စစ်ကောင်စီနှင့် ပူးပေါင်းသည်ဟူသောသံသယဖြင့် ဖမ်းဆီးခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုကော်မတီဝင်ဟောင်း ဦးဝင်းမြင့်အောင်ကို တစ်နှစ်နီးပါး စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောသည်။
၁၁ လကြာ အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားစဉ် ဦးဝင်းမြင့်အောင်က စုံစမ်းစစ်ဆေးမှုများကို ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု NUG က ဆိုသည်၊ စစ်ကောင်စီနှင့် ဆက်စပ်မှု ရှိမရှိ အတိအကျ မပြောပေ။
ဧပြီ ၁၇ ရက်နေ့က ပြန်လွှတ်လိုက်ကြောင်း NUG ၏ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ယနေ့ (ဧပြီ ၃၀) ပြုလုပ်သည့် NUG ၃ နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် အတည်ပြုသည်။
“စကစနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ အထောက်အထားရှိတဲ့အတွက် ဖမ်းဆီးခဲ့ပါတယ်။ အကျယ်ချုပ်သဘောမျိုးနဲ့ပဲ ထိန်းသိမ်းခဲ့ပါတယ်” ဟု ဦးလွင်ကိုလတ်က ဆိုသည်။
“အကျယ်ချုပ်ကာလမှာ ဦးဝင်းမြင့်အောင်အနေနဲ့ လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်တဲ့ အနေအထားတွေ ရှိခဲ့ပါတယ်… ဒါကြောင်မို့လို့ နေရပ်ပြန်ပို့ခဲ့ပါတယ်”
ဦးဝင်းမြင့်အောင်ကို ၂၀၂၃ ခုနှစ် ဇွန်လ ပထမပတ်က ဒီပဲယင်းမြို့ အရှေ့တောင်ဘက် ၂၂ မိုင်ခန့်အကွာ မူးကမ်းကြီးရွာတွင် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဖမ်းဆီးခဲ့သည်။
၎င်းကို ဖမ်းဆီးစစ်ဆေးစဉ် မိုခါမုန်တိုင်းသင့်ဒေသခံများအတွက် စစ်ကောင်စီထံ အကူအညီတောင်းခံထားသည့် စာရွက်စာတမ်းတချို့ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။
လအတော်ကြာ စောင့်ကြည့်ပြီးနောက် သေချာခိုင်မာသည့် အချက်အလက်များကြောင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဒီပဲယင်းမြို့နယ် ပကဖအဖွဲ့တာဝန်ခံက ထိုစဉ်က ပြောခဲ့သည်။
စစ်ဆေးခဲ့သည့် ပြည်ထဲရေးဝန်ကြီးဌာနအောက်မှ မြို့နယ်ပြည်သူ့ချုပ်ရေးအဖွဲ့ (ပအဖ) နှင့် ပြန်လည်လွတ်မြောက်လာသူ ဦးဝင်းမြင့်အောင်ကို ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။
ခြွင်းချက်ဖြင့် ပြန်လွှတ်ပေးခြင်း ဖြစ်ကြောင်း ဒီပဲယင်းမြို့နယ်ပကဖတာဝန်ခံ အမျိုးသားတစ်ဦးက ပြောသည်။
“အာမခံနဲ့ ပြန်လွှတ်တယ်လို့ပဲ သိရတာပါ၊ ကျွန်တော်တို့ (ပကဖ) ကတော့ ကနဦးသံသယနဲ့ ဖမ်းဆီးပေးလိုက်တာ။ စစ်ဆေးတာကတော့ ပြည်ထဲရေးက လုပ်တာဆိုတော့ အသေးစိတ်တော့ မသိရဘူး” ဟု သူက ဆိုသည်။
ဦးဝင်းမြင့်အောင်ကို တစ်နှစ်နီးပါး ထိန်းသိမ်းထားသော်လည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ အမှုဖွင့်၊ တရားစွဲဆိုခြင်းမရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ဒီပဲယင်းမြို့နယ် ခေါင်းဆောင်တစ်ဦးက ပြောသည်။
“ဖမ်းပြီးတော့မှ တရားမစွဲဘဲနဲ့ အမှုတွေကြာပြီးတော့ ပြန်လွှတ်လိုက်တာ၊ စဖမ်းဆီးကတည်းက အမှုစွဲတင်နိုင်ခြင်း မရှိဘူးဗျ။ ပြစ်မှုကျူးလွန်တာမျိုး တိတိကျကျမတွေ့ရဘူး၊ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်၊ လက်နက်ကိုင်လမ်းစဉ်ကို အားမပေးချင်ဘူးဆိုတာမျိုး သူက ဟောပြောတာတွေရှိတယ်” ဟု ထိုသူက ဆိုသည်။
ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ကျေးရွာတွင် နေထိုင်သူ ဦးဝင်းမြင့်အောင်သည် NLD ပါတီ မြို့နယ်ဥက္ကဋ္ဌဖြစ်သလို ပါတီ၏ ဗဟိုကော်မတီဝင်တစ်ဦးလည်း ဖြစ်ခဲ့သည်။ ၁၉၉၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတို့တွင် NLD ပါတီ ကိုယ်စားပြုပြီး ရွေးကောက် တင်မြှောက်ခံရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ဩဂုတ် ၁၈ တွင် စစ်ကောင်စီက ဦးဝင်းမြင့်အောင်ကို သွားရောက်ဖမ်းဆီးရာ မတွေ့သောကြောင့် ၎င်း၏ ဇနီး ဒေါ်ခင်အုန်းမြင့်နှင့် သားတစ်ဦး၊ ညီဖြစ်သူ ဦးစန်းလင်းတို့ကို ဖမ်းဆီးလိုက်ပြီး၊ နောက်ပိုင်းတွင် ဦးဝင်းမြင့်အောင်လည်း ဖမ်းဆီးခံရကာ ပြန်လည်လွတ်မြောက်ခဲ့သည်။
ထိုစဉ်က ဒီပဲယင်းမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ၃ ဦးဖြစ်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်၊ အမှတ် (၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်နှင်းခိုင်စိုး၊ အမှတ် (၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမင်းဝင်းတို့၏ နေအိမ်များကို ရဲနှင့် စစ်သားများက ဝင်ရောက်စီးနင်းပြီး မိသားစုဝင်တချို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီ ဖမ်းဆီးထိန်းသိမ်းထားသည့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး ပါတီရုံးဖွင့်ခွင့်၊ ပါတီပြန်လည်မှတ်ပုံတင်ခွင့်၊ ရွေးကောက်ပွဲဝင်ခွင့်ရရေး တောင်းဆိုခဲ့ကြသည့်ကိစ္စနှင့် ဆက်စပ်ကာ၂၀၂၃ ခုနှစ် မတ် ၃ တွင် NLD ပါတီ ဗဟိုအလုပ်ကော်မတီက ဦးဝင်းမြင့်အောင်ကို ထုတ်ပယ်ခဲ့သည်၊ သူနှင့်အတူ ဦးဖြိုးမင်းသိန်း (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)၊ ဒေါ်စန္ဒာမင်း (ဗဟိုကော်မတီဝင်)၊ ဦးတိုးလွင် (ဗဟိုကော်မတီဝင်) တို့ကိုလည်း ထုတ်ပယ်ခဲ့သည်။ ဒုတိယသမ္မရာထူးဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ဦးဟင်နရီဗန်ထီးယူကိုလည်း ယမန်နှစ် ဩဂုတ်လ ၉ ရက်နေ့က ထုတ်ပယ်ထားသည်။