စစ်ဗိုလ်ချုပ်ကြီးများ အခြေစိုက်ရာ နေပြည်တော်၏ တောင်ဘက် မိုင် ၅၀ ကျော်အကွာ ပဲခူးတိုင်း ရေတာရှည် မြို့နယ်တွင် ဇွန်လဆန်းမှစတင်၍ စစ်တပ်က ဝေဟင်၊ မြေပြင် တန်ပြန်ထိုးစစ်လုပ်နေသဖြင့် တိုက်ပွဲများဖြစ်နေပြီး ကိုးရွာထက်မနည်းမှ အရပ်သား တစ်ထောင်ကျော် ထွက်ပြေးနေရသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များ၊ ဒေသခံများထံက သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ နေပြည်တော်တိုင်းစစ်ဌာန အမှတ် (၁၈) ဗျူဟာ၊ အမှတ် (၁၉) ဗျူဟာ လက်အောက်ခံ PDF တပ်ရင်းများနှင့် နေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တို့က ပြီးခဲ့သည့် ဇွန်လအတွင်း ရေတာရှည်၊ ဆွာမြို့နယ်တို့တွင် အခြေချ စစ်စခန်းများကို ဝင်ရောက်တိုက်ခိုက်မှု ကြားဖြတ်တိုက်ခိုက်မှုများ ခုနစ်ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည်။
ဇွန်လ ၃ ရက်က ဆွာမြို့အရှေ့ဘက် လေးမိုင်ခန့်အကွာ ဆွာမကြီး (ဆွာရွာမ) ရွာနှင့် ရွာသစ်ကျေးရွာတို့ရှိ စစ်တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်မှုတွင် အမှတ်(၆၀၁၇) တင့်ကားတပ်ရင်းမှ ဗိုလ်မှူး ကျော်လင်းအောင် (ကြည်း – ၄၄၇၂၉) အပါအဝင် ၂၀ ခန့်သေဆုံးကာ ခဲယမ်းအများအပြားရရှိခဲ့သည်။
ထို့နောက် စစ်တပ်က ဇွန်လဆန်းမှစတင်၍ စစ်တောင်းမြစ်အရှေ့ခြမ်းဒေသများကို လေကြောင်းပစ်ကူ မြေပြင်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
PDF တပ်ဖွဲ့များရှိသည့် ပဲခူးရိုးမအစပ် ကျေးရွာများကို စစ်တပ်က အင်အားဖြန့်ခွဲပြီး စစ်ကြောင်းထိုးနေ၍ ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး လနှင့်ချီ စစ်ရေးတင်းမာနေသည်ဟု ယင်းနယ်မြေ၌ လှုပ်ရှားနေသည့် PDFတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ဆိုသည်။
“စစ်ကြောင်းထိုးပြီဆိုတာနဲ လေကြောင်းကနေ ပစ်ကူတော့တာ၊ လက်နက်ကြီးရော၊ ဒရုန်းရောနဲ့ရော၊ အခုထိ လေကြောင်းတိုက်ခိုက်မှုကတော့ ရှိနေတုန်းပဲ”ဟု ၎င်းက ယမန်နေ့နံနက်တွင် ပြောသည်၊။
တော်လှန်ရေးတပ်များရှိမည်ဟု ယူဆရသည့် ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီး၊ Y-12 ထောက်ပို့ လေယာဉ်၊ တိုက်လေယာဉ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များ အသုံးပြု၍ နေ့စဉ်နီးပါး တိုက်ခိုက်နေကြောင်း ၎င်းက ဆက်ပြောသည်။
ဇူလိုင်လ ၁ ရက်နှင့် ၇ ရက်တို့တွင် ရေတာရှည်မြို့နယ် နကျပ် (အောက်) ရွာကို စစ်တပ်က အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ပြီး နေအိမ်အချို့၊ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံတို့ မီးလောင်ပျက်စီးကာ နွားများသေဆုံးခဲ့ကြောင်း၊ လူအထိအခိုက်မရှိကြောင်း ရေတာရှည်ပကဖထံက သိရသည်။
“ နကျပ်ရွာတွေက အမြဲ အပစ်ခံနေရတဲ့ရွာတွေ၊ အဲဒီရွာက တောင်တန်း(ပဲခူရိုးမ)ရွာတွေ၊ အဲဒီနားက ပိတောက်ကုန်း၊ ကျွန်းကုန်းရွာတွေကလည်း ရွာပျက်တွေဖြစ်နေပြီ။ နကျပ်(အထက်) ရွာမှာဆို (ဒေသခံ) လေး ငါးယောက်၊ အောက်ရွာမှာဆို ၁၀ ယောက်လောက် ရှိကြတာ။ ပိုက်ဆံမရှိတဲ့သူတွေ၊ မြို့ပေါ်မသွားနိုင်တဲ့သူတွေပဲ ကျန်ခဲ့တာ” ဟု ရေတာရှည်မြို့ပေါ်သို့ စစ်ရှောင်နေသူ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၃ ရက်က ရေတာရှည်မြို့နှင့် စစ်တောင်းမြစ်ကူးတံတားတစ်ခုသာခြားသည့် ဆွာမကြီးရွာနှင့် အနီးရှိ ရွာသစ်ရွာတို့တွင် ရှိသော စစ်တပ်အထိုင် စခန်းများကို တော်လှန်ရေးတပ်များ တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က ရေတာရှည်မြို့မှလေးမိုင်အကွာ ကျိပ်ပတီးရွာ ဘုန်းကြီးကျောင်း၌ အင်အား ၄၀ ကျော်ဖြင့် အထိုင်ချတပ်စွဲထားသည်ဟု ဒေသခံများထံက သိရသည်။
ထို့နောက် စစ်တပ်က စစ်ရှောင်သွားသည့်ဒေသခံများကို နေရပ် ပြန်လည်နေထိုင်ရန် ပြောခဲ့ပြီး စာသင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်လည်း ဆရာမများအား အတင်းအဓမ္မ ဖိအားပေးခဲ့ကြောင်း မျက်မြင် ကြုံတွေ့ခဲ့ရသော ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ရွာကိုသာပြန်ခေါ်တာ၊ သတ်မှတ်နေရာနဲ့ သူတို့ မသွားနဲ့ဆိုတဲ့နေရာကို သွားရင် ပစ်မယ်၊ ရွာထဲ ဒီအတိုင်း နေရင်လည်း နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ရွာထဲကို သေနတ်ကိုင် ကင်းပတ်ပြီး လှည့်ကြည့်တယ်” ဟု ၎င်းက ကြုံတွေ့ခဲ့ရပုံကို ပြောပြသည်။
ရေတာရှည်မြို့အနီးဝန်းကျင်မှ စစ်စခန်းများ တိုက်ခိုက်ခံရခြင်းကြောင့် PDF များ နေထိုင်သည်ဟု ယူဆသည့် ပဲခူးရိုးမအနီး ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေခြင်းဖြစ်နိုင်ကြောင်း ထိုအမျိုးသမီးက ယူဆသည်။
လက်ရှိတွင် ရိုးမအစပ်မှ ပိတောက်ကုန်း၊ နကျပ် (အထက်) ရွာနှင့် နကျပ် (အောက်) ရွာ ၊ ကျွန်းကုန်းကျေးရွာ တို့သည် စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှု၊ မီးရှို့ခံရမှုများကြောင့် ရွာပျက်ကြီးများဖြစ်နေပြီး လူ ၂၀ ဦးခန့်သာ ဆက်နေထိုင်နေသည်ဟု ၎င်းထံက သိရသည်။

လက်ရှိတွင် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း ကျိပ်ပတီး၊ ခင်တန်း၊ ဆွာမကြီး၊ ရွာသစ်၊ ငှက်ပျောတော၊ အိုးမြေတူး၊ ပိတောက်ကုန်း၊ နကျပ်၊ ကျွန်းကုန်း စသည့် ကိုးရွာထက်မနည်းမှ ဒေသခံများသည် နီးစပ်ရာ ကျေးရွာများနှင့် မြို့ပေါ်သို့ တိမ်းရှောင်နေကြပြီး ငွေကြေးမတတ်နိုင်သူများက ပဲခူးရိုးမအတွင်း ယာယီတဲထိုး၍ နေထိုင်နေကြရသည်။
မိုးတွင်းကာလဖြစ်နေ၍ စစ်ရှောင်လာသူများ စားဝတ်နေရေးနှင့် နေထိုင်ရေးအလွန်ခက်ခဲနေကြောင်း ဆွာမြို့ပေါ်သို့ စစ်ရှောင်လာသူ အမျိုးသားတစ်ဦးကလည်း ပြောသည်။
“ တောင်တန်း(ပဲခူးရိုးမ)တွေဆီ စစ်ရှောင်တဲ့သူတွေဆို မျှစ်ချိုးပြီးစားတယ်၊ ရွာတွေမှာဆို အသိအိမ် အမျိုးအိမ်မှာ စားကြ၊ မဟုတ်ရင် ရွာထဲက စားသောက်စရာတွေ စုပြီး ဘုန်းကြီးကျောင်းမှာ စားကြတယ်”ဟု ၎င်းက ပြောပြသည်။
ဆွာနှင့်ရေတာရှည်၊ မကွေးတိုင်းနှင့်ထိစပ်နေသော အမြန်လမ်းများ၌ ဇွန်လအတွင်း ခုနစ်ကြိမ်ထက်မနည်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ ဗိုလ်မှူးတစ်ဦးအပါအဝင် ၄၀ ကျော်ခန့် သေဆုံးခဲ့ပြီး ရဲစခန်းမှူး အပါအဝင် အများအပြား ဒဏ်ရာရရှိသွားခဲ့သည်။ ယင်းတိုက်ပွဲတွင် လက်နက်ငယ် ၁၈ လက်နှင့် ခဲယမ်းများ၊ ဆက်စပ် ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့သည်ဟု NUG နေပြည်တော်တိုင်းစစ်ဌာန၊ အမှတ်(၂) စစ်ဆင်ရေး နယ်မြေက ဇူလိုင်လ ၂ ရက်တွင် ထုတ်ပြန်ထားသည်။
ပဲခူးတိုင်း တောင်ငူခရိုင် ရေတာရှည်မြို့နယ်သည် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် တည်ရှိပြီး ပဲခူးအနောက်ခြမ်း ပြည်မြို့သည်လည်း တောင်ငူမြို့မှနေ၍ ပဲခူရိုးမကိုဖြတ်ကာ သွားရောက်နိုင်သည်။
ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင်နှင့်သာယာဝတီခရိုင်တို့တွင် ဇွန်လအတွင်း လေကြောင်း၊ မြေပြင် စစ်ကြောင်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း NUG လက်အောက်ခံ ပဲခူးတိုင်း စစ်ဌာန၊ အမှတ်(၂၁) ဗျူဟာ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြည်ခရိုင် အမှတ် (၂) တပ်ရင်းထံက သိရသည်။
ဇူလိုင် ၁ ရက် မွန်းလွဲ ၁ နာရီအချိန်တွင် ပဲခူးရိုးမအနီး၌ ရှိသည့် ပေါင်းတည်မြို့နယ်၊ တောင်ခမောက်နှင့် လက်ပံခုန်ရွာတို့ကို ဗုံးကြဲခဲ့၍ နေအိမ်အချို့ထိခိုက်မှုရှိခဲ့ပြီး တောင်ခမောက်ရွာမှ ဦးဆန်းမြင့် သေဆုံးခဲ့ကြောင်း ပဲခူးအနောက်ခြမ်းစစ်ဘေးရှောင်များကို ကူညီနေသူ အမျိုးသမီးတစ်ဦးကလည်း ပြောသည်။
နောက်တစ်နေ့ (ဇူလိုင်လ ၂ ရက်) ညနေတွင် သဲကုန်းမြို့အဝင် ပြည်- သဲကုန်းလမ်းပိုင်းပေါ် အင်အား ၃၀ ဝန်းကျင်ခန့်ရှိသည့် စစ်တပ်ဂိတ်ကို ပြည်ခရိုင် PDF တပ်ရင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။ ထိုပစ်ခတ်မှုအတွင်း PDF တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး စစ်တပ်ဘက်မှ ငါးဦး သေဆုံးခဲ့ကြောင်း ဇူလိုင်လ ၆ ရက်တွင် ပြည်ခရိုင် အမှတ် (၂) တပ်ရင်းက ထုတ်ပြန်ထားသည်။
ဇွန်လအတွင်း ပြည်ခရိုင် ပေါင်းတည်နှင့် သဲကုန်းမြို့နယ် ရိုးမအစပ်ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ဖြစ်ပွားခဲ့သောတိုက်ပွဲများတွင် နှစ်ဖက် ထိခိုက်သေဆုံးမှု ရှိကြောင်း ဒေသခံများက ဆိုကြသည်။
ထိုအခြေအနေများနှင့် ပတ်သက်၍ NUG ပြည်ခရိုင် PDF ပြောရေးဆိုခွင့်ရှိသူများထံ ဆက်သွယ်မေးမြန်း၍ မရသေးပေ။ စစ်တပ်ကလည်း ထိုအခြေအနေများကို သတင်းထုတ်ပြန်ခြင်း မပြုသေးပေ။




