သတင်း

အရပ်သား ၁၉ ဦး ဖမ်းဆီးသတ်ဖြတ်ခံရဟု ဝန်းသိုပအဖ ဆို

ပျောက်ဆုံးနေသည်ဆိုသော ၁၉ ဦး၏ ရုပ်အလောင်းများကို စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်း၊ ပင်လည်ဘူး၊ ဝန်းသိုမြို့နယ်လမ်းဆုံဖြစ်သည့် ဝင်ကြီးကျေးရွာအနီး တွေ့လိုက်ရသည်။

စစ်ကောင်စီတပ်များဖမ်းဆီးသွားပြီးနောက် ပျောက်ဆုံးနေသူ ၁၉ ဦး၏ ရုပ်အလောင်းများကို စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်း၊ ပင်လည်ဘူး၊ ဝန်းသိုမြို့နယ်လမ်းဆုံဖြစ်သည့် ဝင်းကြီးကျေးရွာအနီး ယမန်နေ့ (ဇန်နဝါရီ ၇) တွင် တွေ့ရှိခဲ့ရကြောင်း ဝန်းသိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံမှ သိရသည်။

၎င်းတို့ကို စစ်တပ်က ဖမ်းဆီးပြီးနောက် အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဝန်းသို ပအဖတာဝန်ခံက စွပ်စွဲလိုက်သည်။

သတ်ဖြတ်ခံခဲ့ရသူများသည် ထိုရွာအနောက်ဘက်ရှိ စျေးဆိုင်ရှင်များ၊ ကုန်တင်ကားမောင်းသူများနှင့် ဒေသခံများဖြစ်နိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

ဒေသခံတို့က ၆ မိုင်စခန်းဟု ခေါ်ကြသည့် ထိုနေရာသည် ကုန်တင်ကားများ ခရီးတစ်ထောက် ရပ်နားလေ့ရှိသည့်နေရာဖြစ်ပြီး ဈေးဆိုင် ၁၅ ဆိုင်ခန့်ရှိကာ အရပ်သားများနှင့် စစ်ဘေးရှောင်တချို့ နေထိုင်ကြကြောင်း သိရသည်။

ဒီဇင်ဘာ ၆ ရက်နေ့က ဝန်းသိုမြို့မှ ထွက်လာပြီးနောက် မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်သားများက ၆ မိုင်စခန်း ပတ်ဝန်းကျင်တွင် တွေ့ရသူများကို ဖမ်းဆီးခြင်းဖြစ်သည်ဟု မြို့ခံတချို့က ပြောသည်။ ထို့နောက် စစ်တပ်က လက်စားချေသည့်သဘောဖြင့် သတ်ဖြတ်ခဲ့ခြင်းဟု ဝန်းသိုမြို့နယ် ပအဖတာဝန်ခံက ပြောသည်။

“မိုင်းထိတော့ မည်းမည်မြင်ရာ အကုန်ပစ်သတ်တဲ့သဘောပါပဲ၊ ၉ ယောက်ကတော့ အစုလိုက်အပြုံလိုက် သတ်ပြီး လမ်းဘေးမှာ ချထားတာ။ နောက် ၁၀ ယောက်ကတော့ ဟိုနား တစ်လောင်း ဒီနား တစ်လောင်းပဲ” ဟု ပြောသည်။

သတ်ဖြတ်ခံရသူများမှာ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၁၇ ဦးတို့ဖြစ်ကြသည်။

သတ်ဖြတ်ခံရသူများထဲတွင် NUG ထိန်းချုပ်ထားသည့် ကောလင်းမြို့ပေါ်မှ ကုန်သည်နှင့် ကားသမား ၅ ယောက် ပါဝင်သဖြင့် ယမန်နေ့က အလောင်းများကောက်ပြီး မြို့ကို ပြန်သယ်လာကြောင်း၊ နှိပ်စက်ခံရမှုကြောင့် ရလာသည်ဟု ယူဆရသည့် ဒဏ်ရာများလည်းတွေ့ရကြောင်း ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“တစ်လောင်းက ဗိုက်ဖွင့်ထားတယ်။ အမျိုးသမီးကတော့ ဦးခေါင်း(ဖွင့်ထားတယ်)၊ အခြားအလောင်းတွေလည်း ခြေချင်းဝတ်၊ လက်သွေးလွှတ်ကြာတွေ ဖြတ်ထားတာ တွေ့ရတယ်” ဟု ဆိုသည်။

သတ်ခံရသူများမှာ စပါးပွဲစား ဒေါ်ခင်စိန်၊ ကုန်ကားပိုင်ရှင်ဖြစ်သူ ဦးသိန်းဌေးနှင့် ယာဉ်မောင်းနှင့် ယာဉ်အကူများဖြစ်သည့် သားအဖသုံးဦးဖြစ်သည့် ဦးဟိန်းဇော်၊ မောင်ထွန်းဇော်လှိုင်၊ မောင်ငထွန်းတို့ ဖြစ်ကြောင်း သိရသည်။

ကျန်ရုပ်အလောင်းများ​၏ နာမည်နှင့် အသေးစိတ်အချက်အလက်များကို မသိရှိရသေးပေ။

ဝန်းသိုမြို့မှ ထွက်လာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းသည် ၆ မိုင်အနီးရှိ သင်တောကျေးရွာတွင် တပ်စွဲထားဆဲဖြစ်ကြောင်း သိရသည်။

ဝန်းသိုနှင့် ထိစပ်နေသည့် ကောလင်းမြို့နယ်ကို အမျိုးသားညီညွတ်ရေးအစိုးရက ထိန်းချုပ်ထားသလို ကပ်လျက်ရှိ ထီးချိုင့်မြို့ကိုလည်း ထိမ်းချုပ်နိုင်ရန် တိုက်ခိုက်လျက်ရှိသည်။

 ဇန်နဝါရီ ၂ ရက်နေ့ကလည်း ကောလင်းမြို့တွင် လက်နက်ကြီး ကျရောက် ပေါက်ကွဲသဖြင့် ဒေသခံ ၆ ဦး သေဆုံးကြောင်း Myanmar Now ၏ Facebook စာမျက်နှာတွင် သတင်းဖော်ပြခဲ့ဖူးသည်။

အာဏာသိမ်းစစ်ကောင်စီကမူ ထိုပစ်ခတ်မှုမှာ ၎င်းတို့၏ လက်ချက်မဟုတ်ကြောင်း၊ ၎င်းတို့၏တပ်များ ပစ်ခတ်ခံရခြင်းဖြစ်ပြီး ကျည်ဆန်များက မြို့ထဲ ရောက်သွားခြင်းဖြစ်ကြောင်း နောက်တစ်နေ့တွင် တုံ့ပြန်ထားသည်။

“တပ်မတော်ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေရန်” ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးထားသည်။

Show More

Related Articles

Back to top button