မြန်မာ-ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေးအတွက် အရေးပါသော ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ကညင်ချောင်းစီးပွားရေးအထူးဇုန်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်ပြီဟု သိရသည်။
ထိုစီးပွားရေးဇုန်တွင် စစ်ကောင်စီသည် အင်အား ၂၀၀ ကျော်ဖြင့် အခိုင်အမာတပ်စွဲထားခြင်းဖြစ်ပြီး AA ၏ တိုက်ခိုက်မှုကြောင့် အကျအဆုံးများပြားခဲ့သဖြင့် ထွက်ပြေးကြပြီးနောက် ဇူလိုင် ၁၄ ရက်တွင် ထိုဇုန်ကို သိမ်းပိုက်ရရှိခြင်းဟု မောင်တောဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“စီးပွားရေးဇုန်ကို (AA) ထိန်းချုပ်လိုက်ပြီ။ စီးပွားရေးဇုန်မှာ စီးပွားရေးဇုန်ရဲ့နောက်ဘက်မှာ နတ်မြစ်နဲ့ကပ်လို့ နယ်ခြားစောင့်စခန်းတစ်ခုရှိတယ်။ အဲ့မှာ ဘန်ကာတွေဘာတွေနဲ့ပေါ့။ စီးပွားရေးဇုန်ရဲ့အရှေ့ဘက်မှာလည်း နယ်ခြားစောင့်စခန်းတစ်ခုရှိတယ်။ အဲဒါတွေကို ရှင်းပြီးမှ ထိန်းချုပ်လိုက်တာ” ဟု ၎င်းက ဆိုသည်။
ထိုကညင်ချောင်းစီးပွားရေးဇုန်သည် မောင်တောမြို့ မြောက်ဘက် ၂ မိုင်ခန့်အကွာတွင် ရှိသည်။ ထိုဇုန်ကို လက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီက ညနေပိုင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ထိုအမျိုးသားက ဆက်ပြောသည်။
“အကျိုးဆက်ကတော့ ဒီဘက်နယ်စပ်ကုန်သွယ်ရေးစခန်းကို ထိန်းချုပ်လို့ရသွားတာပေါ့။ နောက်တစ်ခု စစ်ကောင်စီဟာ စစ်အင်အားဖြည့်တင်းတာတွေ၊ တိုက်ပွဲမှာကျတဲ့လူနာတွေကို သယ်ထုတ်ဖို့အတွက် အဲဒီနေရာဟာ အရေးပါတယ်။ ကညင်ချောင်းစီးပွားရေးဇုန်ကပဲ လူအင်အားတက်တယ်။ စစ်အင်အားတက်တယ်။ ရိက္ခာတက်တယ်” ဟု ၎င်းက ပြောသည်။
ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှုပြုလုပ်နေသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ စစ်တွေကုန်သွယ်ရေးစခန်း (ရွှေမင်းဂံ) နှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း (ကညင်ချောင်း) တို့ ဖြစ်ကြသည်။
ထိုစခန်းနှစ်ခုမှတစ်ဆင့် မြန်မာပြည်မှ ကုန်ပစ္စည်းများကို ဘင်္ဂလားဒေ့ရှ်သို့ တင်သွင်းနေခြင်းဖြစ်ပြီး ထိုကုန်သွယ်ရေးစခန်းများ ရပ်နားထားလိုက်ရသည်မှာ ရခိုင်တိုက်ပွဲစတင်ဖြစ်ပွားသည့် ယမန်နှစ် နိုဝင်ဘာ ၁၃ ရက်နေ့ကတည်းကပင် ဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
ကိုဗစ်မတိုင်မီကာလများက အဆိုပါကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ဘင်္ဂလားဒေရှ့်နိုင်ငံဘက်သို့ ရေထွက်ကုန်များ၊ ကြက်သွန် အပါအဝင် မီးဖိုချောင်သုံးပစ္စည်းများဖြစ်သော ဆီ၊ ဆား၊ ငရုတ်၊ ချင်းနှင့် နနွင်းတို့ တင်ပို့ခဲ့သည်။
စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၅ ဇွန်လအထိ ဖော်ပြချက်များအရ အဆိုပါကုန်သွယ်ရေးစခန်း ၂ ခုမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ကုန်သွင်းကုန်လုပ်ငန်းများဆောင်ရွက်မှုမှာ ၂၀၂၀-၂၀၂၁ တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၆၂၂ ဒသမ ၅၈၇) သန်း ရှိခဲ့သည်ဟု ဖော်ပြသည်။
စစ်တပ်က အာဏာသိမ်းပြီးသော ၂၀၂၁-၂၀၂၂ (Mini Budget) တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၄၂ ဒသမ ၅၅၈) သန်း၊ ၂၀၂၂-၂၀၂၃ တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၁၂၃ ဒသမ ၁၈) သန်းနှင့် ၂၀၂၃ -၂၀၂၄ စက်တင်ဘာလထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၉ ဒသမ ၆၄၇) သန်းအထိ လျော့နည်းသွားခဲ့သည်။
၂၀၂၄-၂၀၁၅ တွင် ယခုနှစ် ဧပြီမှ ဇွန်လအထိ ကုန်သွယ်မှုအခြေအနေ ဖော်ပြထားခြင်း မရှိတော့ပေ။
ပြီးခဲ့သည့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် စစ်တွေနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်သို့ အမေရိကန်ဒေါ်လာ ၁၃ သန်းကျော်ဖိုး ကုန်သွယ်မှုရှိသော်လည်း တိုက်ပွဲများပြင်းထန်လာသည့် ယခုဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလုံးဝမရှိတော့ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနစာရင်းများတွင် ဖော်ပြသည်။
မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်တင်ကုန်ချရာ ကညင်ချောင်းစီးပွားရေးဇုန်သည် မောင်တောမြို့ အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာ၊ နှစ်နိုင်ငံနယ်နိမိတ် ပိုင်းခြားသည့် နတ်မြစ်နှင့် ကညင်ချောင်းတို့ ဆုံရာတွင် တည်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ဆိပ်ကမ်းနှင့် ၄ မိုင်ခန့် ကွာဝေးသည်။
ထိုဇုန်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် တည်ဆောက်ရန် စတင်စီမံဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ဧပြီလတွင် ဖွင့်လှစ်ရန် မျှော်မှန်းခဲ့သော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် ကြန့်ကြာခဲ့ရသည်။

မောင်တောမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေ
မောင်တောတွင် လက်ရှိတွင် လက်ကျန် စစ်ကောင်စီတပ်စခန်း နခခ ၅ (မြို့သူကြီး) စခန်းတစ်ခုကျန်ရှိသော်လည်း မြို့ပတ်ပတ်လည်တွင် စစ်သားအများအပြားနေရာယူထားပြီး မြို့ထဲတွင် စစ်ကောင်စီ တပ်သားများနှင့် စစ်သင်တန်းပေးထားသည့် ရိုဟင်ဂျာလက်နက်ကိုင်အများအပြားရှိသည်ဟု ဒေသခံများက ဆိုကြသည်။
မြို့သိမ်းပိုက်နိုင်ရန်အတွက် မြို့ပတ်ပတ်လည်ရှိ စစ်ကောင်စီတပ်သားများနှင့် AA တို့ နေ့စဉ် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီဘက်က လေကြောင်းဖြင့် အားပြုခုခံနေသည်ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
“မြို့ပေါ်ကို ရောက်ဖို့အတွက် ရွှေဇားတံတားကို ဖြတ်ရတယ်။ ရွှေဇား၊ အောင်ဗလရွာတွေနားမှာ တိုက်ပွဲဖြစ်နေတယ်။ ဖြစ်နေတာကတော့ ပတ်ပတ်လည်ဖြစ်နေတာပေါ့။ အများဆုံးကတော့ ရွှေဇားဘက်မှာပေါ့။ မြို့သူကြီးဘက်မှာလည်း ဖြစ်တယ်။ ရပ်ကွက် ၅ ဘက်မှာလည်း ဖြစ်တယ်”
စစ်ကောင်စီသည် စစ်ပွဲကြားရောက်နေသည့် မောင်တောမြို့ရှိ ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့မပေးသည့်အပြင် မြို့ထဲတွင် ပိတ်လှောင်ထားပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုထားသည်ဟု ဒေသခံများက ဆိုကြသည်။
ထိုမြို့တွင် ပိတ်မိနေသူများကို စစ်ကောင်စီနှင့် ၎င်းတို့သင်တန်းပေးထားသည့် ပြည်သူ့စစ်များက ဖမ်းဆီးထားသည်ဟု ဆိုကြသည်။
ဇူလိုင် ၁၈ နံနက်တွင် မြို့တွင်း လမ်းဓာတ်မီးတိုင်များတွင် “အစ္စလာမ်ဘာသာဝင်များ မြို့က မထွက်ပါနဲ့။ မြို့ကို အတူတူကာကွယ်ကြမယ်” ဟု စာကပ်ထားသည်ဟု မောင်တောဒေသခံ အခြားတစ်ဦးက ပြောသည်။
“ခုလည်း မောင်တော (ကို AA သိမ်းဖို့) နည်းနည်းကြန့်ကြာနေတယ်ဆိုတာက မွတ်စလင်တွေနဲ့ ရခိုင်တွေကို လူမျိုးရေးပဋိပက္ခဖြစ်အောင် လုပ်ပြီးတော့ (စစ်တပ်က) စစ်ရေးအရ အမြတ်ထုတ်နေတယ်။ အဲဒါကြောင့်လည်း မောင်တောမြို့ကို AA သိမ်းဖို့အတွက် ကြန့်ကြာနေတာ”
မောင်တောမြို့နယ်ကို သိမ်းပိုက်ရရှိပါက ဘင်္ဂလားဒေ့ရှ်မှ စားနပ်ရိက္ခာနှင့် တခြားလူသုံးကုန်ပစ္စည်းများ ရခိုင်သို့ ဝင်ရောက်လာနိုင်ပြီး စစ်ကောင်စီ၏ ဖြတ်လေးဖြတ်စစ်ဆင်ရေးကို ရှောင်လွှဲလာနိုင်သည်ဟု ဒေသခံတို့က ယူဆကြသည်။
မောင်တောမြို့ရှိ လက်ကျန်တပ်စခန်းများကို တိုက်ခိုက်တော့မည်ဖြစ်၍ အသက်အန္တရာယ်ကျရောက်နိုင်သဖြင့် ဒေသခံများအနေဖြင့် ဇွန် ၁၆ ညပိုင်းမှစတင် ထွက်ခွာရန် AA က အသိပေးထားသည်။
AA သည် မောင်တောကဲ့သို့ပင် အမ်း၊ သံတွဲမြို့တို့ ရရှိရေးအတွက် ပြင်းထန်စွာထိုးစစ်ဆင်တိုက်ခိုက်နေပြီး သံတွဲမြို့ရှိ ခမရ ၅၆၆ ၊ ခလရ ၅၅ နှင့် လေဆိပ်တို့ကို သိမ်းပိုက်ပြီးနောက် မြို့ကို ထိန်းချုပ်ထားသည်။ မြို့ထဲမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများကို လိုက်လံချေမှုန်းလျက်ရှိသည်။
သံတွဲမြို့ကို လက်လွှတ်ရခါနီးဖြစ်နေသော စစ်ကောင်စီသည် ရခိုင်တောင်ပိုင်းမြို့များဖြစ်သည့် တောင်ကုတ်၊ မာန်အောင်တို့တွင် ရိက္ခာ၊ လက်နက် ဖြည့်တင်းခြင်းနှင့် စစ်ရေးလှုပ်ရှားမှုများရှိနေသည်ဟု သိရသည်။
ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ကြောင့် စစ်ကောင်စီတပ်များ အကြီးအကျယ်ရှုံးနိမ့်နေကာ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် ချင်းပြည်နယ်၊ ပလက်ဝတို့ကို လက်လွှတ်ထားရသည်။



