
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ရိုဟင်ဂျာဒုက္ခသည်စခန်းတချို့နှင့် ကျေးရွာတချို့တွင် ဝမ်းရောဂါကြောင့် ဧပြီလ ပထမ ၃ ပတ်အတွင်း ၈၀ ကျော် သေဆုံးသည့်အထဲတွင် ကလေးအများအပြား ပါဝင်သည်ဟု ဒုက္ခသည်အရေး အကူအညီပေးနေသူများနှင့် ဒေသခံများက Myanmar Now ကို ပြောသည်။
သေဆုံးသူတို့မှာ အောင်မင်္ဂလာ၊ ဘုမေ၊ ဒါးပိုင်၊ ဘာဆာရာ အုန်းတောကြီး၊ အုန်းတောရှည် ကျေးရွာများရှိ စခန်းများမှ ဖြစ်ပြီး မသန့်ရှင်းသည့် ရေနှင့် လေထုကြောင့် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါဖြစ်ပွားရခြင်းဖြစ်ပြီး ဆေးကုသမှု အချိန်မီ မရရှိ၍ သေဆုံးနှုန်း မြင့်တက်လာခြင်းဖြစ်သည်ဟု ဒုက္ခသည်အရေးကူညီနေသူတစ်ဦးက ပြောသည်။
“ဝမ်းရောဂါ စဖြစ်တာကတော့ ကြာပါပြီ။ ၁ လကျော်ပါပြီ။ လူသေတာကတော့ ခုလအတွင်းမှာ စဖြစ်တာပါ။ ခုဆိုရင် ၃ ပတ်ကျော်ကျော်အတွင်းမှာ သေတာကများပါတယ်။ ကျွန်တော်တို့ စာရင်းမကောက်နိုင်သေးတဲ့ ရွာတွေလည်း အများကြီးရှိပါသေးတယ်” ဟု ၎င်းက ပြောသည်။
ဝမ်းပျက်၊ ဝမ်းလျှောမှုကြောင့် သေဆုံးမှုအရေအတွက်မှာ အုန်းတောကြီး (တောင်) ၂၇ ဦး၊ စေတမကြီး Camp ၂၇ ဦး၊ အုန်းတောကြီး (မြောက်) ၁၀ ဦး၊ အောင်မင်္ဂလာရပ်ကွက် ၈ ဦး၊ ဒါးပိုင် ၅ ဦး၊ အုန်းတောရှည် ၃ ဦး၊ ဘာဆာရာစခန်း ၁ ဦး၊ ဘာဆာရာ ရွာ ၂ ဦး၊ ဘုမေ ၂ ဦး၊ သက္ကယ်ပြင် ၁ ဦး ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
သူလက်လှမ်းမီသလောက် ရရှိသည့်စာရင်းအရ သေဆုံးသူအရေအတွက် ၈၆ ဦး ရှိနေသည်။
ထိုအထဲတွင် သက်ကြီးရွယ်အို ၁၀ ဦးနီးပါး ပါဝင်သည်ဟု ဆိုသည်။
“ဒီဝမ်းရောဂါက အမြဲတမ်းတော့ဖြစ်တယ်။ နှစ်တိုင်း၊ နှစ်တိုင်းတော့ ဖြစ်တယ်။ ဒီနှစ်ကျတော့ ဆေးကုသခွင့် မရတာရယ်၊ ဆေးကုဖို့အတွက် ဆေးရုံ၊ ဆေးခန်းတွေက အဆင်မပြေတာရယ်။ ဒုက္ခသည်စခန်းတွေမှာက NGO အဖွဲ့အစည်းတွေက သန့်ရှင်းရေး ပုံမှန်မလုပ်နိုင်တာရယ်ကြောင့် အဓိကဖြစ်တယ်လို့ ယူဆရတယ်” ဟု ၎င်းက ဆက်ပြောသည်။
စစ်တွေအပါအဝင် ရခိုင်ပြည်နယ်၏ ဒေသအများစုတွင် ဆေးဝါးနှင့် အစားအစာများ လွတ်လပ်စွာသယ်ယူခွင့် ပိတ်ပင်ခံထားရသည်။
စစ်တွေရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ဝမ်းရောဂါကြောင့် သေဆုံးမှုမြင့်တက်လာသည့် အခြေအနေများကို Myanmar Now က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
အကူအညီမဲ့နေသည့် ရိုဟင်ဂျာများ
၂၀၁၂ ခုနှစ်ကစတင်ခဲ့သည့် အရေးအခင်းအပြီးတွင် နေအိမ်နှင့် ပိုင်ဆိုင်မှုများ ဖျက်ဆီးခံခဲ့ရသည့် ထောင်ပေါင်းများစွာသော ရိုဟင်ဂျာမိသားစုများသည် စစ်တွေလေဆိပ် အနောက်ဘက်မှ စတင်ပြီး စစ်တွေနည်းပညာတက္ကသိုလ်အထိ ဘင်္ဂလားပင်လယ်အော် ကမ်းခြေတစ်လျှောက်ရှိ ဒုက္ခသည်စခန်းများနှင့် ဓနိမိုး၊ ထရံကာ တဲငယ်များတွင် နေထိုင်ကြသည်။
ထို့နောက် စစ်ရေး၊ နိုင်ငံရေး အဘက်ဘက်က ရှုံးနိမ့်လာခဲ့သည့် အာဏာသိမ်းစစ်တပ်က ဒေသတွင်း ၎င်းတို့၏ အဓိကရန်သူဖြစ်သည့် ရက္ခိုင့်တပ်တော်ကို ရင်ဆိုင်နိုင်ရန် ရိုဟင်ဂျာများကို နိုင်ငံရေးလက်နက်သဖွယ် အသုံးချလာပြီး ဖြေလျှော့မှုအနည်းငယ်ပေးခဲ့သည်။
အဓမ္မအတည်ပြုထားသည့် စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ အသက် ၁၈ မှ ၃၅ နှစ်ကြား ရိုဟင်ဂျာလူငယ်များကို စုဆောင်းကာ စစ်သင်တန်းပေးကာ လက်နက်တပ်ဆင်ပေးနေသလို ဒေသတွင်း အဓိက လူမျိုးစုလက်နက်ကိုင်တပ်ဖြစ်သည့် အာရက္ခတပ်တော် (AA) ကို တန်ပြန်ဆန္ဒပြရန်လည်း ခိုင်းစေခဲ့သည်။
သို့သော်လည်း ဒုက္ခသည်တို့၏ အဓိကလိုအပ်ချက်ဖြစ်သည့် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် ဒုက္ခသည်အကူအညီပေးသည့် အဖွဲ့အစည်းများကို ပိတ်ပင်ထားဆဲဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၃ မေလက ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်းဒဏ်ကြောင့် ရိုဟင်ဂျာကလေးငယ် ၃၃ ဦး အပါအဝင် ၉၈ ဦး သေဆုံးခဲ့သည်ဟု မြေပြင်စာရင်းကောက်ယူနေသည့် ကျောင်းသားလူငယ်များနှင့် အလင်းရောင် လူငယ်ပရဟိတအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
လူမှုကူညီရေးအဖွဲ့များကို ရိုဟင်ဂျာဒုက္ခသည်စခန်းများသို့ ဝင်ရောက်ခွင့် ပိတ်ဆို့ထားရာမှ ယခုကဲ့သို့ ဝမ်းပျက်၊ ဝမ်းလျှော ရောဂါဖြစ်ပွားချိန်တွင် အစုလိုက်အပြုံလိုက်သေဆုံးမှုများ ထပ်မံပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု ဒုက္ခသည်အရေး အကူအညီပေးသူနေသူများထံမှ သိရသည်။
ဒုက္ခသည်စခန်းများတွင် အိမ်သာ၊ သန့်ရှင်းသော ရေ၊ အစားအသောက်နှင့် ဆေးဝါး ချို့တဲ့သလို လူဦးရေ ၄၀ ကျော်လျှင် အိမ်သာ ၁ လုံးနှုန်း မျှဝေသုံးစွဲနေရသည်ဟု ဒေသခံများထံမှ သိရသည်။
ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ကျန်းမာရေးအကူအညီပေးနေသည့် စေတနာ့ဝန်ထမ်းတစ်ဦးက ဧပြီ ၂၂ အထိ ၎င်းတို့ ကောက်ယူထားသည့် စာရင်းများအရ ဝမ်းရောဂါပိုးကူးစက်ခံရသူ ၃၀၀ ကျော် ရှိသည်ဟု ပြောသည်။
“စစ်တမ်းကောက်ယူထားတဲ့ စာရင်းအရတော့ ၃၅၁ ယောက်ရှိနေပြီ။ အမှန်က အဲဒီထက်များပါတယ်။ စစ်တမ်းကောက်ယူထားတဲ့ အထဲက ၉၀ လောက် သေသွားတယ်။ ၁၀ နှစ်အောက် ကလေးတွေ နဲ့ ၈ နှစ်အောက် ကလေးတွေ များတယ်” ဟု ၎င်းက ပြောသည်။
စစ်တွေရှိ ဒုက္ခသည်စခန်းများတွင် ရသီဥတုအကူးအပြောင်းကာလတိုင်း ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားလေ့ရှိသော်လည်း ယခုနှစ်တွင် သေဆုံးနှုန်းမြင့်မားနေသည်၊ ဓာတ်ဆားတစ်ထုပ် ကျပ် ၂၀၀၀ နှုန်း ဖြစ်နေရာ ဒုက္ခသည်တို့အတွက် ကြီးမားသည့် စျေးနှုန်းဖြစ်နေသည်ဟု ၎င်းက ဆက်ပြောသည်။
“ကျန်းမာရေး ဝန်ဆောင်မှုပေးတဲ့ လူမှုကူညီရေးအဖွဲ့အစည်းတွေကိုလည်း စ.က.စက Camp ထဲမှာ သွားပြီး ဆေးကုသခွင့် မပေးတော့ဘူး။ ခွင့်ပြုချက်မရှိတော့ အဲဒီမှာ ရှိတဲ့ ရမ်းကုတွေနဲ့ပဲ ဆေးကုရတယ်။ ရမ်းကုတွေမှာလည်း လိုအပ်တဲ့ ဆေးဝါး လုံလုံလောက်လောက်မရှိတော့ လူတွေက ဒုက္ခရောက်နေကြတာပေါ့” ဟု ၎င်းက ပြောသည်။
စစ်တွေမြို့ပေါ်ထိ ကူးစက်လာ
ရိုဟင်ဂျာဒုက္ခသည် ကလေးငယ်အရေအတွက်မှာ ၇ သိန်း ၂ သောင်းကျော်ရှိပြီး ရခိုင်ပြည်နယ်တွင် ၁ သိန်း ၈ သောင်းကျော်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စခန်းများတွင် ၅ သိန်း ၃ သောင်းကျော် ရှိသည်ဟု UNICEF က ၂၀၁၈ တွင် ထုတ်ပြန်ထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောဘ်ဇား ဒုက္ခသည်စခန်းတွင်လည်း အလားတူ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားနေသည်ဟု သိရသည်၊ သို့သော်လည်း လူသေဆုံးမှု မရှိသေးဟု နယ်စည်းမခြားဆရာဝန်အဖွဲ့အစည်း (MSF) ဆေးရုံတွင် စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်နေသူတစ်ဦးက Myanmar Now ကို ဧပြီ ၂၄ ရက်နေ့က ပြောသည်။
သို့သော်လည်း မိုခါမုန်တိုင်း၊ စစ်အာဏာသိမ်းမှုနှင့် အထွေထွေပိတ်ဆို့မှုဒဏ်များ ရင်ဆိုင်နေရသည့် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင်မူ ဝမ်းရောဂါပိုးကြောင့် သေဆုံးမှုနှုန်းမြင့်တက်လာပြီး ဝမ်းရောဂါပိုးမှာ စစ်တွေမြို့ပေါ် အောင်မင်္ဂလာရပ်ကွက်အထိ ကူးစက်လာသည်။
စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်တွင် သေဆုံးသူ ၈ ဦးထိရှိနေပြီး သေဆုံးသူများထဲတွင် ကျပန်းလုပ်ကိုင်သူ အသက် ၅၀ အရွယ် ဘော်ရှီအာမတ်၏ သား မာမွတ်ဆွန်ဟမ်းမှာလည်း တစ်ဦးအပါအဝင်ဖြစ်သည်။
အသက် ၁ နှစ်ခွဲအရွယ် မာမွတ်ဆွန်ဟမ်းမှာ ဧပြီ ၈ တွင် အဖျားတက်သည်၊ အန်သည်၊ ဧပြီ ၁၁ နံနက် ဆေးရုံသို့ အသွားတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဘော်ရှီအာမတ်က ဘာသာပြန်သူမှတစ်ဆင့် ပြောသည်။
“ဧပြီ လ ၈ ရက်နေ့မှာ စပြီး ဝမ်းသွားပါတယ်။ အဖျားလည်းတက်ပါတယ်။ အန်တာမျိုးလည်းရှိပါတယ်။ အဲ့လိုမျိုးဖြစ်တော့ ပိုက်ဆံမတတ်နိုင်တော့ ဆေးကုဖို့ ဆရာဝန်ဆီသွားလို့ မရခဲ့ဘူး” ဟု ၎င်းက ပြောသည်။
“ဆေးဆိုင်က ဆေးဝယ်ပြီး တိုက်ပါတယ်။ ဆေးတိုက်ရင်းနဲ့ ဝမ်းသွားတာ ပိုများလာတယ်။ အန်တာလည်း ပိုများလာတယ်။ အဖျားလည်း တစ်ရာကျော် တက်လာတယ်။ သူတို့က ငွေချေးပြီး ဆေးရုံခေါ်သွားတယ်။ ဆေးရုံခေါ်သွားတဲ့ လမ်းတစ်ပိုင်းမှာ ဆုံးသွားပါတယ်”
ဘော်ရှီအာမတ်မှာ ရိုဟင်ဂျာ လူမျိုးရေးပဋိပက္ခများ မဖြစ်ပွားခင်က စစ်တွေမြို့မစျေးတွင် စျေးရောင်းသူဖြစ်ပြီး ပဋိပက္ခဖြစ်ပွားပြီးနောက်တွင် ကျပန်းလုပ်ကိုင်ရသည်။
အောင်မင်္ဂလာရပ်ကွက်တွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားသူ ၂၀ ကျော်ရှိပြီး ငွေကြေးချမ်းသာသူများက ပုဂ္ဂလိကဆေးရုံများတွင် ကုသနိုင်၍ အသက်ရှင်ခွင့်ရကြသည်၊ ကျပန်းလုပ်ကိုင်နေရပြီး လစဉ်ဝင်ငွေ မရှိ၍ ဆေးမကုသနိုင်ခြင်းကြောင့် ၎င်း၏ သားငယ် သေဆုံးရသည်ဟု ဘော်ရှီအာမတ်က ဆက်ပြောသည်။
“စိတ်မကောင်းဖြစ်တယ်။ ဝမ်းနည်းတယ်။ ပိုက်ဆံမရှိလို့ ဆရာဝန်နဲ့ ဆေးကုသလို့ မရခဲ့ဘူး။ အလုပ်အကိုင်လဲ ရှားပါးနေတယ်။ အရမ်း စိတ်ဆင်းရဲရတယ်” ဟု ၎င်းက ပြောလိုက်သည်။