အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသော မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်ရှိ စစ်တပ်စခန်းဟောင်းနေရာများကို ယမန်နေ့ (ဇူလိုင်လ ၁ ရက်) တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးများကြဲချခဲ့သောကြောင့် ကလေးများအပါအဝင် ရိုဟင်ဂျာ သုံးဦး ဒဏ်ရာရကာ နေအိမ် ၁၀ လုံးကျော် ပျက်စီးဆုံးရှုံးသွားကြောင်း ဒေသခံများကပြောသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း စစ်တပ်၏ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စခန်းဟောင်း အနီးရှိ ကြက်မောက်တောင်ရွာကို Y-12 ထောက်ပို့ လေယာဥ်၊ တိုက်လေယာဥ်တစ်စီးတို့က ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ဗုံးနှစ်လုံးကြဲချခဲ့သည်။
အဆိုပါ ဗုံးကြဲမှုအတွင်း အသက် ၁၂ နှစ်အရွယ် ယောကျာ်းလေးနှစ်ဦးနှင့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးတို့ ဒဏ်ရာရသွားပြီး နေအိမ် ၁၀ လုံးကျော် ပျက်စီးသွားကြောင်း ဒေသခံအမျိုးသားတစ်ဦး က ပြောသည်။
“ဗုံးကြဲနေတော့ ပြေးနေရတယ်။ ခေါင်းထက်ကနေ လေယာဥ်ဝဲပြီးပစ်နေတော့လေ။ ရင်တွေတုန်ပါတယ်။ ကြောက်စိတ်ဝင်သွားတယ်။ စိုးရိမ်စိတ်တွေနဲ့ ညမအိပ်နိုင်ဘူး။ အကြောက်တရားတွေက ဖုံးလွှမ်းနေတယ် ”ဟု ၎င်းက ဆိုသည်။
အလားတူ ည ၁၀ နာရီကျော်အချိန်တွင် တိုက်လေယာဥ် လေးစီးထက်မနည်းက မောင်တောမြို့ မြို့သူကြီးရပ်ကွက် အခြေစိုက် အမှတ်(၅) နယ်ခြားစောင့်စခန်း အနီးပတ်ဝန်းကျင်ကို ဗုံးကြဲခဲ့ကြောင်း မောင်တောဒေသခံတစ်ဦးက လည်း ပြောသည်။
“နခခ- ၅ အနီးပတ်ဝန်းကျင်ကို ဗုံးချတယ်လို့သိရတယ်။ ဗုံးအလုံး ၂၀ ကျော်လောက်ကြဲချခဲ့တယ်။ အထိ အခိုက်တွေတော့ မသိရသေးဘူး”ဟု ၎င်းက ဆိုသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ထိန်းချုပ်နိုင်ရေးတွင် အရေးပါသည့် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ကို AA က အပြီးသတ်သိမ်းပိုက်ထားပြီး ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှုပြုလုပ်သည့် ကညင်ချောင်းစီးပွားရေးဇုန်လည်း ပါဝင်နေသည်။

ကာလအတန်ကြာ ရပ်နားထားသည့် ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးကို ယခုနှစ် မေလ ၁ ရက်တွင် AA ဘက်က စတင်ဖွင့်လှစ်ခဲ့ပြီး နှစ်နိုင်ငံကြား ကုန်ပစ္စည်းများ အပြန်အလှန်သယ်ယူပို့ဆောင်မှုများ ရှိနေပြီဟု ဒေသခံများကပြောသည်။ အဆိုပါကုန်သွယ်မှုနှင့်ပတ်သက်၍ AA က တရားဝင်ထုတ်ပြန်ထားခြင်း မပြုပေ။
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နေသောကြောင့် နယ်မြေဒေသမတည်ငြိမ်အောင် ဗုံးကြဲခြင်းဖြစ်နိုင်သလို စစ်တပ် စခန်းဟောင်းများတွင် AA တပ်ဖွဲ့ဝင်များ ရှိနေနိုင်သည်ဟု ခန့်မှန်းချက်ဖြင့် ဗုံးကြဲချခြင်းဖြစ်နိုင်သည်ဟု မောင်တောဒေသခံ နောက်တစ်ဦးက မှတ်ချက်ပေးသည်။
“အဓိကတော့ သူတို့(စစ်တပ်)က မတည်ငြိမ်အောင်လုပ်တာ။ ရည်ရွယ်ချက်တွေကတော့ အများကြီးရှိမယ်။ အဓိက ရည်ရွယ်ချက်ကတော့ ဘူးသီးတောင်၊ မောင်တောကတည်ငြိမ်နေတယ်။ အေးချမ်းနေတယ်ဆိုပြီး မတည်ငြိမ်အောင် လုပ်တာပဲ”ဟု ၎င်းက ဆိုသည်။
မောင်တောမြို့ကို ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်တွင်လည်း ဗုံးကြဲချခဲ့ရာ ၁၂ တန်းကျောင်းသူ နှစ်ဦးဒဏ်ရာရရှိသွားကာ လူနေအိမ် ၁၀ လုံးကျော်ပျက်စီးသွားသည်။
အာဏာသိမ်းစစ်တပ်သည် AA သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့နယ်များကို မကြာခဏဗုံးကြဲမှုများရှိနေပြီး ဇွန်လအတွင်း ဂွမြို့နယ်ကို လေးကြိမ် ဗုံးကြဲစဉ် သုံးဦး သေဆုံး၊ ၁၄ ဦး ဒဏ်ရာရခဲ့သည်။ ထို့အပြင် ဇွန်လ ၁၇ ရက်တွင်လည်း ကျောက်တော်မြို့ကို ဗုံးကြဲရာတွင် ရှစ်ဦးသေဆုံး၊ ၁၉ ဦးဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူ ၁၉ ဦးအနက် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် အမျိုးသားနှင့်အမျိုးသမီးတစ်ဦး သေဆုံးသွားသောကြောင့် သေဆုံးသူ ၁၀ ဦးအထိရှိခဲ့သည်။
AA သည် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားကာ လက်ကျန်မြို့များဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့ကိုလည်း သိမ်းပိုက်မည်ဟု ဆိုထားသည်။ လက်ရှိတွင် AA သည် ရခိုင်ပြည်နယ်၌ စစ်တွေ၊ ကျောက်ဖြူ၊ ချင်းပြည်နယ်၌ မင်းတပ်နှင့် ကန်ပက်လက်၊ မကွေး၊ ဧရာဝတီ၊ ပဲခူးတိုင်းတို့တွင်လည်း စစ်မျက်နှာများ အသီးသီးဖွင့်ထားသည်။
အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်သည့် နယ်စပ်ဂိတ်များနှင့် ကုန်သွယ်ရေးလမ်းကြောင်းများကို “၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း တိုင်းရင်းသားတပ်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တပ်များက ထိန်းချုပ်ခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည်။
အထူးသဖြင့် စစ်တပ်က အရပ်သားအစိုးရအသွင်ပြောင်းပြီးနောက် တရုတ်- မြန်မာနယ်စပ်၊ အိန္ဒိယ- မြန်မာနယ်စပ်၊ ထိုင်း- မြန်မာနယ်စပ်များကို ထိန်းချုပ်နိုင်ရန် မြေပြင်ထိုးစစ်ဆင်နေသည်။
အိမ်နီးချင်း တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် နယ်စပ်များတစ်လျှောက် တရားဝင် နယ်စပ် ကုန်သွယ်ရေး စခန်းပေါင်း ၁၉ ခုရှိသည်။



