သတင်း

ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှုနှင့် စစ်ထောက်လှမ်းရေးအစီရင်ခံစာ

လွန်ခဲ့သော နှစ် ၂၀ က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကြည်ရွာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို တိုက်ခိုက်သူများမှာ စစ်တပ်က ဖွဲ့စည်းသော လူမှုရေးအသင်းမှ အသင်းဝင်များ၊ စွမ်းအားရှင်များဖြစ်သည်ဟု Myanmar Now က ဖတ်ခွင့်ရခဲ့သည့် ထောက်လှမ်းရေးအစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

၂၀၀၃ မေ ၃၀ ရက်နေ့ ဖြစ်ရပ်ကို အမှတ် (၁) ထောက်လှမ်းရေးတပ်က အထက်သို့ တင်ပြသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီဝင်များ လိုက်ပါလာသည့် ယာဉ်တန်းကို ကြိုတင်စောင့်ဆိုင်းနေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်များနှင့် စွမ်းအားရှင်များက ရိုက်နှက်ခြင်းဖြစ်သည်။ အမျိုးသမီးများကို အင်္ကျီဆွဲချွတ်ကာ ဆွဲကြိုးများဖြုတ်ယူသလို အမျိုးသားများထံမှ နာရီဆွဲဖြုတ်သည်၊ ပါလာသည့် ပစ္စည်းများကိုလည်း လုယူကြသည်။

ရိုက်နှက်သူများက “အကုန်အသေသတ်ခိုင်းတာ၊ သေရဲလား” ဟု မေးမြန်းကာ ရိုက်နှက်အပြီးတွင် “ငါတို့စွမ်းအားတွေ စုံရဲ့လား ကျန်နေဦးမယ်” ဟု ပြောဆိုကြောင်းလည်း ထောက်လှမ်းရေးမှတ်တမ်းတွင် တွေ့ရသည်။

အမှတ် (၁) ထောက်လှမ်းရေးတပ်၏ ဒီပဲယင်းဖြစ်စဉ်နှင့် ပတ်သက်သည့် အစီရင်ခံစာ (ဓာတ်ပုံ – Project – BSA)

ထိုသို့ရိုက်နှက်အပြီး သန်းခေါင်ချိန်တွင် ဗိုလ်မှူးကြီးအဆင့်ရှိသူ၊ ရဲမှူးကြီးအဆင့်ရှိသူနှင့် ရဲအင်အား ၄၀ ခန့် အခင်းဖြစ်ရာနေရာသို့ ရောက်ရှိလာပြီး သေဆုံးသူများကို ကားပေါ်တင်သွားကြသည်ဟုလည်း မှတ်တမ်းတွင် တွေ့ရသည်။

ထို့နောက် ကားနှစ်စီးစီကို ခေါင်းချင်းဆိုင်စေကာ ယာဉ်တိုက်မှု ဖြစ်ပွားသည့်ပုံသဏ္ဌာန်ပြုလုပ်ပြီး ရုပ်သံမှတ်တမ်းတင်၊ ဓာတ်ပုံရိုက်ကာ ဒီပဲယင်းမြို့သို့ ပြန်လည်ထွက်ခွာသွားကြသည်။

ထိုနေ့မတိုင်မီ ကားတန်းကို ကြံ့ဖွံ့အသင်းဝင်များက မေ ၂၇ ရက်နေ့ကတည်းက စိုင်ပြင်ကြီးကျေးရွာတွင် လာရောက် စောင့်ဆိုင်းနေကြသည်ဟု ဆိုသည်။ မှန်လုံကား ၅ စီးဖြင့် လာရောက်ကြသည့် ရဲများ၊ ကြံ့ဖွံ့အသင်းဝင်များကို စိုင်ပြင်ကြီးကျေးရွာ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးဥက္ကဋ္ဌ ဦးလှသိန်းနှင့် စခန်းမှူးကြည်ဝင်းတို့ ဦးစီးကြောင်းလည်း ထောက်လှမ်းရေးမှတ်တမ်းတွင် တွေ့ရသည်။ ကျေးရွာဥက္ကဋ္ဌနှင့် စခန်းမှူးတို့က ထိုသူများ ထမင်းကျွေးကာ ငွေ ၅၀၀ စီ ပေးကြောင်းလည်း မှတ်တမ်းတင်ထားသည်။

ရန်ကုန်မှ မြန်မာပြည်အထက်ပိုင်းသို့ ခရီးထွက်လာသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီဝင်များ ဖြတ်သန်းရာလမ်းတွင် အထက်မြန်မာပြည် ထောက်လှမ်းရေးတပ်ဆွယ်အသီးသီးက ခရီးစဉ်အကြောင်း စုံစမ်းထောက်လှမ်းပြီး အထက်သို့ အစီရင်ခံထားသည်များကိုလည်း Myanmar Now က ဖတ်ရှုခွင့်ရခဲ့သည်။

အထက်မြန်မာပြည်ထောက်လှမ်းရေးက ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ကို နောက်ယောင်ခံ မှတ်တမ်းတင်ထားပုံ (ဓာတ်ပုံ – Project – BSA)

လုပ်ကြံမှု မဖြစ်ပွားမီ ၁၀ ရက်အလို မေ ၁၉ ရက်စွဲဖြင့် ရေးထားသော အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တန်ပြန်ထောက်လှမ်းရေးဌာန၏ အစီရင်ခံစာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွင်း မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ကြံ့ဖွံ့အသင်းဝင်များသည် အချိန်ပြည့် ရုံးထိုင်ကွပ်ကဲမည်၊ ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ ဆိုင်းဘုတ်များကို အသင့်ပြင်ထားမည်၊ အသင်းဝင်အင်အား ၃၀၀ ခန့်ကိုလည်း အရပ်ဝတ်များဖြင့် အသင့်စုစည်းထားမည်ဟု ဖော်ပြထားသည်။

မေ  ၃၀ ညပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် ဒီပဲယင်းလူသတ်မှုမှ ပြန်လည်လွတ်မြောက်လာသူများ၏ အဆိုအရ သေဆုံးသူ ဆယ်ဂဏန်း ရှိနိုင်သည်ဟု ဆိုကြသည်။ သို့သော် ထောက်လှမ်းရေး၏ အစီရင်ခံစာတွင် ၇၀ နီးပါး ဒဏ်ရာရပြီး ၄ ဦး သေဆုံးသည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ကို နှောင့်ယှက်ရန် ကြိုတင်ပြင်ဆင်ထားသည့် ကြံ့ဖွံ့အသင်းဝင်များနှင့် ပတ်သက်သည့် အစီရင်ခံစာ (ဓာတ်ပုံ – Project – BSA)

ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ စစ်ထောက်လှမ်းရေးခေါင်းဆောင် ဗိုလ်ချုပ်ခင်ညွန့်က သူရေးသားသည့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလထုတ် “ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝအထွေထွေ” စာအုပ်တွင် အနည်းငယ် ဖော်ပြထားသည်။

“နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) က ကျွန်တော်တို့ လူကြီးပိုင်း ငါးယောက်ခြောက်ယောက်ကို သူ့အခန်းသို့ ခေါ်လိုက်ပါသည်။ ကျွန်တော်တို့လည်း စုံရော တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းကို တားဆီးရမယ်၊ ဖြစ်တဲ့နည်းနဲ့ တားဆီးရမယ်လို့ ပြောပါသည်။ ထိုအချိန်တွင် ကျွန်တော်ကပဲ အကြမ်းဖက် တားဆီးတာမျိုး မလုပ်သင့်ကြောင်း ပြောသောအခါ ကျွန်တော့်တင်ပြမှုကို လူကြီးက သဘောမတူပါ။ အဲ့ဒါကလည်း ကျွန်တော့်အတွက် ကောင်းသည်ဟု မြင်ပါသည်။ အဲ့ဒီမှာတင်ပဲ ဒီကိစ္စနှင့် ပတ်သက်၍ ကျွန်တော့်ကို လုံးဝတာဝန်မပေးတော့ဘဲ ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းကို ဦးဆောင်စေကာ အဖွဲ့ဝင်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်ကို လိုက်ပါစေလျက် ရဟတ်ယာဉ်ဖြင့် မုံရွာသို့ စေလွှတ်လိုက်ပါသည်” ဟု ဗိုလ်ခင်ညွန့်က ရေးသည်။

နအဖ အတွင်းရေးမှူး (၂) ဖြစ်သူ ကွယ်လွန်သူ ဗိုလ်ချုပ်စိုးဝင်း၏ ၂၀၁၄ ခုနှစ် ဇွန်လထုတ်  “မမျှော်လင့်သော ခရီးရှည်” စာအုပ်တွင်မူ “ဒီပဲယင်းပြဿနာသည် NLD နှင့် ပြည်ခိုင်ဖြိုးအကြား နိုင်ငံရေးအရ အားပြိုင်မှုဖြစ်စဉ်များထဲမှ မမျှော်လင့်ဘဲ ဖြစ်ပွားခဲ့ရသော သာမန်ထက်ပိုသည့် ရုန်းရင်းဆန်ခတ်မှုတစ်ခုဖြစ်သည်။ သာမန်ထက်ပိုသောဟု ဆိုရခြင်းမှာ ထိုဖြစ်စဉ်တွင် NLD ခေါင်းဆောင် ဦးတင်ဦးနှင့် ဒေါ်စုကြည်တို့ ပါဝင်ပတ်သက်နေသောကြောင့် ဖြစ်သည်ဟု စွပ်စွဲရေးသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ဗိုလ်ချုပ်စိုးဝင်း၏ စာအုပ်တွင် ပဲလှော်ကြား ဆားညပ်သည်ဟု ဖုံးကွယ်ထားသည်ကို တွေ့ရသည်။

“ကျွန်တော့်အပေါ်တွင် အတော်လေး ဂယက်ရိုက်မှုရှိခဲ့သည်။ ဖြစ်စဉ်တစ်ခုလုံးသည် ကြိုတင်စီစဉ်ထားသည်ဟုပင် စွပ်စွဲကြသည်။ အထူးသဖြင့် ဒေါ်စုကြည်ကို အသေသတ်ရန်အထိ ကြိုတင်ကြံစည်မှုဟု ဆိုသူက ဆိုကြသည်။ ထိုသို့မဟုတ်ပါဟု ပြောလျှင်လည်း ယုံရခက်သော အနေအထားဖြစ်နေသည်။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ကတော့ ပဲလှော်ကြား ဆားညပ်တာဟု ပုံခိုင်းပြီး ပြောသည်” ဟု သူ၏ စာအုပ်တွင် ရေးသားသည်။

ထိုလူသတ်မှုနှင့် ပတ်သက်၍ ထိပ်တန်းဗိုလ်ချုပ်ကြီး ၂ ဦးလုံးက ခေါင်းရှောင်ထားသည်ကို ယင်းတို့ရေးသားခဲ့သည့် စာအုပ်များတွင် တွေ့ရသည်။

ဒီပဲယင်းဒေသ လူသတ်မှုများကို ကြီးကြပ်ခဲ့ခြင်း မရှိသော်လည်း တာဝန်ခံရပါမည်ဟု ဗိုလ်ချုပ်ခင်ညွန့်က ရေးသည်။

“ထိုအချိန် တိုင်းမှူးကတော့ ဗိုလ်မှူးချုပ်စိုးနိုင်ဖြစ်ပါသည်။ အသေးစိတ် စီစဉ်ညွှန်ကြားမှုတွေတော့ မသိတော့ပါ။ သို့သော် ထောက်လှမ်းရေးတပ်ဖွဲ့တွေက တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းမှာ တိုင်းမှူး၏ ကွပ်ကဲမှုအောက်မှာ ရှိနေတာကြောင့် တချို့ဖြစ်စဉ်တွေကို ကျွန်တော်သိနေရတာ အမှန်ပဲ ဖြစ်ပါသည်။ ထို့ကြောင့် ဖြစ်စဉ်ကြီးတစ်ခုလုံးမှာ ကျွန်တော် ဦးဆောင်ပါဝင် ဆောင်ရွက်ရခြင်း မဟုတ်သော်ငြားလည်း ကျွန်တော်သည် အစိုးရအဖွဲ့ဝင် ထိပ်ပိုင်းခေါင်းဆောင်တစ်ယောက်ဖြစ်တာကြောင့် ကျွန်တော့်မှာလည်း တာဝန်ရှိသည်ဟု ခံယူပါသည်။ အစိုးရအဖွဲ့ဆိုတာ အဖွဲ့ဝင်အားလုံး တိုင်ပင်ခြင်း အသိပေးခြင်းဖြင့် လုပ်ငန်းတစ်ခုကို အကောင်အထည်ဖော်ရတာ ဖြစ်တာကြောင့် ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် ဖြစ်ပေါ်လာသည့် အကြောင်းတရားနှင့် အကျိုးဆက်များအပေါ်မှာ အစိုးရအဖွဲ့ဝင်အားလုံးမှာ တာဝန်ရှိကြတာပါပဲ။ အားလုံးက တာဝန်ခံကြရမှာဖြစ်ပါတယ်” ဟု ဗိုလ်ခင်ညွန့်က ရေးသည်။

ဒီပဲယင်းဖြစ်စဉ် ပေါ်ပေါက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ၆ နှစ် ထပ်မံ ထိန်းသိမ်းချုပ်နှောင်ကာ၊ NLD ရုံးချုပ်ကို ချိပ်ပိတ်ပြီး ရိုက်နှက်ခံရသူများကိုလည်း ထိုစဉ်က စစ်အစိုးရက ထောင်ချလိုက်သည်။

လွန်ခဲ့သည့် အနှစ် ၂၀ ဒီပဲယင်းလူသတ်မှုဖြစ်စဉ် ပေါ်ပေါက်ခဲ့စဉ်က လူမှုရေးအသင်းအဆင့်သာ ရှိသေးသော စစ်တပ်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းသည် ယခုအခါ စစ်တပ်၏ ပါတီအဖြစ် ရပ်တည်နေသည်။

NLD ပါတီကမူ ရုံးများ ဖွင့်ရန် အခွင့်အရေးမရသည့်အပြင် ခေါင်းဆောင်များ၊ ပါတီဝင်များ၊ ထောက်ခံသူများ ဖမ်းဆီး၊ အကျဉ်းချ၊ သတ်ဖြတ်ခံနေရသည်။

ထိုစဉ်က စစ်တပ်၏ အစီအစဉ်နှင့် သတ်ဖြတ်မှု၊ ရိုက်နှက်မှု၊ ဖမ်းဆီးပြီး ထောင်ထဲသို့ ပို့မှုများမှာ ဒီပဲယင်းတွင်သာ ဖြစ်ပွားခဲ့သည်၊ ၂၀၂၁ ဖေဖော်ဝါရီလဆန်း အာဏာသိမ်းမှုအပြီးတွင်မူ တစ်နိုင်ငံလုံးတွင် ထိုအမှုများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button