သတင်း

ရေတာရှည်မြို့နယ်တွင် တိုက်ပွဲပြင်းထန်၊ အရပ်သားထောင်နှင့်ချီ နေရပ်စွန့်ခွာ

နေပြည်တော်နှင့် မိုင် ၅၀ ကျော်သာ ဝေးသည့် ပဲခူးတိုင်း ရေတာရှည်မြို့တွင် စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ဒေသခံတချို့ သေဆုံးပြီး ထောင်နှင့်ချီ စစ်ဘေးရှောင်နေရသည်။

နေပြည်တော်နှင့် မိုင် ၅၀ ကျော်သာ ဝေးသည့် ပဲခူးတိုင်း ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းတွင် စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ဒေသခံတချို့ သေဆုံးပြီး ထောင်နှင့်ချီ စစ်ဘေးရှောင်နေရသည်ဟု တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံများက ပြောသည်။

ဧပြီလ ၁၆ ရက်နေ့မှ စတင်ကာ စစ်တပ်က မြို့နယ်အတွင်း လက်နက်မျိုးစုံနှင့် စစ်ကြောင်းထိုး တိုက်ခိုက်စဉ် ရဟတ်ယာဉ်ပစ်ကူပါ ရောက်လာတတ်သည်ဟု ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ခုနောက်ပိုင်း ဒရုန်းတွေသုံးတယ်၊ လေကြောင်းနဲ့ လက်နက်ကြီးသုံးတယ်၊ ဒီသုံးခုကို အမှီပြုပြီး ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ ကာထားတဲ့ ကျေးရွာနေရာတွေကို သူတို့နဲ့ (စစ်တပ်) ထိတွေ့တိုက်ခိုက်မှုဖြစ်တာ” ဟု သူက ပြောသည်။

ထိုအခြေအနေများကြောင့် ကျေးရွာများတွင် အမျိုးသားအနည်းငယ်ကို အိမ်စောင့်အဖြစ် ထားရှိပြီး ရေတာရှည်၊ ဆွာ မြို့ပေါ်များနှင့် ရိုးမတောင်ပေါ်ရှိ တပ်ဆိုးကျေးရွာများသို့ တိမ်းရှောင်နေကြသည်ဟု ဆိုသည်။

ပြည်သူတို့မှာ လုယက်မှုကိုပါ ရင်ဆိုင်နေရသည်ဟု လုံခြုံရေးအရ ရွာနာမည်မဖော်ပြလိုသည့် အသက် ၄၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အတော်ဆိုးတယ်၊ စစ်သားတွေက တွေ့တာနဲ့ အကုန်ပစ်မယ်၊ ပြည်သူဘာညာမသိဘူး၊ ပြီးရင် ရွာထဲ PDF ကျန်လားဆိုပြီး အိမ်ထဲဝင်စစ်၊ သော့ပိတ်လည်း ဖျက်ပြီးဝင်တယ်၊ ပြီးရင် ရှိသမျှပစ္စည်းအကုန်ယူတာ” ဟု သူက ပြောသည်။

စစ်တောင်းမြစ်ဘေးရှိ ဆွာမကြီးရွာရှိ ဘုန်းကြီးကျောင်းတွင် ဗျူဟာမှူးကိုယ်တိုင်ကွပ်ကဲ အထိုင်ချပြီး မြောင်းတူး၊ ခင်တန်း၊ ကျိတ်ပုတီး၊ ရွာသစ်ရွာ၊ ထန်းပင်ကုန်းသို့ စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်ဟုလည်း သိရသည်။

စစ်ကြောင်းထိုးမှုအကြောင်းကို စစ်ကောင်စီသို့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်တပ်၏ အွန်လိုင်းစာမျက်နှာတွင် ပြီးခဲ့သည့် ရက်ပေါင်း ၃၀ အတွင်း ရေတာရှည်မြို့နယ် အခြေအနေနှင့် ပတ်သက်ပြီး သတင်းဖော်ပြခြင်း မရှိပေ။

ဓားစာခံ

ခင်တန်း၊ ကျိတ်ပုတီးကျေးရွာတွင် ဧပြီ ၁၇ ရက်က တိုက်ပွဲအတွင်း ဒေသခံအမျိုးသားတစ်ဦးနှင့် ယင်း၏ လယ်ထွန်စက်ကို ဓားစာခံလုပ်ပြီး စစ်တပ်လက်အောက်ခံ ပျူစောထီး ၂ ဦးက ရွာအတွင်း ဝင်ရောက်လာသည်ဟု ဒေသခံတို့က ဆိုသည်။

မြင်တွေ့ခဲ့သူ ဒေသခံများ၏ အဆိုအရ လယ်ထွန်စက်မောင်းနှင်သူ အမျိုးသားကို အဝတ်ဖြင့် ပါးစပ်ပိတ်၊ ကြိုးဖြင့် ချည်ပြီး လူနှစ်ယောက်က ဘေးနှစ်ဖက်တွင် ထိုင်၍ သေနတ်ဖြင့် ဆက်တိုက် ပစ်ပြီး ရွာအတွင်း ဝင်ရောက်လာသည်ဟု သိရသည်။

“PDF တွေက ပစ်တော့ လယ်ထွန်စက်မှာ ပါလာတဲ့နှစ်ယောက်က ဗုံးကျင်းထဲ ဝင်ပြေးတာ၊ အဲဒါကို လက်နက်ချ မပစ်ဘူးပြောတာ၊ လက်မခံတော့ ကျင်းထဲမှာပဲ ပစ်လိုက်ရတာ” ဟု မြင်တွေ့ခဲ့သူ ဒေသခံအမျိုးသမီးက ဆိုသည်။

သေဆုံးသူနှစ်ဦးသည် ပြည်သူ့စစ် ခေါ် ပျူစောထီးများဖြစ်ပြီး အရပ်ဝတ်များ ဝတ်ဆင်ထားသည်ဟု သူက ဆိုသည်။

လယ်ထွန်စက်မောင်းနှင်ပေးခဲ့ရသူမှာ မြောင်းတူးဒေသခံ အသက် ၄၀ ကျော် ကိုဟန်ငြိမ်းဖြစ်ပြီး ရင်ဆိုင်ခဲ့ရသည့် အခြေအနေဆိုးကြောင့် စိတ်ကျန်းမာရေး ထိခိုက်နေကြောင်း ၎င်းက ဆိုသည်။

ထိုတိုက်ပွဲတွင် ရှိနေသည့် PDF ရဲဘော်တစ်ဦးက လယ်ထွန်စက်သည် ၎င်းတို့ ကင်းစောင့်သည့်နေရာသို့ ရောက်လာစဉ် အရပ်သားများဟု ယူဆသဖြင့် ဝင်ခွင့်ပြုခဲ့သည်၊ ရွာထဲရောက်မှ အခြေအနေမှန်ကို သိပြီး လက်နက်ချအညံ့ခံရန် ညှိနှိုင်းခဲ့သော်လည်း လက်မခံ၍ ပစ်ခတ်ခဲ့ရသည်ဟု အတည်ပြုသည်။

ဧပြီ ၁၇ ရက် ခင်တန်း၊ ကျိတ်ပုတီးကျေးရွာတိုက်ပွဲတွင် ပုဝါနီစစ်ကြောင်းမှ ရဲဘော်ရဲရင့်သူ၊ ကီးဘူစစ်ကြောင်းမှ ရဲဘော်ဆိုလာ၊ နေပြည်တော်တပ်ရင်း ၉၀၁ မှ စနိုက်ပါရဲဘော် ဇိုးလေးနှင့်၊ တပ်ခွဲ (၃) တပ်ခွဲမှူး ရဲဘော်သရဲတို့ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရှိသူများလည်း ရှိကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

အိမ်စွန့် ယာစွန့် ဘဝများ

ယနေ့ ဧပြီ ၂၅ ရက်တွင်လည်း ပဲခူးတိုင်း စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများသို့ လေကြောင်းမှ တိုက်ခိုက်သည်၊ စစ်တပ်နှင့် တော်လှန်ရေးအင်အားစု မြေပြင်တွင် ထိတွေ့တိုက်ခိုက်မှုမရှိဘဲ အပြန်အလှန် စောင့်ကြည့်နေကြသည်ဟု ဒေသခံတို့က ဆိုသည်။

ပဲခူးတိုင်း တောင်ငူ၊ ရေတာရှည်၊ ဆွာ စသည့် မြို့နယ်များမှာ KNU တပ်မဟာ ၂ လှုပ်ရှားမှုနယ်မြေအတွင်း အကျုံးဝင်သည့်နည်းတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းလှုပ်ရှားနေသည့် နယ်မြေလည်း ဖြစ်သည်။

တိုက်ပွဲများနှင့် စစ်တပ်၏ ဖမ်းဆီးမှုများကြောင့် ဒေသခံများမှာ လယ်ယာစိုက်ပျိုးနိုင်ခြင်း မရှိတော့ဟု သိရသည်။ ပြီးခဲ့သည့်နှစ်တိုက်ပွဲများတွင် ဗုံးခိုကျင်းအတွင်း ခိုအောင်းနေရုံနှင့် အန္တရာယ်ကင်းခဲ့သော်လည်း ယခုနှစ် ဧပြီလတွင်မူ တိုက်ပွဲ ပိုမိုပြင်းထန်လာသဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရစဉ် စစ်ကောင်စီ လက်နက်ကိုင်တို့က ပစ္စည်းများ ဝင်ခိုးကြသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အစ်မတို့အိမ်မှာ ပစ္စည်းသိပ်မရှိတာတောင် ရှိတဲ့ အိမ်သုံးပစ္စည်းနဲ့ အသုံးဆောင်တွေ ယူသွားကြတယ်၊ ဒီတစ်ခေါက်ကတော့ အစ်မတို့ ဘဝတွေတော့ ပျက်တာပဲ” ဟု သူက ပြောသည်။

ခိုးယူသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက် ရယူနိုင်ခြင်း မရှိသေးပေ။

တိုက်ပွဲများ ငြိမ်သက်နေ၍ နေရပ်သို့ အရဲစွန့်ပြန်သည့် ဒေသခံများရှိပြီး ရွာထဲသို့ ဝင်ရောက်ပါက စစ်တပ်က တာဝန်ပေးထားသော ဒေသခံထံတွင် နာမည်စာရင်းပေးပြီးမှ ဝင်ရောက်ရသည်ဟုလည်း ဆိုသည်။

“ရွာထဲဝင်ရင် စာရင်းပေးဝင်ရသေးတယ်၊ ပြန်ထွက်ရင်တော့ မရဘူး၊ အဝင်လက်ခံတယ်၊ အထွက်လက်မခံတာလို့ လူကြီးတွေကပြောတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ဧပြီ ၁၆ ရက်မှ စတင်ခဲ့သည့် တိုက်ပွဲတွင် ဒေသခံ ၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဖမ်းဆီးခံထားရသူများလည်း ရှိကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက ပြောသည်။

စစ်တပ်စစ်ကြောင်းထိုးနေသည့် ရွာသစ်ကျေးရွာရှိ အိမ်ကို မီးရှို့သည်ကို ဝင်တားသည့် အမျိုးသား ၅ ဦး ပစ်သတ်ခံရသည်၊ ထိုအထဲတွင် ကလေးငယ်တစ်ဦး ပါဝင်ကြောင်း စုံစမ်းသိရသည်။ ပိတ်တောက်ကုန်းနှင့် စည်းပိုင်းရွာတို့တွင်လည်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ လေးဦး သေဆုံးခဲ့ကြောင်း သတင်းရသော်လည်း အသေးစိတ်ကို မသိရှိရပေ။

ပိတောက်ကုန်း၊ စည်ပိုင်း၊ ရှမ်းစု၊ ကျွန်းကုန်း၊ နကျပ်၊ ဂူကြီး၊ ရွာသစ်၊ ခင်တန်း၊ ကျိတ်ပုတီး၊ အင်းတိုင်တော၊ ဆယ်ဝတော၊ ရွာသစ်၊ ထန်းပင်ကုန်း၊ မြောင်းတူး၊ ဆွာမကြီး၊ ရေတာရှည်လေး၊ နားကျပ် အပါအဝင် ကျေးရွာ ၂၅ ရွာထက်မနည်းမှ ဒေသခံ ထောင်နှင့်ချီ စစ်ဘေးရှောင်နေရခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလကလည်း ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းမှ ပိတ်တောက်ကုန်း၊ ရှမ်းစု၊ စည်းပိုင်း ကျေးရွာတို့ကို ရဟတ်ယာဉ်မှ ဗုံးကြဲ၊ စက်သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် ၃ ဦးအပါအဝင် ဒေသခံ ၇ ဦးသေဆုံးခဲ့သည်။

နိုင်ငံအလယ်ပိုင်း ပဲခူးရိုးမနှင့် နိုင်ငံအရှေ့ပိုင်း တောင်တန်းများကြားတွင် တည်ရှိသည့် စစ်တောင်းမြစ်ဝှမ်းဒေသသည် စစ်ရေးအရ အချက်အချာကျသောကြောင့် ယင်းဒေသကို ခြေကုပ်ရယူနိုင်ရန် တော်လှန်ရေးအင်အားစုများဘက်က ကြိုးပမ်းနေသည်။ စစ်ကောင်စီကလည်း အပြင်းအထန် ပြန်လည်တုံ့ပြန်နေသည်။

Show More

Related Articles

Back to top button