သတင်း

မန္တလေးတွင် အချုပ်ကားကို PDF ကြားဖြတ်တိုက်ခိုက်၊ နိုင်ကျဉ်းအချို့ လွတ်မြောက်

မန္တလေးမြို့တောင်ဘက် အမရပူရမြို့နယ်တွင် ယနေ့ (စက်တင်ဘာ ၂၉) နံနက်က ကျောက်ဆည်ရဲစခန်းမှ အိုးဘိုထောင်သို့လာသည့်  ရဲအချုပ်ကားကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့ဝင်များက လမ်းတွင် ချုံခိုတိုက်ခိုက်ပြီး၊ အချုပ်ကားပေါ်တွင် ပါလာသည့် နိုင်ငံရေးအကျဉ်းသား ၈ ဦးအနက် ၂ ဦးကို ကယ်ထုတ်နိုင်ခဲ့သည်ဟု သိရှိရသည်။

နံနက် ၉ နာရီခန့်က ရဲအချုပ်ကားကို မြစ်ငယ်မြို့အတွင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အချုပ်ကားပေါ် ပါလာသည့် ရဲ ၂ ဦးကို ပစ်သတ်ခဲ့ကြောင်း အမရပူရမြို့နယ် PDF  တာဝန်ရှိသူ ဗိုလ်နေလင်း ဆိုသူက ပြောသည်။ 

“ကျွန်တော်တို့ သတင်းကြိုရတာနဲ့ စောင့်ပြီးတော့ တိုက်ခိုက်တယ်။ အစပိုင်းမှာ နိုင်ကျဉ်း ၈ ယောက်လုံး လွတ်ခဲ့ပေမဲ့ ၆ ယောက်ကို ပြန်မိသွားပါတယ်။ ကားပေါ်ပါ ရဲ ၂ ယောက်ကိုတော့ အသေရလိုက်တယ်” ဟု သူက ဆိုသည်။

ထိုရဲအချုပ်ကားပေါ်တွင် ရှေ့ခန်း၌ ယာဉ်မောင်းအပါအဝင် ရဲ ၃ ဦး၊ ကားနောက်ခန်းတွင် ရဲ ၄ ဦး ခန့် လိုက်ပါလာပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု PDF ဘက်က ဆိုသည်။

ထိုကယ်ဆယ်ရေးနှင့် တိုက်ခိုက်ရေးကို အမရပူရ PDF နှင့် မိတ်ဖက်တော်လှန်ရေးအဖွဲ့တစ်ချို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကယ်ထုတ်နိုင်ခဲ့သည့် နိုင်ကျဉ်း ၂ ဦးကို လွတ်မြောက်သည့်နေရာသို့ ပို့ဆောင်ပေးနိုင်ရေး ဆောင်ရွက်နေသည်ဟု သိရသည်။ 

“လွတ်လာတဲ့ ၂ ယောက်ကိုတော့ အန္တရာယ်ကင်းအောင် ကျွန်တော်တို့ လုပ်နေပြီ။ တစ်ခုစိုးရိမ်တာက ပြန်ဖမ်းမိသွားတဲ့ ၆ ယောက်ကို အစဖျောက်လိုက်မှာ စိုးရိမ်ရပါတယ်။ ဒီကောင် (စကစတပ်) တွေက ဒီလိုအကျင့်ရှိတော့ အဲဒါကို လတ်တလော စိုးရိမ်နေရတယ်” ဟု ဗိုလ်နေလင်းက ဆိုသည်။

PDF အဖွဲ့များ ပြန်ဆုတ်ခွာလာပြီးနောက် အဆိုပါနေရာအနီးမှ သေနတ်ပစ်ခတ်သံများ ကြားနေရဆဲဖြစ်သည့်အတွက် နိုင်ကျဉ်း ၆ ဦးအတွက် စိုးရိမ်ခြင်းဖြစ်သည်ဟု ပြောသည်။

ထို ၈ ဦးမှာ ပြီးခဲ့သည့် ၃ ရက်က အိုးဘိုအကျဉ်းထောင်မှ ထုတ်ကာ ရုံးချိန်းအတွက် ကျောက်ဆည်ရဲစခန်းရှိ ရဲအချုပ်ခန်းတွင် ချုပ်နှောင်ထားပြီးနောက် အိုးဘိုထောင်သို့ပြန်အပို့မှာ တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု သိရသည်။

PDF အဖွဲ့များက ရဲအချုပ်ကားကို ဝိုင်းဝန်းတိုက်ခိုက်ကြသည်ဟု ကြားသိရကြောင်း အမရပူရမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“မြစ်ငယ်တံတားထိပ်မှာ ချကြတာ၊ အချုပ်ကားကို ဝင်တိုက်တာလို့ ကြားရပါတယ်။ ရဲတွေသေတယ်တဲ့၊ အချုပ်ကားပေါ်ပါတဲ့ အချုပ်ကားပေါ်က အချုပ်သားတစ်ယောက်လည်း ပေါင်မှာ သေနတ်မှန်တယ်လို့ ကြားရတယ်” ဟု သူက ဆိုသည်။တိုက်ခိုက်ခံရပြီးနောက်တွင် စစ်ကောင်စီတပ်များက အင်အားအများအပြားအသုံးပြုကာ အနီးဝန်းကျင် ကျေးရွာများအတွင်း စစ်ကြောင်းထိုး ရှာဖွေမှုများလုပ်လျက်ရှိသည်ဟုလည်း ဆက်ပြောသည်။

အချုပ်ကားပေါ်တွင် လိုက်ပါလာသည့် နိုင်ငံရေးအကျဉ်းသားများမှာ မြစ်ငယ်အောင်သပြေဝန်ထမ်းလိုင်းခန်းမှ ဖမ်းဆီးခံရသူများ ဖြစ်နိုင်ကြောင်း အမရပူရမြို့ခံများက ပြောသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button