ထိုကားလမ်းပေါ်ရှိ ရွှေလှေကျေးရွာအနီး စစ်တပ် စစ်ဆေးရေးဂိတ်တစ်ခုတွင် ထိုသို့ ပစ်သတ်ခံရသူမှာ သံတွဲနှင့် တောင်ကုတ်မြို့ကြား ခရီးသည်များ၊ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးနေသည့် သံတွဲမြို့နယ် အန်းတောဒေသခံ အသက် ၃၀ နှစ်ခန့်အရွယ် ကိုစိုးသူဖြစ်သည်။
ကားပေါ်မှ ခရီးသည် အမျိုးသမီးတစ်ဦး၊ ဆိုင်ကယ်ဖြင့် ဈေးလှည့်ရောင်းနေသူ အမျိုးသားတစ်ဦးတို့လည်း ဒဏ်ရာရသွားသည်ဟု ဒေသခံတို့က ပြောသည်။
ပစ်ခတ်ရသည့် အကြောင်းရင်းကို မသိရသေးကြောင်း သံတွဲမြို့နယ်တွင် နေထိုင်သူ အမျိုးသားက ပြောသည်။
“ကားသမား သေနတ်မှန်ပြီး သေတယ်ဆိုတာ သိရတယ်။ နှစ်ယောက် ဒဏ်ရာရတယ်။ ဒဏ်ရာရသူတွေကို သံတွဲဆေးရုံကို ပို့ထားတယ်။ ဘာကြောင့်၊ ဘယ်သူက၊ ဘယ်လိုပစ်တယ် ဆိုတာကိုတော့ ကျွန်တော်တို့မသိရဘူး” ဟု အဆိုပါ ဒေသခံက ပြောသည်။
ရုပ်အလောင်းကိုသာမက ဒဏ်ရာရသူများကို ထိုနေရာမှ သယ်ထုတ်နိုင်ရန် သံတွဲမြို့ခံ လူမှုကူညီရေးအသင်းများက ကူညီကြောင်း၊ ဒဏ်ရာရသူများ၏ အခြေအနေကို မသိရသေးကြောင်း ဒေသခံတို့က ပြောသည်။
သံတွဲ-တောင်ကုတ် ကားလမ်းမအနီးရှိ ဒေါ်မြရွာဟောင်းအနီး စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဆက်ဖြစ်နေသည်ဟု မြို့ခံများက ယနေ့ (ဧပြီ ၂၄ ရက်) တွင် ဆိုသည်။
နာမည်ကျော် ငပလီကမ်းခြေ တည်ရှိရာ သံတွဲမြို့နယ်အတွင်း ပစ်ခတ်မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းအမှောင်ချထားသည်။
စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် အာဏာသိမ်းမှု ဆန့်ကျင်သူများ၊ အရပ်သားများ ပစ်သတ်ခံရသူ အရေအတွက် ၄၉၂၇ ဦး ရှိသည်ဟု ဖမ်းဆီးသတ်ဖြတ်မှုများကို လက်လှမ်းမီသမျှ လေ့လာမှတ်တမ်းတင်နေသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ ယနေ့ (ဧပြီ ၂၄) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သံတွဲမြို့နယ်တွင် တိုက်ပွဲများမှာ ဧပြီလ ၁၃ ရက်နေ့က စတင်ခဲ့ခြင်းဖြစ်သည်။
ဧပြီ ၂၂ ရက်နေ့ကလည်း ပုရစ်ရေကောက်ကျေးရွာအနီး တိုက်ပွဲပြင်းထန်ခဲ့သည်။
ထိုတိုက်ပွဲတွင် နှစ်ဖက် ထိခိုက်သေဆုံးမှုရှိသည်၊ စစ်ကောင်စီတပ်ဘက်မှ အယောက် ၄၀ ခန့်အထိ ထိခိုက်သေဆုံးသည်ဟု ရခိုင်ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သည့် Arakan Bay က ဖော်ပြသည်။ ထိုသေဆုံးမှု အရေအတွက်နှင့်ပတ်သက်၍ Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
တိုက်ပွဲများမရှိသေးခင်ကပင် စစ်ကောင်စီရေတပ်က ထိုဒေသကို ပစ်ခတ်ခဲ့သည်ဟု ရခိုင်ပြည်နယ်တောင်ပိုင်းဒေသသတင်းများ ဖော်ပြနေသည့် ဒွါရာဝတီ အွန်လိုင်းစာမျက်နှာရှိ ဧပြီ ၂၃ ရက်နေ့ ရက်စွဲတပ် သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။
မတ် ၃၀ ရက်နေ့က သံတွဲမြို့နယ် ပုရစ်နှင့် ရေကောက်ကျေးရွာဝန်းကျင်၊ ဧပြီ ၉ ရက်နေ့က တောင်ညိုကျေးရွာတို့ ပစ်ခတ်ခံရသဖြင့် လူတစ်ဦးထိခိုက်ကာ နေအိမ်တချို့ မှန်ကွဲခဲ့သည်ဟု ထိုသတင်းက ဆိုသည်။
AA သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ပြီး ရခိုင်ပြည်နယ်တွင်းရှိ အာဏာသိမ်းစစ်ကောင်စီတပ်၏ အခြေစိုက်စခန်းကြီးငယ်တို့ကို ထိုးစစ်ဆင်ခြင်းဖြစ်သည်။
လတ်တလောတွင် ပြည်နယ်မြောက်ပိုင်းမြို့နယ်များဖြစ်သည့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံနှင့် ရမ်းဗြဲ ချင်းပြည်နယ် ပလက်ဝမြို့တို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။
ထို့ပြင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့ရှိ စစ်စခန်းများကို တိုက်ခိုက်နေရုံသာမက ပြည်နယ်တောင်ပိုင်းဒေသကိုပါ တိုက်စစ်ဆင်လာနေသည်။
၂၀၂၁ တွင် စစ်တပ်က အာဏာသိမ်းပြီး ဆန္ဒပြသူများကို ပစ်ခတ်ရာမှ နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံလိုသူတို့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေကြသည်။
၂၀၂၄ နှစ်ဆန်းပိုင်းတွင် စစ်ကောင်စီတပ် သိသိသာသာ အထိနာခဲ့ပြီး စစ်ကောင်စီ၏လက်နက်ကိုင်တို့မှာ ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများအထိ နယ်စပ်ဖြတ်ကူး ဆုတ်ခွာထွက်ပြေးမှုများ ပေါ်ပေါက်လာသည်။