မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ်စီမံကိန်းများအတွက် ဆောက်လုပ်မှုဒီဇိုင်းနှင့် အကြံပေးဝန်ဆောင်မှု လုပ်ကိုင်သည့် ဆွီဒင်အခြေစိုက် အင်ဂျင်နီယာကုမ္ပဏီ AFRY သည် စစ်တပ်အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးယိုယွင်းမှုများနှင့်အတူ အနုတ်လက္ခဏာဆောင်သည့် အခြေအနေကြောင့် လုပ်ငန်းရုပ်သိမ်းမည်ဟု ကြေညာလိုက်သည်။
လျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝကို သက်ရောက်မှု၊ ဝန်ထမ်းများ၏ လုံခြုံရေး၊ စစ်ကောင်စီနှင့် ပတ်သက်ဆက်နွှယ်မှု၊ နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှု စသည့် အချက်များအပေါ် မူတည်၍ မြန်မာနိုင်ငံတွင် ဆက်လက်တည်ရှိရန် သင့်မသင့် အကဲဖြတ်ခဲ့ကြောင်း ထိုကုမ္ပဏီ၏ ဧပြီ ၂၁ ရက် ထုတ်ပြန်ချက်တွင် ပါရှိသည်။
“အခြေအနေကို အနီးကပ် ဆက်လက်စောင့်ကြည့်နေချိန်အတွင်း နိုင်ငံရဲ့ အနုတ်လက္ခဏာဆောင်တဲ့ ဖွံဖြိးတိုးတက်မှုတွေကြောင့် ဒီနှစ်ကုန် နောက်ဆုံးထားပြီးတော့ AFRY ရဲ့ လုပ်ငန်းတွေ ပြီးဆုံးပါမယ်” ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
AFRY ဝက်ဆိုက်တွင် ဖော်ပြချက်အရ ၎င်းတို့ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ်စီမံကိန်း ၁၃ ခုအတွက် အတိုင်ပင်ခံအဖြစ် ဆောင်ရွက်ခဲ့သည်ဟု သိရသည်။ ထိုစီမံကိန်းများတွင် ရွှေလီ-၃၊ ရဲရွာ၊ အထက်ပေါင်းလောင်း၊ အထက်ကျိုင်းတောင်းနှင့် ထမံသီရေအားလျှပ်စစ်စီမံကိန်းများ ပါဝင်သည်။
AFRY သည် လက်ရှိစစ်ခေါင်းဆောင်ကို ရာထူးအမွေပေးခဲ့သည့် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် ၂၀၀၀ မှစတင်ကာ မြန်မာတွင် နှစ်ပေါင်း ၂၀ ကျော်ကြာ လုပ်ကိုင်ခဲ့သည့် ကုမ္ပဏီဖြစ်သည်။
မြန်မာတွင် သန့်ရှင်းပြီး တည်ငြိမ်သည့် စွမ်းအင်စနစ်ကို ကူးပြောင်းရာတွင် အရှိန်မြှင့်တင်ပေးရန် ရည်ရွယ်၍ ရေအားလျှပ်စစ် စီမံကိန်းအများအပြားတွင် ပါဝင်လုပ်ကိုင်ခဲ့သည်ဟုလည်း AFRY ထုတ်ပြန်ချက်တွင် ပါရှိသည်။
AFRY လုပ်ကိုင်နေသည့် စီမံကိန်းသုံးခုသည် ၂၀၂၁ စစ်အာဏာမသိမ်းမီက လူထုဆန္ဒမဲမြင့် တိုင်းပြည်ကို အုပ်ချုပ်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်တွင် သဘောတူလက်မှတ်ရေးထိုးထားခြင်းဖြစ်ပြီး အာဏာသိမ်းပြီးနောက် မည်သည့်လုပ်ငန်းကိုမျှ ထပ်မံသဘောတူလက်မှတ်ရေးထိုးခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆွီဒင်အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ AFRY AB ၏ ဆွဇ်ကုမ္ပဏီခွဲသည် မြန်မာနိုင်ငံမှ အထက်ရဲရွာနှင့် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းများတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအထိ အတိုင်ပင်ခံလုပ်ငန်းအတွက် ဝန်ဆောင်ခ အမေရိကန်ဒေါ်လာ ၄.၆၈ သန်း ရရှိခဲ့ကြောင်း Justice For Myanmar အဖွဲ့က ထုတ်ဖော်ထားသည်။
AFRY အပါအဝင် တခြားကုမ္ပဏီအားလုံးအနေဖြင့် မြန်မာတွင် ဖက်ဒရယ်ဒီမိုကရေစီ ရရှိချိန်အထိ ရေအားလျှပ်စစ်စီမံကိန်းမှန်သမျှကို တာဝန်သိစွာရပ်ဆိုင်းထားရန် မြန်မာစစ်တပ်၏ စီးပွားရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စောင့်ကြည့်နေသော Justice For Myanmar က တောင်းဆိုထားသည်။
စစ်အာဏာသိမ်းပြီးနောက် ပြင်သစ်စွမ်းအင်ကုမ္ပဏီ EDF ၊ နော်ဝေ SN Power ၊ Andritz Hydro နှင့် Kansai Electric Power ကုမ္ပဏီများသည် ရေကာတာစီမံကိန်းများကို ရပ်ဆိုင်းခဲ့ကြောင်း Justice For Myanmar က ဆိုသည်။
နိုင်ငံအတွင်း လျှပ်စစ်လိုအပ်ချက် မြင့်မားနေချိန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီတွင် ရဲရွာရေအားလျှပ်စစ်စီမံကိန်းသို့ သွားရောက်ကာ ရေအားလျှပ်စစ်ထုတ်လုပ်မှု ဦးစားပေးရန် ပြောဆိုခဲ့သည်။ ထို့ပြင် လျှပ်စစ်ရထားနှင့် လျှပ်စစ်ကားအစီအစဉ်ကို ၎င်းက မကြာခဏထုတ်ဖော်ပြောဆိုလေ့ရှိသည်။ သို့သော် စစ်ကောင်စီလက်ထက်တွင် စက်ရုံအလုပ်ရုံများ လျှပ်စစ်မီးဖြင့် လည်ပတ်ရန် မဆိုထားနှင့် အိမ်သုံးလျှပ်စစ်ကို လုံလောက်စွာပေးရန်ပင် ရုန်းကန်နေရသည်။
လျှပ်စစ်လုပ်ငန်းသည် အရင်းအနှီးကြီးမားသဖြင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်မှသာ အဆင်ပြေနိုင်ပြီး ယခုကုမ္ပဏီအပါဝင် နိုင်ငံတကာကုမ္ပဏီများ ထွက်ခွာမှုကြောင့် အခြေအနေ ပိုမိုဆိုးရွားနိုင်ကြောင်း နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို စောင့်ကြည့်သည့် ရန်ကုန်မြို့မှ အမျိုးသားတစ်ဦးက ဆိုသည်။
“လျှပ်စစ်ကဏ္ဍက ဆက်ပြီးတော့ အခက်အခဲတွေ ကြုံနေရဦးမှာပေါ့။ ဟိုးအရင် နဝတ (ဦးသန်းရွှေ) ခေတ်ကလည်း ဒီလိုမီးပြတ်တဲ့ကိစ္စတွေက ကြုံတွေခဲ့ရပြီးပြီ”။
“ရေရှည်ရင်းနှီးရတဲ့ နှစ် ၂၀ တို့ ၃၀ တို့ ဖြစ်တဲ့အတွက် စိတ်ချရမှလည်း (ရင်းနှီးမြှုပ်နှံသူ) လာမှာပေါ့။ လတ်တလော အခြေအနေနဲ့ဆိုရင် လာမှာမဟုတ်ဘူး။ အဲဒီတော့ လျှပ်စစ်ကဏ္ဍက တော်တော်လေး မကောင်းဘူး။ စိန်ခေါ်မှုက ကြီးသွားပြီ” ဟု ၎င်းက ပြောသည်။
မကြာသေးမီက ထုတ်ပြန်သည့် စစ်ကောင်စီ၏ ဘဏ္ဍာငွေအရအသုံးစာရင်းတွင် လျှပ်စစ်ကဏ္ဍတွင် အသုံးပြုမည့် စစ်ကောင်စီ၏ အသုံးစရိတ်မှာလည်း နည်းပါးပြီး စစ်အသုံးစရိတ်သာ များနေသည်။
အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း နိုင်ငံအနှံ့ စစ်မီးတောက်လောင်နေချိန်၊ စစ်ကောင်စီလက်ချက်ဖြင့် အရပ်သားများ ထိခိုက်သေဆုံးမှု များပြားနေချိန်တွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုအများအပြား နိုင်ငံအတွင်းမှ ထွက်ခွာနေကြသည်။
(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)