စစ်ကောင်စီသည် တစ်နိုင်ငံလုံးရှိ စက်မှုဇုန်များကို တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား လေးနာရီပေးနေရာမှ မေ ၁၉ မှ စတင်ပြီး နှစ်နာရီအထိ လျှော့ချခဲ့ကြောင်း စက်မှုဇုန်လုပ်ငန်းရှင်များက ပြောသည်။
လတ်တလော လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအခြေအနေအရဟု အကြောင်းပြကာ ထိုသို့ ဖြတ်တောက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်မှ လုံခြုံရေးအရ အမည်မဖော်လိုသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“ရေတင်ဖို့ပဲ ပေးပါတယ်။ ၁၉ ရက်နေ့ တနင်္ဂနွေကတည်းက စပါတယ်။ အခု ဇုန်ထဲမှာ ရောက်နေပါတယ်။ မီးမလာပါဘူး။ လူတိုင်း မီးစက်နဲ့မောင်းပါတယ်” ဟု ၎င်းက မေ ၂၁ နေ့လယ်ပိုင်းတွင် ပြောသည်။
စစ်ကောင်စီ၏ လျှပ်စစ်ဓာတ်အား ဖြန့်ဝေခြင်းဆိုင်ရာ စီမံခန့်ခွဲမှုကို ဝေဖန်ပါက ပစ်မှတ်ထား ဖမ်းဆီးခံရနိုင်သဖြင့် စစ်ကောင်စီအရာရှိများတက်ရောက်သည့် စက်မှုဇုန်ကော်မတီအစည်းအဝေးတွင် မည်သူမျှ မပြောရဲမဆိုရဲဖြစ်နေကြောင်း ၎င်းက ဆိုသည်။
တစ်ရက်လေးနာရီမီးပေးစဉ်ကတည်းက မီးလာချိန်မမှန်သလို ယခုအခါ မီးပေးချိန်ထက်ဝက်လျော့သဖြင့် အခက်အခဲ ပိုမိုကြုံတွေ့လာနိုင်ကြောင်း လှိုင်သာယာမြို့နယ်မှ အခြားလုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။
လျှပ်စစ်မီးအချိန်ကြာမြင့်စွာပြတ်တောက်မှုကြောင့် မီးစက်များကို အားပြုနိုင်သော်လည်း အချိန်ပြည့် မီးစက်မောင်းထားရခြင်းကြောင့် စက်သုံးဆီဖိုးကုန်ကျစရိတ်မြင့်မားပြီး အချိန်တိုအတွင်း မီးစက်များ ပျက်စီးသွားနိုင်ကြောင်း ၎င်းက ဆိုသည်။
“နေ့ညမပြတ် (မီးစက်) နှိုးနေတဲ့အခါကျတော့ generator တွေ ပျက်တယ်။ ဆီတွေကုန်တယ်။ ဆီက ဝယ်ရတာခက်ပြီး ဈေးကတက်လာတယ်၊ စဉ်းစားကြည့်လေ” ဟု ၎င်းက ဆိုသည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် ဘယ်လိုမှ အဆင်မပြေပါဘူ။ လုပ်ငန်းလျှော့တဲ့သူတွေနဲ့၊ အလုပ်လျှော့တဲ့သူတွေနဲ့ ဒီလိုပဲသွားမှာပါ”
တရိပ်ရိပ်တက်လာသည့် ဆီဈေးကြောင့် ကုန်ကျစရိတ်ကြီးမားသဖြင့် တွက်ခြေမကိုက်တော့ကြောင်း မီးစက်နှင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစနစ် တပ်ဆင်လည်ပတ်နေသည့် စက်ရုံတချို့ ရှိသော်လည်း အခက်အခဲကို တောင့်မခံနိုင်သည့် စက်ရုံများ ရပ်ဆိုင်းသွားကြောင်း စက်ရုံလုပ်ငန်းရှင်များက ဆိုသည်။
ပိတ်သိမ်းစက်ရုံအရေအတွက် အတိအကျမသိသော်လည်း လုပ်ငန်းရပ်နားခြင်း၊ ပြန်အငှားချခြင်းပြုလုပ်လာကြသလို နိုင်ငံခြားသားပိုင်စက်ရုံများမှာ အပြီးအပိုင် ပိတ်သိမ်းလာနေကြသည်ဟု သိရသည်။
လျှပ်စစ်သည် နိုင်ငံတော်ဓာတ်အားစနစ်မှရရှိပါက တစ်ယူနစ်လျှင် ကျပ် ၁၅၀ သာ ကုန်ကျသော်လည်း မီးစက်ဖြင့် လည်ပတ်ပါက တစ်ယူနှစ်လျှင် ကျပ် ၁၀၀၀ အထက် ကုန်ကျသည်။
ဒီဇယ်တစ်ဂါလံကို ကျပ် ၁၀,၀၀၀ ကျော် ဈေးရှိနေပြီး မီးစက်ထဲ ထည့်မောင်းပါက ၁၀ ယူနစ် ထွက်သော်လည်း ဒီဇယ်ဆီကိုပင် အကန့်အသတ်ဖြင့် ဝယ်ယူနေရသည့်အတွက် လုပ်ငန်းရှင်များ အခက်တွေ့နေသည်။
တစ်ရက် နှစ်နာရီမီးပေးမှုနှင့်ပတ်သက်၍ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ၏ မြို့နယ်နှင့် ခရိုင်လျှပ်စစ်မန်နေဂျာများထံ ဆက်သွယ်မေးမြန်းသော်လည်း တုံ့ပြန်ဖြေဆိုခြင်းမရှိပေ။
အပူချိန်မြင့်တက်လာမှုကြောင့် ပြည်သူလူထုကို လျှပ်စစ်ဓာတ်အား ပိုမိုပေးနိုင်ရန် ရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း YESC အမှုဆောင်အရာရှိချုပ် ဦးကျော်သူက ဘီဘီစီမြန်မာပိုင်းသတင်းဌာနကို ပြောဆိုခဲ့သည်။
လျှပ်စစ်မီးရရှိမှု၊ ကုန်ကြမ်းအခက်အခက်နှင့် အထွေထွေအကျပ်အတည်းများကြောင့် စက်ရုံများ၏ ထုတ်လုပ်မှုစွမ်းအားကျဆင်းနေခြင်းသည် တိုင်းပြည်စီးပွားရေးနှင့် အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) ကို ထိခိုက်နိုင်ကြောင်း ရန်ကုန်မှ စက်မှုလုပ်ငန်းရှင်တို့က ပြောသည်။
ဧပြီ ၁၁ တွင် ထုတ်ပြန်သည့် ကုလသမဂ္ဂဖွံဖြိုးမှုအစီစဉ် (UNDP) ၏ အစီရင်ခံစာတစ်ခုအရ စစ်တပ်အာဏာသိမ်းမှုသုံးနှစ်အတွင်း နိုင်ငံအနှံ့မလုံခြုံမှု၊ စစ်ရေးပဋိပက္ခနှင့် ဆင်းရဲမွဲတေမှုတို့ကြောင့် စီးပွားရေးအကျပ်အတည်းဆိုက်နေပြီး လူလတ်တန်းစား ၅၀ ရာခိုင်နှုန်းပျောက်ဆုံးသွားသည်ဟု ဆိုထားသည်။