောနော်ရေတံခွန်သည် ၄ မိုင်ခန့်ကွာဝေးသည်။ စစ်ကောင်စီတပ်သည် ရက်ပေါင်း ၂၀ ကျော်အကြာတွင်မှ ၄ မိုင်ထိသာ ရှေ့တိုးနိုင်သည့် အခြေအနေဖြစ်သည်။
ပူးပေါင်းတပ်နှင့် နီးစပ်သည့် အမျိုးသားတစ်ဦးကလည်း အလားတူ ပြောသည်။
“ဒေါနတောင်ကို ကျော်တော့ မကျော်သေးဘူးဗျ။ တောနော်ရေတံခွန်နားမှာလိုတော့ ကြားမိတယ်။ Cobra တို့ အခြားစစ်ကြောင်းတွေကတော့ ဟန့်တားနိုင်တုန်းပဲ ထင်တယ်။ ကြားသိရသလောက်တော့ သိပ်မတိုးနိုင်ဘူး” ဟု သူက ဆိုသည်။
ပူးပေါင်းတပ်နှင့် နီးစပ်သူ အခြားတစ်ဦးကလည်း စစ်ကောင်စီတပ်သည် စစ်ကြောင်းငယ်များ ဖြန့်ခွဲကာ ရှေ့တိုးလာနေခြင်းဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှု ပိုမိုအားပြုနေသည်ဟု ဆိုသည်။
နှစ်ဖက်ထိခိုက်ကျဆုံးမှု
ကော့ကရိတ်မြို့မှ မြဝတီသို့ သွားမည်ဆိုလျှင် အာရှလမ်းဟောင်းနှင့် အာရှလမ်းသစ် ၂ လမ်းရှိသည့်အနက် စစ်ကောင်စီစစ်ကြောင်းရောက်သည့်နေရာသည် အာရှလမ်းသစ်နှင့် ပိုနီးကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) မှ အမည်မဖော်လိုသည့် အရာရှိတစ်ဦးက ဆိုသည်။
“စစ်ကောင်စီက လမ်းသစ်ဘက်က တက်လာတယ်လို့ပဲ ပြောရမယ်။ တောနော်ရေတံခွန်က လမ်းသစ်ဘက်ကို ပေါက်တာပေါ့။ ရင်ဆိုင်တိုက်ပွဲကတော့ နည်းတယ်။ သူတို့ဘက်ကတော့ လေယာဉ်နဲ့ လာပစ်တာတွေရှိတယ်။ ကျွန်တော်တို့ဘက်က ပြောက်ကျားတိုက်တာ များပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကြောင်းတွင် စစ်သည် အင်အား ၅၀၀ ခန့်ပါပြီး တံတားထိုးယာဉ်၊ အတွဲလိုက်ပစ် ဒုံးကျည်တင်ယာဉ်နှင့် သံချပ်ကာယာဉ်တချို့လည်း ပါဝင်သည်ဟု KNU သတင်းရင်းမြစ်ထံမှ သိရသည်။
စစ်ကောင်စီ၏စစ်ကြောင်းတွင် တပ်မ (၅၅) လက်အောက်ခံ တပ်ဖွဲ့ဝင်အများစုနှင့် တပ်မ (၇၇)၊ (၄၄) တို့၏ လက်အောက်ခံ တပ်ဖွဲ့ဝင်လည်း ပါကြောင်း KNU အရာရှိတစ်ဦးက ဆိုသည်။
ဒုတပ်ချုပ်ဖြစ်သည့် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုယ်တိုင်ကွပ်ကဲနေသည်ဟု သတင်းထွက်နေသည့် ထိုစစ်ဆင်ရေးကို အောင်ဇေယျဟု အမည်ပေးထားပြီး KNU ဘက်တွင် ကော်ဘရာနှင့် ကျားသစ်နက် အပါအဝင် ထင်ရှားသည့် စစ်ကြောင်းများက ကြားဖြတ်တိုက်ခိုက်နေကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် မြဝတီမြို့တွင် ဆက်လက်အခြေပြုနေကြောင်း KNU အရာရှိတစ်ဦးက ဆိုသည်။
“စစ်ကောင်စီကတော့ ၂၇၅ မှာပဲရှိတယ်။ သင်္ဃန်းညီနောင်နဲ့ မနီးမဝေးပေါ့။ သင်္ဃန်းညီနောင်ကတော့ နဂိုအတိုင်းပါပဲ။ ကျွန်တော်တို့ကတော့ တပ်စခန်းထဲနေတယ်ဆိုတာထက် မနီးမဝေးမှာပဲ နေကြတာပါ” ဟု ၎င်းက ဆိုသည်။
အောင်ဇေယျစစ်ကြောင်းကို ကြားဖြတ်တိုက်သည့် တိုက်ပွဲအတွင်း စစ်ကောင်စီ၏ သံချပ်ကာကားအချို့အပါအဝင် လူ ၁၀၀ နီးပါးကျဆုံးသည်အထိ တိုက်ခိုက်ထားကြောင်း တော်လှန်ရေးပူးပေါင်းတပ်များနှင့် နီးစပ်သူများက ဆိုကြသည်။ ပူးပေါင်းတပ်များဘက်တွင်လည်း သေဆုံးသူများရှိသည်။
ကော်ဘရာစစ်ကြောင်းက ၎င်းတို့ တပ်ခွဲ ၃ ၏ တပ်ခွဲမှူး စောထူးဖောသည် မေလ ၂ ရက်နေ့က ရှေ့တန်းတွင် ကွယ်လွန်သွားကြောင်း သတင်းထုတ်ပြန်ထားသည်။
၄ လအတွင်း တပ်မ ၄၄ ၏ တပ်မမှူး ၃ ဦး ပြောင်းလဲမှု
နှစ်ဆန်းပိုင်းက ကော်ဘရာစစ်ကြောင်း၏ ထူးခြားသည့်၊ သတင်းလက်ဦးမှုရသည့် စစ်ဆင်ရေးတစ်ခုတွင် ထိပ်တန်းစစ်ရေးပစ်မှတ်တစ်ခုကို တိုက်ခိုက်နိုင်ခဲ့သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့က သင်္ဃန်းညီနောင်ရှိ အမှတ် (၃၅၆) ခြေမြန်တပ်ရင်းစခန်းသို့ လာသည့် ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုစစ်ဆင်ရေးတွင် တပ်မ (၄၄) ၏ တပ်မမှူးသစ် ဗိုလ်မှူးကြီးအေးမင်းနောင်၊ ခမရ ၉ ယာယီတပ်ရင်းမှူး ဗိုလ်မှူးစိုးလွင်ထွန်း၊ လေယာဉ်မောင်းများဖြစ်သည့် ဗိုလ်မှူးတိုးဦးနှင့် တခြားဗိုလ်ကြီး ၂ တို့ သေဆုံးသွားသည်ဟု သိရသည်။
ထိုဖြစ်ရပ်အပြီးတွင် တပ်မ ၄၄ တပ်မမှူးနေရာသို့ ရောက်လာသော ဗိုလ်မှူးချုပ်စိုးမင်းထက်သည်လည်း ဧပြီလအတွင်း မြဝတီမြို့တိုက်ပွဲတွင် သေဆုံးသည်ဟု သတင်းထွက်ခဲ့သည်။ စစ်ကောင်စီက ၎င်းတို့ဘက်မှ ထိခိုက်မှုသတင်းများကို အကြီးအကျယ် သတင်းအမှောင်ချထားသည်။
မကြာသေးမီက တပ်မမှူးအသစ်တစ်ဦး မြဝတီသို့ ရဟတ်ယာဉ်ဖြင့် ရောက်လာသည်ဟု KNU သတင်းရင်းမြစ်တချို့က ဆိုသည်။
ကရင်ပြည်နယ်သတင်းများကို အဓိကဖော်ပြနေသည့် Salween Press သတင်းတစ်ပုဒ်တွင် အသစ်ရောက်လာသည့် တပ်မမှူးမှာ ဗိုလ်မှူးကြီး ညီညီဦးဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
တပ်မ ၄၄ ပါဝင်သည့် အောင်ဇေယျစစ်ဆင်ရေးသည် နိုင်ငံတော်အဆင့်စစ်ဆင်ရေးကြီးဖြစ်ပြီး စစ်သည်အင်အား များပြားသလို လေတပ်ပစ်ကူ၊ ဒရုန်းအသုံးပြုမှုလည်း များပြားသည်ဟု သိရသည်။
လက်ရှိတွင် အောင်ဇေယျစစ်ဆင်ရေးနှင့် ပတ်သက်၍ စစ်ကောင်စီနှင့် KNU ၂ ဘက်လုံးက တရားဝင်သတင်းမထုတ်သော်လည်း မြေပြင်တွင် တိုက်ပွဲများဆက်ဖြစ်နေဆဲဖြစ်ကြောင်း တော်လှန်ရေးပူးပေါင်းတပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တချို့က ဆိုသည်။
စစ်ဆင်ရေးကို ရှေးခေတ်က အယုဒ္ဓယသို့ ချီတက်တိုက်ခိုက်စဉ် ပြန်လည်ဆုတ်ခွာပြီးနောက် လမ်းခရီးတွင် ကျဆုံးခဲ့ရသည့် စစ်ဘုရင် ဦးအောင်ဇေယျ၏အမည်ကို ယူထားခြင်း ဖြစ်သည်။ သို့သော်လည်း ဦးအောင်ဇေယျ ခေါ် အလောင်းဘုရားကို သူရဲကောင်းတစ်ဦးအဖြစ် မြန်မာဗိုလ်ချုပ်အဆက်ဆက်က သတ်မှတ်ထားသည်။
စစ်ရေးလေ့လာသုံးသပ်သည့် မြန်မာသုတေသီအမျိုးသားတစ်ဦးကလည်း အောင်ဇေယျစစ်ဆင်ရေးတွင် အဆိုပါ စစ်ကြောင်း ခရီးတွင်ဦးမည်မဟုတ်ဟု ဆိုသည်။
“ပူးပေါင်းတပ်တွေအဖို့ ပြောမယ်ဆိုရင် အခိုင်အမာဘန်ကာတွေ စခန်းတွေတောင် ထိုးနေတာ၊ အခုလိုလှုပ်ရှားစစ်ကြောင်းကျတော့ တိုက်ရလွယ်တာပေါ့။ ကတုတ်ကျင်းမရှိ၊ ဘန်ကာမရှိနဲ့ အပေါ်က လေကြောင်းပစ်ကူပဲရှိတယ်။ သာတာက ပူးပေါင်းစစ်ကြောင်းဘက်က သာတယ်။ အလွယ်တကူ မြဝတီရောက်ဖို့တော့ မဖြစ်နိုင်ဘူး” ဟု ၎င်းက ပြောလိုက်သည်။