အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ အုပ်ချုပ်ရေးနှင့် လုံခြုံရေးအဖွဲ့များ ကျင့်ဝတ်စည်းကမ်းလျော့ရဲမှု၊ ဖောက်လွဲဖောက်ပြန်မှု ပိုပို ဆိုးဝါးလာခြင်းကို ကိုင်တွယ်ဖြေရှင်းရန် တုံ့ဆိုင်းနေပါက လူထုထောက်ခံမှု ကျဆင်းပြီး တော်လှန်ရေးကာလကြာမြင့်နိုင်သည်ဟု ထင်ရှားသည့် သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းက ဝေဖန်လိုက်သည်။
အစိုးရနှင့် တော်လှန်ရေးအင်အားစုတို့၏ အဖွဲ့အစည်း၊ ယန္တရား ကောင်းမွန်စွာတည်ဆောက်နိုင်မှ တော်လှန်ရေးအောင်မြင်မှု မြန်ဆန်မည်ဟု ၎င်းက facebook စာမျက်နှာတွင် ယမန်နေ့ (မေ ၁) ရက်စွဲဖြင့် ဝေဖန် ရေးသားလိုက်ခြင်း ဖြစ်သည်။
NUG ၏ အုပ်ချုပ်ရေးလုပ်ငန်းစဉ် လည်ပတ်ရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ရဲလုပ်ငန်းဆောင်ရွက်သည့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တို့ကို ဖွဲ့စည်းထားရာ “ပသုံးလုံး” ဟု လူသိများသည်။ ပသုံးလုံးယန္တရားနှင့် လူထုကြား ပွတ်တိုက်မှုများမှာ ၂၀၂၃ တွင် ပိုမိုကျယ်ပြန့်လာပြီး ၂၀၂၄ နှစ်ဆန်းပိုင်းတွင် စုဝေးဆန္ဒပြခံရသည်အထိ ဖြစ်လာသည်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင်လည်း ပအဖအဖွဲ့ဝင်ကို ပြုပြင်ပြောင်းလဲပေးရန် လူထုက ဆန္ဒပြတောင်းဆိုခဲ့သည်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင်လည်း ပလဖ၏ ဖမ်းဆီးမှုကို မကျေနပ်သည့် လူထုက ယခုနှစ်ဆန်းပိုင်းတွင် ဆန္ဒပြခဲ့ကြသည်။
ဤအခြေအနေတွင် NUG ၏ ယန္တရား ပြုပြင်ရန် လိုအပ်နေပြီဟူသော ဒေါက်တာတေဇာစန်း၏ ဝေဖန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
“အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ ဘဏ္ဍာရေး၊ လူမှုဝန်ဆောင်ရေး အစရှိတဲ့ ကဏ္ဍအလိုက် အဖွဲ့အစည်းယန္တရားတွေကို မူဝါဒအရကော လက်တွေ့မြေပြင်မှာပါ ဘယ်လောက်ထိ အကောင်းဆုံး တည်ဆောက်နိုင်မလဲဆိုတာသည် ဒီတော်လှန်ရေး ဘယ်တော့ပြီးမလဲဆိုတာကို အဓိက အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်” ဟု ဒေါက်တာတေဇာစန်းက ရေးသားထားသည်။
မန္တလေးတွင် အာဏာသိမ်းစစ်တပ်ကို လမ်းပေါ်ထွက်ပြီး ဆန့်ကျင်ဆန္ဒပြရန် ဦးဆောင်ခဲ့သည့် ဒေါက်တာတေဇာစန်းသည် ယခုအခါ သူ၏ဇာတိ အညာဒေသအပါအဝင် တော်လှန်ရေးအင်အားစု လှုပ်ရှားသည့် နယ်မြေများတွင် ကွင်းဆင်းလှုပ်ရှားနေသည်။
အဓိက ကျင်လည်ဖြတ်သန်းဖြစ်နေသည့် အညာဒေသကို အခြေခံပြီး ပြောရလျှင် တော်လှန်ရေးအင်အားစုများနှင့် လူထုကြား ပွတ်တိုက်မှုများကို အဖြေမရှာနိုင်ပါက တော်လှန်ရေးအပေါ် လူထု စိတ်ပျက်သွားစေနိုင်ကြောင်း သူက ထောက်ပြသည်။
“အချိန်မီအတွင်းမှာ အကောင်းဆုံးဖြစ်အောင် တည်ဆောက်ပြုပြင်နိုင်တယ်ဆိုရင် ဒီတော်လှန်ရေးဟာ “တာလတ်” အတွင်းမှာ အောင်ပွဲဆင်နိုင်ပါတယ်။ အဲ့ဒီလိုမဟုတ်ဘဲ ဆိုးသထက်ဆိုး၊ ပျက်သထက်ပျက်သွားရင်ဖြင့် ပြည်သူက တော်လှန်ရေးအပေါ်မှာ ပိုပြီး စိတ်ပျက်သွားပါလိမ့်မယ်။ ပြည်သူအများစုက တော်လှန်ရေးနဲ့ ကင်းကွာပြီး “ကြားနေ” တွေ ဖြစ်သွားပါလိမ့်မယ်။ အချို့တွေက “မထူးပါဘူးကွာ” ဆိုပြီး ရန်သူနဲ့ နီးစပ်သွားပါလိမ့်မယ်” ဟု သူက ရေးသားထားသည်။
NUG အစိုးရကို ပြည်သူ့အားကိုးယုံကြည်မှု မြင့်မားသလို NUG အစိုးရက ယူထားရသည့် တာဝန်များ ကြီးမားကြောင်းလည်း သူက ဆိုသည်။
အမှုဖြစ်ပြီး အရေးယူခံရတော့မည်ဆိုလျှင် အဖွဲ့တချို့က NUG လက်အောက်ခံ မဟုတ်ကြောင်း ရုတ်တရက် ကြေညာတတ်ကြသည်၊ ထိုသို့ NUG ၏ အထောက်အပံ့နှင့် ဩဇာအလွဲသုံးစားလုပ်သည့် အဖွဲ့များ၏ ပြဿနာလည်း ရှိသည်ဟု သူက ထောက်ပြသည်။
ဒေါက်တာတေဇာစန်း၏ ဝေဖန်ချက် ထွက်ပေါ်မလာမီက တော်လှန်ရေးအင်အားစု သိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်း မော်လူးမြို့တွင် သစ်လုပ်ငန်းနှင့် ပတ်သက်ပြီး မြို့နယ်ပအဖ၏ ဆုံးဖြတ်ချက်ကို မကျေနပ်သဖြင့် လူထုက ဆန္ဒပြခဲ့ပြီး၊ အုပ်ချုပ်ရေးမှူးတချို့ ရာထူးမှ နုတ်ထွက်ထားသည်။
ဒေါက်တာတေဇာစန်းက ဝန်ကြီးဌာနများအနေဖြင့် ဒေသန္တရအဆင့်ပြဿနာများကို လျှော့ပေါ့တွက်ဆခြင်း မပြုရန် မှတ်ချက်ပေးသည်။
ပြဿနာ၊ မတရားမှုစွပ်စွဲချက်တို့နှင့် ပတ်သက်ပြီး ဖွင့်ချတိုင်ကြားပါက တော်လှန်ရေး၏ ပုံရိပ်၊ NUG အစိုးရ၏ ပုံရိပ် ထိခိုက်သွားမည်ကို စိုးရိမ်ကြောင်း၊ အထက်အဖွဲ့အစည်းအဆင့်ဆင့်သို့ တိုင်ကြားလိုသူတို့ကလည်း မည်သို့ တိုင်ကြားရမည်ကို မသိသလို အခြေအနေပိုဆိုးမည်ကို ကြောက်ကြကြောင်း သူက ထောက်ပြသည်။
“တိုင်တန်းလိုက်လို့ အထက်က အရေးယူဖို့ဆိုတာက သိပ်မသေချာဘူး၊ သေချာတာက အတိုင်ခံရတဲ့ ပအဖ၊ ပကဖ၊ ပလဖ၊ PDF တွေက အဲ့ဒီတိုင်တဲ့သူအပေါ် အမြင် လုံးဝမကြည်တော့ပါဘူး။ အားလုံးလိုလိုကလည်း အတိုအရှည် ဗျောက်တွေနဲ့မို့ လက်နက်မဲ့ ပြည်သူခမျာ တကယ်ကြောက်ကြရပါတယ်” ဟု သူက ရေးသားထားသည်။
NUG လက်အောက်ခံ မဟုတ်သည့် ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့ငယ်များတွင်လည်း အလားတူ အလွဲအမှားနှင့် ပြဿနာ ရှိနေသည်ဟု သူက ဆိုသည်။
စစ်ကိုင်းတိုင်းမှ မြေပြင်သပိတ်တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် မချောစုဟန်ကလည်း ဒေါက်တာတေဇာစန်းကဲ့သို့ ထောက်ပြသည်။
မြေပြင်မှ လူထုအသံကို နားထောင်ကြရန်၊ ပြစ်မှုကျူးလွန်သူများကို မျက်နှာမလိုက်ဘဲ ထိထိရောက်ရောက် အရေးယူကြရန် အရေးကြီးကြောင်း မချောစုဟန်က ပြောသည်။
“ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ အရေးယူဆောင်ရွက်မှုတွေကို ဘက်မလိုက်ဘဲနဲ့ ဝန်ကြီးဌာနတွေဘက်က လျင်လျင်မြန်မြန် ဆောင်ရွက်ပေးဖို့လိုပြီ” ဟု မချောစုဟန်က ဆိုသည်။
NUG ၏ တုံ့ပြန်မှု
ဒေါက်တာတေဇာစန်း၏ ဝေဖန်ချက်နှင့် ပတ်သက်ပြီး NUG ၏ တုံ့ပြန်ချက်ကို ရယူနိုင်ခြင်း မရှိသေးပေ။
သို့သော်လည်း NUG ဝန်ကြီးတစ်ဦးက မြို့နယ်တချို့တွင် ပွတ်တိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အနည်းစုသာဖြစ်ပြီး ကိုင်တွယ်ဖြေရှင်းပေးနေကြောင်း ဧပြီ ၃၀ ရက်နေ့က ပြုလုပ်သည့် NUG သုံးနှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
အုပ်ချုပ်ရေးယန္တရားအတွင်းရှိ ပုဂ္ဂိုလ်များ၏ မလျော်ကန်သည့် ဆောင်ရွက်ချက်များနှင့်ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တိုင်ကြားစာကော်မတီများ၊ ကြားကာလအုပ်ချုပ်မှုဗဟိုကော်မတီက ဖွဲ့စည်းထားသည့် ဗဟိုတိုင်ကြားစာကော်မတီ စသည့် နေရာများသို့ တိုင်ကြားနိုင်သည်ဟု NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်က ရှင်းလင်းပွဲတွင် ပြောသည်။
တိုင်ကြားလာမှုများအနက် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနအောက် လက်နက်ကိုင်အဖွဲ့များ၏ ကျူးလွန်မှုမှာ အများဆုံးဖြစ်ပြီး ကိုင်တွယ်ဖြေရှင်းနေသည်ဟု ၎င်းက ဆိုသည်။
“အဲ့ဒါနဲ့ပတ်သက်ပြီး ယန္တရားလည်း သေချာတည်ဆောက်ထားတယ်၊ အမှုတွေကို လက်တွေ့ကျကျစစ်နေပါတယ်။ ဒါပေမဲ့ အမှုဖြစ်တဲ့အခါကျတော့ ထင်သလောက်တော့ မြန်မြန်ဆန်ဆန်နဲ့ အဖြေထွက်အောင် လုပ်လို့မရဘူးဖြစ်တာပေါ့” ဟု ဦးလွင်ကိုလတ်က ပြောသည်။
ထို့ပြင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် လာမည့် လပိုင်းအတွင်း NUG ၏ စုံစမ်းရေးကော်မတီတစ်ခု မြေပြင်တွင် ဖွဲ့စည်းဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။
အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ခုခံမှု သုံးနှစ်ကျော် ကြာမြင့်လာရာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် စစ်တပ်နယ်မြေစိုးမိုးမှု ကျုံ့လာပြီး တော်လှန်ရေးအင်အားစု နယ်မြေစိုးမိုးမှု အားကောင်းလာကာ ဒေသတချို့တွင် NUG ၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသည်။