သတင်း

ချင်းတောင်ဆေးရုံ ဗုံးကြဲခံရမှုတွင် သေဆုံးသူ ထပ်တိုး၊ တိုက်ခိုက်မှုများ ဆက်ရှိနေ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ တိုက်နယ်ဆေးရုံကို လေတပ်က ဗုံးကြဲရာ ၄ ဦးသေဆုံး၊ ၁၅ ဦး ဒဏ်ရာရပြီး လေကြောင်းတိုက်ခိုက်မှုများ ဆက်လုပ်နေသည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီလေတပ်က ယမန်နေ့ (ဧပြီ ၂၅) ရက် ညပိုင်းတွင် ဗုံးကြဲရာ ဆေးရုံတက်နေသည့် လူနာ ၄ ဦး သေဆုံးသည်၊ လေကြောင်းတိုက်ခိုက်မှုလည်း ဆက်ရှိနေသည်ဟု သိရသည်။

မြို့မြောက်ဘက် မိုင် ၂၀ ကျော်အကွာရှိ ဝမ္မသူးရွာဆေးရုံကို ည ၈ နာရီဝန်းကျင်တွင် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ရာ ၂ ဦး ပွဲချင်းပြီးသေဆုံးသည်၊ ဒဏ်ရာရရှိသူများထဲမှ ၂ ဦးမှာ သွေးထွက်လွန်ပြီး နောက်ပိုင်းတွင် သေဆုံးသည်၊ ဆေးရုံလည်း မီးလောင်ပျက်စီးသည်ဟု သိရသည်။

ဆေးရုံမှာ ပစ်မှတ်ထားတိုက်ခိုက်ခံလိုက်ရသည်ဟု CDF မင်းတပ် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွန်က ပြောသည်။

“လေယာဉ်က တောက်လျှောက်ကို လူနာဆောင်တည့်တည့်ကို ဗုံးကကြဲသွားတယ်” ဟု သူက ပြောသည်။

ကျန်းမာရေးဝန်ထမ်းများက လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်သွားသူ ၁၅ ဦးကို လုံခြုံသည့်နေရာတွင် ဆေးကုသပေးနေသည်ဟု သိရသည်။

ဝမ္မသူးဆေးရုံသည် အာဏာမသိမ်းခင်က စစ်ဆရာဝန်တစ်ယောက်သာထိုင်သည့် တိုက်နယ်အဆင့်ရှိ ဆေးရုံတစ်ရုံဖြစ်ခဲ့သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ကျန်းမာရေးဝန်ထမ်းများက ထိုဆေးရုံတွင် ဝန်ဆောင်မှုများ ပေးနေသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ဆလိုင်းယောမန်က ပြောသည်။

“CDM ဆရာဝန်တွေ၊ မန္တလေးက ဆရာဝန်တွေရောက်လာတော့ တဖြည်းဖြည်းနဲ့ နောက်ဆုံး ဦးနှောက်ခွဲစိတ်မှုကလွဲလို့ ကြီးကြီးမားမားဒဏ်ရာရတာတွေ၊ အစာအိမ်၊ အရိုး၊ အဆုတ်၊ ဗိုက်၊ အူ စတဲ့ အကုန်လုံးကို ခွဲပေးနိုင်တဲ့ ဆေးရုံအဆင့်ထိ ရောက်လာတယ်” ဟု သူက ပြောသည်။

ဝမ္မသူးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မီးလောင်ကျွမ်းနေသည်ကို မြင်တွေ့ရစဉ် (ဓာတ်ပုံ – CDF Mindat)

မင်းတပ် အုပ်ချုပ်ရေးအဖွဲ့နှင့် ကာကွယ်ရေးအဖွဲ့၏ အဆိုအရ ဝမ္မသူးဆေးရုံကို ဒေသခံများသာမက ချင်းပြည်နယ် မတူပီ၊ ကန်ပက်လက်၊ မကွေးတိုင်း ဂန့်ဂေါ၊ ဆော၊ ကျောက်ထု၊ ပွင့်ဖြူ၊ စေတုတ္တရာ၊ စစ်ကိုင်းတိုင်း ယင်းမာပင်၊ ပုလဲတို့မှ ပြည်သူများပင် အားကိုးကြသည်ဟု ဆိုသည်။

“ဒဏ်ရာရရဲဘော်၊ ပြည်သူတွေ အကုန်လုံးကို ဝန်ဆောင်မှုပေးနေတာ။ အဲ့ဒီတော့ ခုတင်လို သတ်မှတ်မယ်ဆိုရင် ၅၀၀ ဆံ့၊ ၂၀၀ ဆံ့ အဲ့လိုတော့ သတ်မှတ်လို့မရဘူး။ နိစ္စဓူဝ ဒါကြီးကို ဝန်ဆောင်မှုပေးနေရတာ။ သူနဲ့မလိုက်ဖက်အောင်ကို ကျန်းမာရေးဝန်ဆောင်မှုပေးနေရတဲ့အနေအထားမျိုး” ဟု ဆလိုင်းဟာအွန်က ပြောသည်။ 

ထိုဆေးရုံ တိုက်ခိုက်ခံရမှုကြောင့် အခြေအနေများ ရုတ်တရက်ပြောင်းလဲသွားကြောင်း ဆလိုင်းဟာအွန်က ဆိုသည်။

“ဆေးရုံကြီးတစ်ခုလုံးကို ရစရာမရှိအောင် သွေးသံတွေနဲ့ရော၊ ချွေးတွေ၊ သွေးတွေနဲ့ တကယ့်ကို ငရဲခန်းတစ်ခုလိုပေါ့။ ကမ္ဘာပျက်သွားသလို ကြုံတွေ့ရတာပေါ့” ဟု သူက ပြောသည်။

မကွေးတိုင်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်သည် စစ်တပ်အာဏာသိမ်းပြီး လပိုင်းအကြာ ဧပြီ ၂၄ ရက်နေ့တွင် အမဲလိုက်တူမီးသေနတ်များကိုင်ကာ လက်နက်ကိုင် ခုခံတော်လှန်မှု စတင်ခဲ့သည်။

၃ နှစ်အကြာတွင် မြို့နယ်၏ ၈၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက ကျရောက်ခဲ့သည့် CDF မင်းတပ် ၃ နှစ်ပြည့် တော်လှန်ရေးနေ့အခမ်းအနားတွင် ပြောထားသည်။

မင်းတပ်မြို့နယ် မြောက်ပိုင်းရှိ တော်လှန်ရေးအင်အားစုများ သတ်မှတ်ခေါ်ဝေါ်သည့် တိုက်နယ် (၂) အတွင်း ယမန်နေ့ ညနေပိုင်းမှစတင်ကာ စစ်တပ်က အကြိမ်ရေ ဆယ်နှင့်ချီပြီး လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

ဝမ္မသူးဆေးရုံကို မြင်တွေ့ရစဉ် (ဓာတ်ပုံ – Salai Naing Hung) 

တိုက်နယ် (၂) မှ ကျေးရွာများကို ညနေ ၄ နာရီဝန်းကျင်က ဂျက်ဖိုက်တာဖြင့်သာမက ပို့ဆောင်ရေးလေယာဉ်အမျိုးအစားဖြစ်သည့် Y 12 လေယာဉ်ဖြင့်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု CDF မင်းတပ် တာဝန်ရှိသူက ပြောသည်။

“တစ်ခါကြဲရင် ၁၀ လုံး၊ ၁၁ လုံးနဲ့ ၅ ကြိမ်ဆို‌တော့ အကြိမ် ၅၀ ကျော်လောက် ၄ နာရီခွဲလောက်မှာ အကြဲခံရတယ်။ နေအိမ်ပျက်စီးမှုတွေ အဆောက်အအုံတွေ မီးလောင်တာရှိတယ်။ လူကတော့ ကြီးကြီးမားမားထိခိုက်တာမရှိဘူး” ဟု ဆလိုင်းဟာအွန်က ဆိုသည်။

ည ၈ နာရီဝန်းကျင်တွင် တိုက်နယ် (၂) အတွင်း ပါဝင်သည့် ဝမ္မသူးဆေးရုံ ထိခိုက်သွားသည်၊ တိုက်နယ် (၂) အတွင်းမှ ကျေးရွာများမှာ ညနေပိုင်းတွင်သာမက ညနှောင်းပိုင်းတွင်ပါ တိုက်ခိုက်ခံရသည်ဟု ဆိုသည်။ လေကြောင်းတိုက်ခိုက်ခံရသည့် ကျေးရွာအမည်များကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

“ညပိုင်းမှာ ၁၀ နာရီခွဲလောက်မှာ ဂျက်ဖိုက်တာနဲ့ ညနေက ပစ်တဲ့နေရာကို နောက်ထပ် ၂ ကြိမ်ပစ်တယ်။ ဗုံးသီးပေါင်း ၅၉ လုံး ထပ်ကြဲတယ်။ ၁၂ ခွဲလောက်ထိ တောက်လျှောက်ပတ်ကြဲတာပေါ့” ဟု ဆလိုင်းဟာအွန်က ပြောသည်။

ဝမ္မသူးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် အပျက်စီးများကို မြင်တွေ့ရစဉ် (ဓာတ်ပုံ – Salai Naing Hung)

တိုက်ပွဲများနှင့် ထိခိုက်ပျက်စီးမှုများ

ယနေ့တွင်လည်း မင်းတပ်မြို့နယ် မြောက်ဘက်ရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း မင်းတပ်ဒေသခံတစ်ဦးက ပြောသည်။ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရမှုအခြေအနေများကို မသိရသေးပေ။

တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်းသည့် မင်းတပ်မြို့နယ် မြို့ပေါ်ရပ်ကွက်များတွင်သာ စစ်တပ်က နယ်မြေစိုးမိုးထားနိုင်သည်။ မြေပြင်စစ်ကြောင်းမထိုးနိုင်သည်မှာ လနှင့်ချီ ကြာမြင့်နေပြီဖြစ်ကာ လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ လုပ်နေသည်ဟု ဒေသခံများက ဆိုသည်။

သုံးနှစ်တာကာလအတွင်း မင်းတပ်မြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနှင့် ပစ်ခတ်မှုတို့ကြောင့် ကလေးငယ်များအပါအဝင် ဒေသခံ ၂၀ သေဆုံးခဲ့သည်။ ၅၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဘာသာရေးအဆောက်အအုံ၊ ဆေးခန်းနှင့် လူနေအိမ် ၂၀၀ ကျော် ပျက်စီးခဲ့ကြောင်း CDF မင်းတပ်က ဆိုသည်။

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်နေရသည့် စစ်တပ်သည် လေကြောင်းကို အားပြုတိုက်ခိုက်နေပြီး အရပ်သားနေထိုင်ရာ ကျေးရွာများ၊ စာသင်ကျောင်းသာမက ဆေးရုံများကိုပင် ပစ်မှတ်ထားခဲ့သည်။

အာဏာသိမ်းပြီးနောက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၉၃၆ ဦး သေဆုံးပြီး ၈၇၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ယခုနှစ်ဆန်းပိုင်းတွင် ထုတ်ပြန်ထားသည်။

ဝမ္မသူးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် အပျက်စီးများကို မြင်တွေ့ရစဉ် (ဓာတ်ပုံ – Salai Naing Hung)

အရပ်သားများအပေါ် ပစ်မှတ်ထားနေသည့် လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်နိုင်ရေးအတွက် စစ်ကောင်စီကို လေယာဉ်ဆီတင်သွင်းမှုပိတ်ပင်ရန် အဖွဲ့ဝင် ၄၇ နိုင်ငံပါဝင်သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်ကြောင်း ဧပြီ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အာဏာသိမ်း စစ်ကောင်စီသည် အရပ်သားများကိုလည်း ပစ်မှတ်ထားနေသည်ဟု မင်းတပ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အကြမ်းဖက် ဖက်ဆစ်စစ်တပ်က ဒီလိုမျိုး စစ်ရေးပစ်မှတ်မဟုတ်တာတွေ လုပ်နေကျပဲ။ တစ်နေ့နေ့ ကျွန်တော်တို့ ခေါင်းပေါ်တည့်တည့် ဒီတိုင်းသူပြည်သားတွေ တစ်ယောက်ချင်းစီရဲ့ ခေါင်းပေါ်တည့်တည့်တောင် သူတို့လုပ်လို့ရရင် လုပ်နေဦးမှာ။ ဒါကြောင့် ကိုယ်မသေခင် တော်လှန်ရေးရဲ့ နိုင်ရာဝန်ကို ဝင်ထမ်းရင်း ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ကြရမှာပဲ” ဟု အဆိုပါ ဒေသခံက မှတ်ချက်ပြုသည်။

မင်းတပ်မြို့ တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။

စစ်ကောင်စီက ၎င်း၏ လက်နက်ကိုင်များက ပြည်သူတို့ကို အကာအကွယ်ပေးနေသည်ဟု ရံဖန်ရံခါ သတင်းထုတ်ပြန်တတ်သည်။

Show More

Related Articles

Back to top button