သတင်း

ရုရှားရင်းနှီးမြှုပ်မှု ဖိတ်ခေါ်နေသော်လည်း တစ်ဒေါ်လာမျှ စီးဝင်ခြင်းမရှိ

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများနှင့်အတူ နိုင်ငံတကာကုမ္ပဏီကြီးများ ထွက်ခွာပြီးနောက် စစ်ကောင်စီက ရုရှားနှင့် ဆက်ဆံရေးတိုးမြှင့်ကာ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် အသည်းအသန် ဖိတ်ခေါ်နေသော်လည်း တစ်ဒေါ်လာမျှ စီးဝင်ခြင်း မရှိသေးပေ။

အပယ်ခံ အာဏာသိမ်းခေါင်ဆောင်းအနေဖြင့် ရုရှားနိုင်ငံကို ချောင်းပေါက်မတတ် သွားရောက်ကာ စီးပွားရေးအခွင့်အလမ်းရှာဖွေနေသော်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) စာရင်းများအရ ရုရှားရင်းနှီးမြှုပ်နှံမှုအသစ် ဗလာနတ္ထိဖြစ်နေသည်။ 

၂၀၂၂ ခုနှစ် ဩဂုတ်လပိုင်းအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၉၂ ဘီလျံကျော်ရှိသည့်အနက် ရုရှားမှာ သုည ဒသမ ၁၀ ရာခိုင်နှုန်းသာရှိသည်။ ရုရှားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၉၄ သန်းရှိပြီး ၁၉၈၈ – ၈၉ ကာလ ကတည်းကရှိခဲ့သော ပမာဏဖြစ်သည်။​

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက် ရုရှားသို့ သုံးကြိမ်တိုင် သွားရောက်ခဲ့ကာ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက လာဒီဗော့စတော့မြို့တွင် ကျင်းပသော အရှေ့ဖျားဖိုရမ်တွင် မြန်မာနိုင်ငံသို့ ရုရှားလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။

သတ္တုတူးဖော်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် မင်းအောင်လှိုင်က ဖိတ်ခေါ်ခဲပြီး ကုန်သွယ်ရေးကဏ္ဍတွင်လည်း အခွင့်အလမ်းများ ပေးနိုင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။​

အာဏာသိမ်းစစ်ကောင်စီက ဝန်ကြီးများနှင့် စီးပွားရေးလုပ်ငန်းရှင်များကို ရုရှားသို့ အကြိမ်ကြိမ်စေလွှတ်သည့်အပြင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး နာလည်မှုစာချွန်လွှာများလည်း ရေးထိုးထားသည်။ 

သို့သော် ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်စစ်ဆင်နွှဲနေသည့် ရုရှားအနေဖြင့် ဥရောပနှင့် အနောက်နိုင်ငံများ၏ ဒဏ်ခတ်အရေးယူခြင်းများ ရင်ဆိုင်နေရသည့်အပြင် စီးပွားရေးအရ အခက်အခဲများ ကြုံတွေ့နေရသည်။ 

အာဏာသိမ်းပြီး နှစ်နှစ်နီးပါးကြာသည်အထိ ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုသစ် ဝင်ရောက်လာခြင်း မရှိဘဲ နှစ်ဖက်သဘောတူထားသည့် စီမံကိန်းများသည်လည်း ဖြစ်နိုင်ခြေနည်းသည့် စိတ်ကူးယဉ်စီမံကိန်းများသာဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

“စိတ်ကူးယဉ်စီမံကိန်းတွေပါ။ သူတို့အစိုးရ အုပ်စိုးနိုင်တဲ့အခြေအနေရှိတယ်။ တစ်ပြည်လုံးကို လွှမ်းမိုးထားတယ်ဆိုတဲ့အနေအထားကို ပုံဖော်ချင်လို့ အဲဒီစိတ်ကူးယဉ်စီမံကိန်းတွေကို ထုတ်ပြနေတာလို့ပဲ မြင်ပါတယ်” ဟု ၎င်းက ပြောသည်။ 

နျူကလီးယားစွမ်းအင်စီမံကိန်းအတွက် စစ်ကောင်စီနှင့် ရုရှားတို့ အပြန်အလှန်သဘောတူလက်မှတ်ရေးထိုးထားသော်လည်း ရင်းနှီးထည့်ဝင်နိုင်သည့်အခြေအနေ တစ်ပြားသားမှ မရှိကြောင်း၊ ရုရှားခရီးသွားများ ဖိတ်ခေါ်နေသော်လည်း လာရောက်လည်ပတ်မည့်သူ မရှိသလောက်ရှားကြောင်းလည်း သူက ဆိုသည်။

ကမ္ဘာက ပိတ်ဆို့ခံရသည့် ကံကြမ္မာတူ နိုင်ငံအချင်းချင်း ပေါင်းဖက်နေခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံတွင် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံထားသည့် တရုတ်နိုင်ငံကဲ့သို့ ဘက်ပေါင်းစုံ ပူးပေါင်းနိုင်သော အခြေအနေမဟုတ်ဟုလည်း ဦးသန်းစိုးနိုင်က ထောက်ပြသည်။

“စစ်လက်နက်ပစ္စည်းနဲ့ လေယာဉ်တွေ၊ လေကြောင်း စစ်အင်အားသုံးလက်နက်တွေ ဒါတွေရောင်းချဝယ်ယူနေတဲ့ ကုန်သည်ဆက်ဆံရေးပဲဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဆွီဒင်နိုင်ငံ စတော့ဟုမ်းအခြေစိုက် နိုင်ငံတကာငြိမ်းချမ်းရေးသုတေသန အင်စတီကျု၏ တွေ့ရှိချက်များအရ မြန်မာစစ်တပ်သည် အရှေ့တောင်အာရှတွင် ဗီယမ်နမ်ပြီးလျှင် ရုရှားထံမှ စစ်လက်နက် အများဆုံး ဝယ်ယူသူဖြစ်သည်။

စစ်ကောင်စီလက်ထက်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကျဆင်းနေသလို ရှိနေသည့် ရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားချိန် ရုရှားနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ပုံဖော်နေခြင်းသာဖြစ်ကြောင်း အမည်မဖော်လိုသည့် မန္တလေးမြို့မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ 

“သူတို့လုပ်နေတဲ့၊ သူတို့လုပ်နိုင်တယ်ဆိုတာကို ပြချင်တယ်။ အဓိကကတော့ အယောင်ဆောင်တာပေါ့။ ဟိုးအရင်ကတည်းကရှိပါတယ်။ စီးပွားရေးပိတ်ဆို့တာ တို့မမှုပါ၊ မမှုဘူးပြောပြီး ခံနေရတာလေ” ဟု ၎င်းက ဆိုသည်။ 

ရုရှားရင်းနှီးမြှုပ်နှံမှုများကြောင့် ကမ္ဘာပေါ်တွင် စီးပွားရေးတိုးတက်သည့်နိုင်ငံဟူ၍ လက်ချိုးရေ၍ရကြောင်းလည်း ၎င်းက ဆိုသည်။

အာဏာမသိမ်းမီ ၂၀၁၉-၂၀ ဘဏ္ဍာနှစ် (အောက်တိုဘာမှ စက်တင်ဘာ) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလျံကျော် စီးဝင်ခဲ့ပြီး စစ်ကောင်စီလက်ထက် ၂၀၂၀-၂၁ တွင် ၃ ဒသမ ၇ ကျော်သာရှိရာ တစ်ဘီလျံကျော် ကျဆင်းခဲ့ကြောင်း DICA စာရင်းများအရ သိရသည်။ 

စစ်ကောင်စီက ဘဏ္ဍာနှစ်ကို ပြောင်းလဲခဲ့ပြီး အကူးအပြောင်းကာလ ၆ လဘဏ္ဍာနှစ်တွင် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆၄၇ သန်းသာရှိသည်။ လက်ရှိ ၂၀၂၂ -၂၃ ဘဏ္ဍာနှစ် ငါးလအတွင်း ၁ ဒသမ ၂ ဘီလျံကျော် ဝင်ရောက်သည်ဟု ဆိုပြီး စင်ကာပူ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့က အများဆုံး ရင်းနှီးမြှုပ်နှံထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button