သတင်း

နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ ၎င်းတို့နှင့် ဆွေးနွေးရန် AA သတိပေး

ရခိုင်ဒေသမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ ဆက်လက်လည်ပတ်နိုင်ရေးအတွက် ၎င်းတို့နှင့် ပူးပေါင်းရန် ရက္ခိုင့်တပ်တော် AA က သတိပေးလိုက်ပြီး နောက်ထပ်နိုင်ငံတကာစီမံကိန်းများကိုလည်း ဖိတ်ခေါ်လိုက်သည်။

ရခိုင်ပြည်နယ်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ ဆက်လက်လည်ပတ်နိုင်ရေးအတွက် ၎င်းတို့နှင့် ပူးပေါင်းရန် ရက္ခိုင့်တပ်တော် (AA) က သတိပေးလိုက်ပြီး နိုင်ငံတကာမှ အသစ်ရင်းနှီးမြှုပ်နှံလိုသူများကိုလည်း ဖိတ်ခေါ်လိုက်သည်။

စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြည်နယ်အတွင်း နယ်မြေစိုးမိုးမှုအသာစီးရနေသည့် AA က ယမန်နေ့ (မတ် ၂၅) တွင် မြန်မာ-အင်္ဂလိပ်-တရုတ် သုံးဘာသာဖြင့် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ယင်းကဲ့သို့ ထည့်သွင်းရေးသားခဲ့ခြင်းဖြစ်သည်။

AA  က နောက်ထပ်တိုးလာမည့် နိုင်ငံခြားစီမံကိန်းများ၊ ရင်းနှီးမြှုပ်နှံသူများ၏ လုံခြုံရေးနှင့် အသက်အန္တရာယ်ကို ကာကွယ်မည်ဟု ထိုထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒနှင့်ပတ်သက်၍ ရက္ခိုင်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခကို Myanmar Now က ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

မြို့နယ် ၁၇ မြို့နယ်ဖြင့် ဖွဲ့စည်းထားသည့် ရခိုင်ပြည်နယ်တွင် ၈ မြို့နယ်သည် AA ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။  

ရခိုင်ပြည်နယ် ၁၀၂၇ စစ်ဆင်ရေး ၄ လကျော်အတွင်း AA က ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ပြည်နယ်မြောက်ပိုင်းမှ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ တောင်ပိုင်းမှ ရမ်းဗြဲ စုစုပေါင်း ၉ မြို့နယ်ကို သိမ်းပိုက်ထားပြီဖြစ်သည်။

ဘူးသီးတောင်၊ မောင်တောနှင့် ပြည်နယ်မြို့တော် စစ်တွေကို သိမ်းပိုက်ပြီးပါက ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခုလုံး AA ထိန်းချုပ်နိုင်ပြီဖြစ်သလို အခြားနယ်မြေများကိုလည်း ထိုးစစ်ဆင်နေရာ ထိန်းချုပ်နယ်မြေများအတွင်း စီးပွားရေးအခွင့်အလမ်းများကို မိတ်ဆက်ခြင်းဖြစ်နိုင်ကြောင်း ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက မှတ်ချက်ပြုသည်။

“ULA/ AA က နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ အစိုးရတစ်ရပ်တော့ မဟုတ်သေးဘူး။ ဒါပေမဲ့ စီးပွား‌ရေးလုပ်ငန်းရှင်တွေ အခုကတည်းက အခြေအနေကို လေ့လာသုံးသပ်ဖို့ရတာပေါ့။ ULA ဘက်က မိတ်ဆက်တဲ့သဘောမျိုး၊ စပြီးစိတ်ဝင်စားဖို့ အခြေအနေဘယ်လိုရှိတယ်ဆိုတာ လေ့လာဖို့အချိန်ရတယ် ပြောရမှာပေါ့” ဟု သူက ဆိုသည်။

စီးပွားရေးလုပ်ကိုင်ရန် တည်ငြိမ်မှုသည် အရေးကြီးပြီး AA ထိန်းချုပ်နယ်မြေများကို စစ်ကောင်စီဘက်က လက်နက်ကြီးနှင့် လေကြောင်းမှ တိုက်ခိုက်နေ၍ လက်တွေ့ရင်းနှီးမြှုပ်နှံရန် အဆင်သင့်မဖြစ်နိုင်ကြောင်း သူက ဆိုသည်။

ရခိုင်ပြည်နယ်မှ တရုတ်၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း

AA ၏ကြီးထွားလာမှုက ရခိုင်ပြည်နယ်တွင် ရှိရင်စွဲလုပ်ငန်းများသာမက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်များအတွက် မြေပြင်လုပ်ငန်းစတင်ရာတွင် AA နှင့် မဆွေးနွေး၍မရသည့် အခြေအနေဖြစ်ကြောင်း ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက သုံးသပ်သည်။

“မြေပြင်မှာတော့ ULA/ AA နဲ့ မဆွေးနွေးလို့ကို မရတဲ့အခြေအနေဖြစ်သွားပြီ။ ဒါကြောင့် သူတို့ရဲ့ အကျိုးအမြတ်တွေ ရင်းနှီးမြှုပ်နှံမှုတွေကို မဆုံးရှုံးဖို့၊ မြန်မြန်ထက်ထက် အကောင်အထည်ဖော်ဖို့ ကမ်းလှမ်းချက်တွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက လိုက်ပါဆောင်ရွက်နိုင်တာ အကောင်းဆုံးပဲလို့ မြင်ပါတယ်” ဟု သူက ဆက်ပြောသည်။

နှစ်ဖက်တိုက်ပွဲများကြောင့် လက်တွေ့ရင်းနှီးမြှုပ်နှံရန် အန္တရာယ်များသော်လည်း တော်လှန်ရေးကာလ ကြိုတင်ရင်းနှီးမြှုပ်နှံမှုများအတွက် လမ်းဖွင့်ပေးလိုက်ခြင်းဖြစ်နိုင်ကြောင်း အမည်မဖော်လိုသည့် စီပွားရေးကျွမ်းကျင်သူ အမျိုးသားတစ်ဦးက ပြောသည်။

“အာမခံချက်ပေးတာပေါ့နော်။ တော်လှန်ရေးအောင်သွားတဲ့အခါ အာမခံချက်တစ်ခုရသွားနိုင်တဲ့ အယူအဆမျိုးလို့ ယူဆတယ်။ တကယ်တမ်း Investor (ရင်းနှီးမြှုပ်နှံသူ) အနေနဲ့ လာပြီးလုပ်ဖို့ဆိုတာ အခက်အခဲရှိနိုင်တယ်။ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်ကြောင့် ထဲထဲဝင်ဝင်လုပ်ဖို့ဆိုတာ တော်တော်ခက်တယ်။ ကြိုတင်ပြီးရင်းနှီးမြှုပ်နှံနိုင်တဲ့ အနေအထားမျို့လို့ မြင်တယ်” ဟု သူက ဆိုသည်။

အခက်ခဲများကြား လုံခြုံရေးအာမခံမှုပေးခြင်းသည် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုမကျရန်ဖြစ်ပြီး ပြည်နယ်အတွင်း ဧရာမစီမံကိန်းကြီးများကို ရင်းနှီးမြှုပ်နှံလုပ်ကိုင်သည့် တရုတ်နှင့် အိန္ဒိယတို့ကလည်း ပူးပေါင်းဆောင်ရွက်ဖွယ်ရှိကြောင်း သူက ဆိုသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်သည့် ယခုထုတ်ပြန်ချက်သည် နယ်မြေစိုးမိုးမှုနှင့် အကျိုးစီးပွားများကို ကာကွယ်ပေးနိုင်သည့် AA ၏ တော်လှန်ရေးအောင်မြင်မှုလမ်းကြောင်းကို မီးမောင်းထိုးပြနေသည်ဟု ဆိုသည်။

အိန္ဒိယရင်းနှီးမြုပ်နှံမှုဖြစ်သည့် ကုလားတန်မြစ်ကြောင်းဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းပြမြေပုံ (ဓာတ်ပုံ – Wilkipedia)

နိုင်ငံအနောက်ဘက်ရှိ ရခိုင်ပြည်နယ်တွင် တရုတ်၏ ဒေါ်လာဘီလျံချီရင်းနှီးမြှုပ်နှံမည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်နေသလို တရုတ်နိုင်ငံသို့ နှစ်စဉ် ရေနံစိမ်းတန်ချိန် သန်းချီတင်ပို့နေသည့် မဒေးကျွန်းရေနံပိုက်လိုင်းစီမံကိန်းလည်း ရှိနေသည်။

ထို့အတူ အိန္ဒိယနိုင်ငံကလည်း နယ်စပ်ရှိ ချင်းပြည်နယ် ပလက်ဝမြို့၊ ရခိုင်ပြည်နယ် ကျောက်တော်မြို့၊ ပုဏ္ဏားကျွန်းမြို့တို့ကို ဖြတ်သန်းကာ စစ်တွေမြို့အနီး ပင်လယ်ထဲ စီးဝင်သည့် ကုလားတန်မြစ်ကြောင်း သယ်ယူပို့ဆောင်ရေးစီမံကိန်းတွင် အမေရိကန်ဒေါ်လာ ၄၈၄ သန်း ရင်းနှီးမြှုပ်နှံထားသည်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်ရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ကုန်းတွင်းပိတ်ဒေသများအတွက် ပင်လယ်ထွက်ပေါက်ရစေမည့် ကုလားတန်မြစ်ကြောင်းဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းကို စတင်ရန် အိန္ဒိယနှင့် မြန်မာတို့ ၂၀၀၈ ခုနှစ်ကတည်းက သဘောတူ လက်မှတ်ရေးထိုးထားသည်။

ကုလားတန်စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သော လမ်းပိုင်းတစ်ခု ဖောက်လုပ်ရေးအတွက် ယခုနှစ် ဖေဖော်ဝါရီလကုန်တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်လွှတ်တော်အမတ် Vanlalvena နှင့် AA တို့ နှစ်နိုင်ငံနယ်စပ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သည့် The Lairam Times က ဖော်ပြခဲ့သည်။

ထို့ပြင် ရခိုင်ကမ်းလွန်၌ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် အများအပြားရှိနေပြီး တောင်ကိုရီးယားနိုင်ငံမှ POSCO ကုမ္ပဏီက ဦးဆောင်လုပ်ကိုင်နေသည့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှာ တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချနေသည်။

ရခိုင်ပြည်နယ်သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုများရှိနေသည်။

Show More

Related Articles

Back to top button