သတင်း

NLD ဗဟိုကော်မတီဝင်ဟောင်းကို NUG လက်အောက်ခံအဖွဲ့ ဖမ်းဆီးစစ်ဆေးနေ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ထုတ်ပယ်ခံထားရသည့် စစ်ကိုင်းတိုင်းမှ လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဦးဝင်းမြင့်အောင်ကို စစ်ကောင်စီနှင့် ပူးပေါင်းသည်ဟူသော သံသယဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံအဖွဲ့များက ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။ 

ဇွန်လ ပထမပတ်က ဒီပဲယင်းမြို့ အရှေ့တောင်ဘက် ၂၂ မိုင်ခန့်အကွာ မူးကမ်းကြီးရွာအနီး ဦးဝင်းမြင့်အောင်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရွှေဘိုခရိုင် အမှတ် (၁) စစ်ဒေသကွပ်ကဲရေးရုံး၌ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရွှေဘိုခရိုင်မှ တာဝန်ခံတစ်ဦးက ပြောသည်။ 

“သူက စစ်ကောင်စီနဲ့ ပူးပေါင်းနေတာ ကြာပြီတဲ့။ ပူးပေါင်းတာ ဒီလက်ယက်ကုန်းဖြစ်စဉ်မတိုင်ခင် တစ်လလောက်ကတည်းက ပူးပေါင်းနေတဲ့အနေအထားရှိတယ်” ဟု ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းနေကြောင်း စစ်ဆေးတွေ့ရှိသည့်အတွက် လအတော်ကြာ စောင့်ကြည့်မှုပြုလုပ်ပြီးနောက် သေချာခိုင်မာသည့် အချက်အလက်များကြောင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။

မိုခါမုန်တိုင်းသင့်ဒေသခံများအတွက် စစ်ကောင်စီထံ အကူအညီတောင်းခံသော စာရွက်စာတမ်းတချို့ကိုလည်း ၎င်းထံမှ တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

“သူ့မှာ စာရွက်စာတမ်းတွေပါလာတာ ရှိတယ်။ သူ့ကို စစ်နေတာ တစ်လလောက်ရှိပြီပေါ့။ ဖြစ်သွားတဲ့ မိုခါမုန်တိုင်းပေါ့၊ မုန်တိုင်းပြီးတော့ နယ်တွင်းမှာ ပျက်စီးသွားတဲ့ နှမ်းတို့၊ မိုးစပါးတွေအတွက် ထောက်ပံ့ကြေး တောင်းမယ်ဆိုပြီးတော့ သူ့ဘက်က ဖြေရှင်းချက်ထုတ်တာပေါ့ဗျာ” ဟုလည်း သူက ဆိုသည်။

ဦးဝင်းမြင့်အောင်သည် ဒီပဲယင်းမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့များနှင့် ပတ်သက်သည့် သတင်းကို စစ်ကောင်စီထံ ပေးပို့သူဖြစ်သည်ဟု စွပ်စွဲခံနေရသည်။

အထက်ပါစွပ်စွဲချက်များနှင့် ပတ်သက်ပြီး ဦးဝင်းမြင့်အောင်၏ မိသားစုဝင်များထံမှ တုံ့ပြန်ချက် ရရှိရန် ကြိုးပမ်းသော်လည်း အဆက်အသွယ် မရသေးပေ။

ဦးဝင်းမြင့်အောင်သည် တော်လှန်ရေးအင်အားစု၏ ဖမ်းဆီးစစ်ဆေးမှုကို ရင်ဆိုင်ရသော ပထမဦးဆုံး လွှတ်တော်အမတ် ဖြစ်လာသည်။

စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ကိုင်ခြင်းသည် တော်လှန်ရေးအပေါ် သစ္စာဖောက်ဖျက်ခြင်းသာဖြစ်သည်ဟု ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များက ရှုမြင်ကြသည်။

“ဒီလူက မြို့နယ်တွင်းမှာတော့ တော်လှန်ရေးသမားတွေကို ဒုက္ခပေးတာမျိုးတော့ မကြားရဘူးပေါ့။ ဒါပေမဲ့ စစ်ကောင်စီနဲ့ပေါင်းနေတယ်ဆိုရင် ဒါ တော်လှန်ရေးအပေါ် သစ္စာဖောက်တာပဲခင်ဗျ” အထက်ပါ တာဝန်ခံက ဆိုသည်။

ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ကျေးရွာတွင် နေထိုင်သူ ဦးဝင်းမြင့်အောင်သည် NLD ပါတီ မြို့နယ်ဥက္ကဋ္ဌဖြစ်သလို ပါတီ၏ ဗဟိုကော်မတီဝင်တစ်ဦးလည်း ဖြစ်ခဲ့သည်။

၁၉၉၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတို့တွင် NLD ပါတီ ကိုယ်စားပြုပြီး ရွေးကောက် တင်မြှောက်ခံရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ဩဂုတ် ၁၈ တွင် စစ်ကောင်စီက ဦးဝင်းမြင့်အောင်ကို လာရောက်ဖမ်းဆီးရာ တိမ်းရှောင်နေသောကြောင့် ၎င်း၏ ဇနီး ဒေါ်ခင်အုန်းမြင့်နှင့် သားတစ်ဦး၊ ညီဖြစ်သူ ဦးစန်းလင်းတို့ ဖမ်းဆီးခံရပြီး၊ နောက်ပိုင်းတွင် ဦးဝင်းမြင့်အောင်လည်း ဖမ်းဆီးခံရကာ ပြန်လည်လွတ်မြောက်ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီ ဖမ်းဆီးထိန်းသိမ်းထားသည့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် စစ်ကောင်စီနှင့် ပူးပေါင်းစီစဉ်ခြင်း၊ ပါတီအမည်ကို အလွဲသုံးခြင်းများကြောင့် ၂၀၂၃ ခုနှစ် မတ် ၃ တွင် NLD ပါတီ ဗဟိုအလုပ်ကော်မတီက ဦးဖြိုးမင်းသိန်း (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)၊ ဒေါ်စန္ဒာမင်း (ဗဟိုကော်မတီဝင်)၊ ဦးတိုးလွင် (ဗဟိုကော်မတီဝင်)၊ ဦးဝင်းမြင့်အောင် (ဗဟိုကော်မတီဝင်) တို့ကို ထုတ်ပယ်ခဲ့သည်။

၂၀၂၂ နိုဝင်ဘာ ၂၃ ရက်က NLD ပါတီဗဟိုကော်မတီဝင် ဒေါ်စန္ဒာမင်းနှင့် ဧရာဝတီတိုင်း NLD တာဝန်ရှိသူ ဦးတိုးလွင်တို့ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ကာ ပါတီရုံးဖွင့်ခွင့်၊ ပါတီပြန်လည်မှတ်ပုံတင်ခွင့်၊ ရွေးကောက်ပွဲဝင်ခွင့် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button