
စက်တင်ဘာ ၂၉ နံနက်တွင် သံခြေချင်း ခတ်ခံထားရသော ကိုပြည့်ဖြိုးအောင်အပါအဝင် အကျဉ်းသား ၁၅ ဦးခန့်နှင့် ရဲ ၄ ဦး လိုက်ပါလာသည့် အချုပ်ကားသည် မန္တလေးတိုင်း၊ ကျောက်ဆည်ရဲစခန်းမှ အိုးဘိုထောင်သို့ သွားနေသည်။
အသက် ၁၉ နှစ်ဝန်းကျင် ကိုပြည့်ဖြိုးအောင်နှင့် အခြား ၄ ဦးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များ ဖြစ်သည်။ ကျန်အကျဉ်းသားများအနက် ၃ ဦးမှာ နိုင်ငံရေးအကျဉ်းသားများဖြစ်သည်။
မန္တလေးအခြေစိုက် ပြောက်ကျားအဖွဲ့များက အချုပ်ကားကို လမ်းတွင် ဟန့်တားပြီး PDF အဖွဲ့ဝင်များကို ကယ်ထုတ်မည်ဟူသော သတင်းစကားကို ကြိုတင်ရရှိထားခြင်းကြောင့် သူ အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း ရဲဘော်ရဲဘက်များကို ယုံကြည်မှုအပြည့်ရှိသဖြင့် စိုးရိမ်ကြောက်ရွံ့မနေပေ။
မန္ထလေးမြို့မြောက်ဘက်ရှိ အိုးဘိုထောင်ကို ရောက်ဖို့ မန္တလေးမြို့ကို ဖြတ်ရဦးမည်။ မန္တလေးမြို့၏နယ်နိမိတ်ကို ရောက်လျှင် လမ်းတစ်ဝက်ကျိုးမည် ဖြစ်သည်။ မည်သည့်နေရာတွင် PDF အဖွဲ့တို့ ရုတ်တရက် ပေါ်လာမည် မသိသော်လည်း သူတို့မှာမူ အစွမ်းကုန် နားစွင့်ထားကြသည်။
သူတို့ ရရှိထားသည့် သတင်းစကားထဲတွင် “ကားကို နှစ်ချက်လာပုတ်ရင် ခေါင်းတွေငုံ့ထားကြ” ဟူသော သတိပေးချက်လည်း ပါဝင်သည်။
နံနက် ၈ နာရီခန့်တွင် ကားက မန္တလေးမြို့အဝင်နှင့် တစ်မိုင်ခန့်အကွာ မြစ်ငယ်တံတားသို့ ရောက်လာသည်။
ထိုအချိန်မှာပင် ကားကိုယ်ထည်ကို လက်ဖြင့် ပုတ်လိုက်သည့် အသံ နှစ်သံ ထွက်ပေါ်လာရာ သူတို့ အချုပ်ကားကြမ်းပြင်ပေါ် ဝပ်ချလိုက်သည်။ များမကြာမီ ပစ်ခတ်သံများ တရစပ် ထွက်ပေါ်လာပြီးနောက် အချုပ်ကား ရပ်တန့်သွားလေသည်။
“မြစ်ငယ်တံတားကို ကျော်တော့ ပစ်သံတွေကြားရတယ်။ ကျွန်တော်တို့ နောက်ခန်းထဲက ရဲနှစ်ယောက်က ပွဲချင်းပြီး သေသွားတယ်။ ပြီးတော့ ရှေ့ခေါင်းခန်းက အပြင်ထွက်တဲ့ ရဲလည်း ဒဏ်ရာရနေတယ်။ အဲဒီအခွင့်အရေးကို ယူပြီးတော့ အကုန်ဆင်းပြေးကြတာ” ဟု သူက ပြန်ပြောပြသည်။
“ရှေ့ခန်းက နှစ်ယောက်က အူဇီတစ်လက် ပါတယ်။ အဲဒီတစ်ယောက်ကလည်း ခေါင်းခန်းကနေ ပစ်နေတာ။ သူ့ကျည်ဘောက်က အကုန် ကုန်သွားတယ် ထင်တယ်၊ အဲဒီမှာ ကားပေါ်က ဆင်းသွားတယ်။ ဆင်းပြီးချိန်ပဲ သူ့မှန်သွားပြီး ဒဏ်ရာရသွားတယ်၊ ဗိုက်မှာရော၊ ပေါင်မှာရော သွေးတွေမြင်လိုက်ရတယ်”
ပစ်ကွင်းဖြစ်နေသော အချုပ်ကားနှင့် ဝေးရာသို့ အားလုံး ထွက်ပြေးကြသော်လည်း သူနှင့် အခြားတစ်ဦးကိုသာ PDF တို့ ကယ်ထုတ်နိုင်ခဲ့သည်ဟု လွတ်မြောက်နယ်မြေတစ်နေရာ ရောက်နေသော ကိုပြည့်ဖြိုးအောင်က Myanmar Now ကို ပြောသည်။
PDF က ရဲများကို ပစ်ခတ်နေစဉ် အကျဉ်းသားတစ်ဦးကို တင်ဆောင်လာသော ရဲကားတစ်စီးကလည်း ရောက်လာသည်။
ကားပေါ်မှ ရဲတစ်ဦးက ပစ်ခတ်ရာ ခြေချင်းတန်းလန်းနှင့် ပြေးနေသော အကျဉ်းသားတချို့ ထိမှန်သွားသည်ဟု ဆိုသည်။
“အတိုက်ခံရပြီးတော့ ကျွန်တော်တို့ ထွက်ပြေးတဲ့အချိန်မှာ ကားပေါ်က ဆင်းပြီး လိုက်ပစ်တာ။ သေနတ်သံတွေကတော့ ဆူညံနေတာ။ ဟိုဘက်ဒီဘက် ပစ်ကြတာ” ဟု ကိုပြည့်ဖြိုးအောင်က ပြောသည်။
“နောက်က ကားပေါ်က ရဲက ဆင်းလာပြီး ပစ်တဲ့အချိန် ကျွန်တော် လက်ကို မှန်တယ်၊ နောက်တစ်ယောက်က ခြေထောက်ကို မှန်တယ်။ မှန်လျက်နဲ့ပဲ ဆက်ပြေးခဲ့ကြတာ။ သူကတော့ ခြေသလုံးကို ထုတ်ချင်းပေါက် မှန်သွားတာ၊ ခြေချင်းတွေနဲ့ ဆက်ပြေးကြတာပေါ့။ အဲဒီကမှ လာကယ်တဲ့အဖွဲ့နဲ့ တွေ့ပြီးတော့ အခုတော့ လွတ်မြောက်လာတာပေါ့”
အခြားကျဉ်းသားများ မည်သို့ဖြစ်ပျက်ပြီး ကျန်ရစ်ခဲ့သည်ကို မသိရသေးပေ။
PDF အဖွဲ့ဝင်များနှင့် နိုင်ကျဉ်းများကိုသာ ပြောက်ကျားအဖွဲ့တို့ ကယ်ထုတ်ကြမည်ဖြစ်သည်။
သို့သော်လည်း ၂ ဦးကိုသာ ကယ်ထုတ်နိုင်ခဲ့သည်။
“ကျွန်တော်တို့ ၂ ယောက်ကတော့ နောက်ကို ပြေးတာ။ ၆ ယောက်က ရှေ့ကို ပြေးတယ်၊ ၆ ယောက် ပြေးတဲ့အဖွဲ့ကို လက်နက်ပါသွားလို့ဆိုပြီးတော့ သူတို့နောက်ကို (ရဲက) လိုက်ရင်းနဲ့ ပြန်မိသွားတယ်။ ၄ ယောက်က နေရာတင် ပြန်မိသွားပြီးတော့ ၂ ယောက်က တော်တော်ပြေးလိုက်နိုင်ပေမဲ့ ပြန်မိသွားတယ်” ဟု သူက ရှင်းပြသည်။
“ကျွန်တော့် အစ်ကိုလိုလည်းဖြစ်နေတဲ့ ရဲဘော်တစ်ယောက်က ပြန်ပါသွားတယ်။ လွတ်လာတယ်ဆိုပေမဲ့ အကုန်လုံး မဟုတ်ဘူးလေ။ ပြေးတုန်းကတော့ လွတ်မြောက်ရေးအတွက် ကြိုးစားနေရတာပေါ့။ ကိုယ့်ကိုလည်း လိုက်ပစ်နေတယ်၊ ကျည်ဆန်တွေက ကိုယ့်လည်းမှန်တယ်၊ လက်မောင်းထဲမှာ ကျည်ဆန်က စိုက်ဝင်နေတာ။ ပစ်ခတ်ခံရတာတွေက အရင်တုန်းကတည်းက ကြုံပြီးသားဆိုတော့ သိပ်မထူးဆန်းဘူး” ဟု ထိုလူငယ်က ပြောသည်။

TKF အဖွဲ့၏ အစီအစဉ်
PDF အဖွဲ့ဝင် ၅ ဦး အဖမ်းခံရသည့် ဧပြီလကတည်းကပင် မြစ်ငယ် PDF နှင့် ညှိနှိုင်းပြီး ကယ်ဆယ်ရေးအစီအစဉ်ကို ရေးဆွဲကြကြောင်း အမရပူရအခြေစိုက် Truth K Force (TKF) အဖွဲ့မှ တာဝန်ခံ ဗိုလ်နေလင်းက ပြောသည်။
“ကျွန်တော်တို့ အများကြီး စောင့်ကြည့်ခဲ့တယ်။ သတင်းတွေရယူတယ်၊ ပိုင်နိုင်မှ လုပ်လို့ရမယ်ဆိုတာ သိတဲ့အတွက် စောင့်နေခဲ့ရတယ်။ ဒီလိုအချိန်ကောင်းရောက်လာတဲ့အချိန် လုပ်လိုက်တာ။ အဲဒီနေ့ (စက်တင်ဘာ ၂၈) ညကတည်းက စီစဉ်တယ်၊ မြစ်ငယ် PDF ကို အကူအညီတောင်းတယ်။ ကားလာမဲ့ လမ်းကြောင်းကလည်း အကြိမ်ကြိမ် သိပြီးသား။ အချုပ်ကားအနေအထားကိုလည်း ကြိုလေ့လာထားခဲ့တယ်။ စပြီးလုပ်တော့လည်း ရဲရှိမဲ့နေရာတွေကို အရင် ဦးစားပေးလှုပ်ရှားတယ်” ဟု သူက ပြောသည်။
“နောက်ခန်းက လိုက်လာမဲ့ ရဲတွေကို အရင်လှုပ်ရှားတယ်၊ ပြီးတော့မှ အရှေ့ခေါင်းထဲကို လှုပ်ရှားတယ်။ အဲဒီအချိန် ရုန်းရင်းဆန်ခတ် ဖြစ်နေသွားပြီဆိုမှ ထွက်လိုက်တယ်။ ဆင်းလာတဲ့ လူတွေကို အပြင်ကနေပဲ စောင့်နေရတယ်၊ အတွင်းထဲအထိ ဝင်ခေါ်ဖို့ မဖြစ်နိုင်ဘူး။ အဓိကကတော့ အတွင်းကလူတွေရဲ့ ကြိုးစားအားထုတ်မှုပဲ။ သူတို့ကြိုးစားလို့လည်း အခုလို လူကယ်နိုင်ခဲ့တာ။ ကျွန်တော်တို့က နည်းနည်းပဲ လုပ်ပေးရတာ။ လက်နက်ငယ်ကိုပဲ အသုံးပြုရတာပါ”
ကား၂ စီးလုံးတွင် လိုက်ပါလာသော ရဲများက ချေမှုန်းရေးရိုင်ဖယ် ကိုင်ထားကြပြီး အကျဉ်းသားတို့ကို အသေပစ်ဖမ်းရန် ကြိုးစားခဲ့သည်ဟု သူက ပြောသည်။
“ပထမက ရှေ့ခေါင်းထဲက တစ်ယောက် ပစ်တယ်၊ နောက်တစ်စီးက တစ်ယောက်ကလည်း အသေပစ်တာ။ သုံးတာတွေက G3 တွေ၊ သူတို့လူ သေသွားတဲ့အတွက် လူမရွေးတော့ဘူး၊ အကုန်ပစ်တော့တာ။ ထွက်ပြေးတဲ့ လူတွေနဲ့ ပြည်သူတွေ ရောနေတာတောင် မရွေးတော့ဘူး၊ အကုန်ပစ်တာ။ အပြင်က တိုက်ခိုက်တဲ့လူတွေကို သိပ်အာရုံမစိုက်ဘူး။ နိုင်ကျဉ်းတွေ ပြေးတဲ့လားရာကို အကုန်ပစ်တာ၊ ပြည်သူလား၊ အကျဉ်းသားလား မခွဲတော့ဘူး။ ကံကောင်းလွန်းလို့သာ ပြည်သူတွေ မထိတာ”
ပစ်ခတ်မှုအပြီး စစ်သား ၂၀၀ ခန့် ရောက်ရှိလာကာ မြစ်ငယ်တစ်မြို့လုံးကို ပိုက်စိပ်တိုက် ရှာဖွေသလို ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်လိုက်ကြောင်း၊ သို့သော်လည်း ကိုပြည့်ဖြိုးအောင်တို့နှစ်ဦးမှာ မြစ်ငယ်တွင် မရှိတော့ကြောင်း ၎င်းက ဆက်ပြောသည်။
PDF ရဲဘော် ပြည့်ဖြိုးအောင်
ကိုပြည့်ဖြိုးအောင်သည် ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်နေ့က အမရပူရမြို့နယ်အတွင်း ၎င်းတို့အဖွဲ့ဖြစ်သော MSS PDF အဖွဲ့ဝင် ၎င်းအပါအဝင် ၅ ဦး ဖမ်းဆီးခံရပြီး မန္တလေးတိုင်း စစ်ကြောရေးစခန်းတစ်ခုသို့ အပို့ခံရသည်။
“ကျွန်တော်တို့ရဲ့ ပေါ့ဆမှုတစ်ခုကြောင့် အဖမ်းခံခဲ့ရတယ်။ လက်နက်၊ အိမ်တွေရော၊ အကုန်လုံးမိသွားတာပေါ့၊ လူကတော့ အကုန်မဟုတ်ပေမဲ့ ပစ္စည်းတွေ မိသွားတာပေါ့”
စစ်ကြောရေးတွင် ၆ ရက်ခန့်သာ ကြာမြင့်ခဲ့သည်ဆိုသော်လည်း မသေရုံတစ်မည် ရိုက်နှက်စစ်ဆေးခံခဲ့ရကြောင်း ပြောသည်။
“စဖမ်းခံရတဲ့နေရာမှာကတည်းက ရိုက်နှက်ခံထားရပြီ။ တိုင်းစစ်ကြောရေးရောက်တော့ ကျွန်တော်တို့အဖွဲ့က (အဖမ်းခံရတာ) ၅ ယောက်ရှိမှန်း သိရတယ်။ တစ်ယောက်တစ်ခန်းစီ ခေါ်သွားခံရတယ်။ ကျွန်တော်ဆိုရင် အခန်းထဲမှာ လူ ၆ ယောက်လောက် ဝိုင်းရိုက်တာ ခံရတယ်။ ဓား၊ တုတ်၊ ပြီးတော့ ဝါယာကြိုးပတ်ထားတဲ့ တုတ်တွေ၊ ဝါးဆစ်ပိတ်။ ပေါင်တွေ ဓားနဲ့ထိုးတယ်၊ နည်းမျိုးစုံပါပဲ”
“ကျွန်တော်တို့အဖွဲ့ထဲက အစ်ကိုတစ်ယောက်ဆို သတိလစ်နေတာ။ သေတောင်သေပြီ မှတ်နေတာ။ အဲဒါကို ဆံပင်ကနေ ဆွဲပြီးတော့ ဓာတ်ပုံရိုက်ထားတာ။ အဖမ်းခံရတုန်းကလေ”
“စစ်ကြောရေးမှာတုန်းကတော့ မသေရုံတစ်မည်ပဲ၊ ကိုယ့်ကိုယ်ကိုယ် အသေလို့ပဲ တွက်ထားခဲ့တာ။ အဲဒီအချိန်မှာ ပစ်သတ်ခံရမယ်ဆိုရင် ရတဲ့ဒဏ်ရာတွေနဲ့ ယှဉ်ရင် သေပျော်တယ်လို့ တွေးမိတယ်။ သူတို့ သိချင်တာ မေးတာ မဟုတ်ဘူး။ ကျွန်တော်တို့ ဖမ်းခံရပြီဆိုကတည်းက ကျွန်တော်တို့အဖွဲ့ရဲ့ လက်နက်၊ အိမ်တွေက အကုန်မိထားပြီးသားလေ။ တစ်ယောက်နဲ့ တစ်ယောက်ကို သွေးထိုးပြီးတော့ နောက်အမှုတွေများ ပေါ်လာမလားလို့ စစ်တာ။ နည်းမျိုးစုံနဲ့ ရိုက်နှက်စစ်တယ်”
ရိုက်နှက် နှိပ်စက်ပြီးနောက် ဧပြီ ၂၄ တွင် ပလိပ်မြို့နယ်မြေရဲစခန်းသို့ ပို့ဆောင်ခံရပြီး လက်နက်ဥပဒေ ပုဒ်မ ၁၉ (စ) ဖြင့် အမှုဖွင့်ခံရသည်။
“အဲဒီမှာ အမှုစစ်တယ်။ ၁၉(စ)နဲ့ အမိန့်ချခံရတယ်။ ၂ နှစ် ချလိုက်တယ်။ အဲဒီကနေမှ ထောင်ကို ပို့တယ်။ ၃၉၅ နဲ့ စွဲထားသေးတယ်၊ ဓားပြမှုပေါ့၊ EPC ရုံး ဝင်စီးတဲ့ကိစ္စပေါ့။ တခြားမြို့နယ်တွေမှာလည်း အမှုတွေ အများကြီး စွဲထားသေးတယ်” ဟု ကိုပြည့်ဖြိုးအောင်က ဆိုသည်။
အပြီးသတ်အမိန့်ချပြီးနောက် အမည်ဆိုးဖြင့် ကျော်ကြားသည့် အိုးဘိုထောင်သို့ မေလအတွင်း ပြောင်းရွှေ့ ချုပ်နှောင်ခံလိုက်ရသည်။
“ကိုယ်တိုင် မကြုံရပေမဲ့ ကြားနေရတာတွေက နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြတာတို့၊ နိုင်ငံရေးသီချင်းဆိုတာတို့ လုပ်တဲ့အချိန်မှာ တော်တော်ခံကြရတယ်။ စစ်လက်နက်တွေ အကုန်အပြည့်အစုံနဲ့ ကာထားပြီး လူ ၅၀၊ ၁၀၀ လောက်က တုတ်တွေနဲ့ တံခါးပိတ်၊ သတိဆွဲခိုင်းပြီး ရိုက်တာတွေ လုပ်တယ်။ ကျွန်တော်ကြားခဲ့ဖူးသလောက် အဲဒီအထဲမှာ သေသွားတာမျိုးတွေလည်း ရှိတယ်။ သွားကျိုးတာတို့၊ သွေးအိုင်ထဲမှာ လဲနေအောင်ရိုက်တာတို့ ဆိုးဆိုးရွားရွားတွေ ကြားခဲ့ရတယ်”
ပြီးခဲ့သည့် ဇူလိုင် ၆ က အိုးဘိုအကျဉ်းထောင်အတွင်း ဆဲဗင်းဇူလိုင်အထိမ်းအမှတ် ပြုလုပ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားတချို့ ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံရကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ၏ပြောဆိုချက်အရ သိရှိခဲ့ရသည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနှင့် NLD လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် ၄ ဦးကို စစ်ကောင်စီက ကွပ်မျက်လိုက်ကြောင်း ဇူလိုင် ၂၅ ရက်နေ့က သတင်းစာများမှတစ်ဆင့် စစ်ကောင်စီက ထုတ်ပြန်ခဲ့ပြီးနောက် ရန်ကုန်နှင့် မန္တလေးတွင် ထောင်ဆူပူမှုများ ဖြစ်ပေါ်ခဲ့ရာ ထောင်ဝန်ထမ်းများက အကျဉ်းသားတို့ကို အပြင်းအထန် နှိပ်စက်ကြကြောင်း သူ သိခဲ့ရသည်။
“ကျွန်တော်ရောက်သွားပြီးနောက်မှ ပြဿနာနှစ်ခါလောက် ဖြစ်သေးတယ်။ ကိုဖြိုးဇေယျာသော်တို့ကိစ္စဖြစ်တော့ အစာငတ်ခံဆန္ဒပြတာ၊ အဲဒီလိုမျိုးအချိန်ကို စောင့်ပြီးတော့ အခွင့်အရေးရတဲ့အချိန် ဝိုင်းနှိပ်စက်ကြတာ။ ထောင်ဝင်စာကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြဿနာတွေဖြစ်တယ်။ တုတ်တွေနဲ့ ရိုက်တယ်။ နှစ်ယောက်လောက်ဆို ထောင်လှေကားပေါ်ကနေ ကန်ချခံလိုက်ရလို့ လမ်းမလျှောက်နိုင်တော့တာ၊ နေရာမှာတင် ပုံလဲသွားအောင် ရိုက်တာ၊ ဒါမျိုးတွေ ကြားရတာပေါ့”
ဩဂုတ်လဆန်းတွင် သေဒဏ်ကိစ္စနှင့် ပတ်သက်ပြီး အစာငတ်ခံဆန္ဒပြခဲ့သည့် အိုးဘိုထောင်မှ နိုင်ကျဉ်းများအနက် ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုနောင်ထက်အောင် အပါအဝင် ၃၆ ဦး ရိုက်နှက်ခံရသည်၊ ထိုအထဲမှ ၁၉ ဦး တိုက်ပိတ်ခံရသည်။
တိုက်ပိတ်ခြင်းဆိုသည်မှာ လေဝင်လေထွက်နှင့် အလင်းရောင် မရှိသလောက် နည်းပါးသော အခန်းကျဉ်းထဲသို့ ပြောင်းရွှေ့ချုပ်နှောင်ခြင်းဖြစ်ရာ ရက်ပေါင်းများစွာ ထိုသို့ ပိတ်လှောင်ထားချိန်အတွင်း ရေချိုးခွင့် မရပေ။
“ထောင်မှာကတော့ ထောင်ပိုင်ဆိုတာမျိုးတွေက စစ်တပ်ဘက်က အကြီးတန်းတွေ ဝင်လုပ်နေတော့ ထောင်ဝန်ထမ်းနဲ့ စစ်တပ်က အတူတူပဲပေါ့။ နိုင်ငံရေးအကျဉ်းသားအချင်းချင်းကျတော့ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ကြတာမျိုး အကောင်းလေးတွေလည်း တွေ့ခဲ့ရပါတယ်” ဟု ထောင်တွင်းအတွေ့အကြုံကို ပြောပြသည်။
ထို့နေ့က ရုံးထုတ်သည့် ၎င်းတို့အဖွဲ့ကို ကျောက်ဆည်တွင် စွဲထားသော အမှုအတွက် ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး လျှပ်စစ်ရုံး ဝင်ရောက်စီးနင်းမှုဖြင့် ထောင် ၁၀ နှစ် ချမှတ်ခံရပြီးနောက် အိုးဘိုထောင်ပြန်အပို့ ထိုသို့လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။
၎င်းတို့အဖွဲ့ဝင် ၅ ဦးအနက် ၂ ဦးသာ လွတ်မြောက်ခဲ့သည့် အခြေအနေတွင် ရဲဘော်ရဲဘက်များ၏ အသက်အန္တရာယ်ကို စိုးရိမ်နေကြောင်း ကိုပြည့်ဖြိုးအောင်က ဆိုသည်။
“ပြန်ဖမ်းမိသွားတဲ့သူတွေက ဖမ်းတုန်းကလည်း အသေပစ်ဖမ်းတာပဲ၊ အသက်ရှင်သေးရင်တော့ ထောင်ရဲ့ တိုက်ထဲမှာပဲ နေရလောက်တယ်။ နည်းမျိုးစုံနဲ့ ထပ်ပြီး နှိပ်စက်ခံရဦးမယ် ထင်တယ်။ အသက်အန္တရာယ် စိုးရိမ်ရတယ်” ဟု သူက ပြောသည်။
မိတ်ဆွေများအတွက် ဝမ်းနည်းမိသော်လည်း သူကြုံခဲ့ရသည့် စစ်ကောင်စီ၏ နှိပ်စက်ရေးယန္တရားကို မမှုကြောင်း ဆိုသည်။
“ကျွန်တော်ကတော့ အသက်က သေပြီးသားလူလို ဖြစ်နေတာပါပဲ။ ကျွန်တော် ကြုံခဲ့ရတာအတွက်တော့ ဘယ်ဟာကိုမှ ဝမ်းမနည်းဘူး၊ အဖွဲ့သားတွေ အကုန်လွတ်မလာလို့ ဝမ်းနည်းတာ တစ်ခုပဲရှိတာ” ဟု ကိုပြည့်ဖြိုးအောင်က ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)