သတင်း

ဟောင်ကောင် VPower ကုမ္ပဏီက လျှပ်စစ်မံကိန်းနှစ်ခုကို ရပ်ဆိုင်း

ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးမတည်ငြိမ်မှုနှင့် စိန်ခေါ်မှုများ ရင်ဆိုင်ခဲ့ရပြီးနောက် ဟောင်ကောင်အခြေစိုက် VPower ကုမ္ပဏီက မြန်မာနိုင်ငံတွင် လည်ပတ်နေသည့် လျှပ်စစ်စီမံကိန်းနှစ်ခုကို ရပ်ဆိုင်းလိုက်သည်။

မြန်မာနိုင်ငံရှိ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း ၉ ခုအနက် နှစ်ခုကို စာချုပ်သက်တမ်းထပ်မတိုးတော့ဘဲ အဆုံးသတ်ထွက်ခွာမည်ဖြစ်ကြောင်း ပြီးခဲ့သည့်သီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့သည့် VPower Group ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာချုပ်သက်တမ်းမတိုးတော့သော စီမံကိန်းနှစ်ခုအမည်ကို ကုမ္ပဏီဘက်က ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်သစ်တွင် ရခိုင်ပြည်နယ် ကျောက်ဖြူ(၂) နှင့် မန္တလေးတိုင်း မြင်းခြံ(၁) လျှပ်စစ်ဓာတ်အားစီမံကိန်း နှစ်ခုအမည် မပါဝင်တော့သည်ကို တွေ့ရှိရသည်။ အဆိုပါစီမံကိန်းနှစ်ခုမှာ  ပြီးခဲ့သည့်နှစ်က ကုမ္ပဏီ၏ နှစ်ပတ်လည်အစီရင်ခံစာတွင် ပါရှိခဲ့သည်။ 

ဖေဖော်ဝါရီလအတွင်း နိုင်ငံရေးအခြေအနေနှင့် လူမှုမတည်ငြိမ်မှုများဖြစ်ပေါ်လာပြီးနောက် ကုမ္ပဏီအနေဖြင့် စိန်ခေါ်မှုများကြားတွင် လုပ်ငန်းလည်ပတ်နိုင်ရန်နှင့် အလုပ်သမားများ၏လုံခြုံရေးကို ကာကွယ်ရန် အရေးပေါ်အစီအစဉ်များ ပြင်ဆင်ခဲ့ရကြောင်း VPower ကုမ္ပဏီက ဆိုသည်။

ဇွန်နှောင်းပိုင်းတွင် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ကုမ္ပဏီအနေဖြင့် စာချုပ်သက်တမ်းမတိုးရန် ဆုံးဖြတ်ချက်ချခဲ့သည်ဟု ဆိုသော်လည်း အသေးစိတ်ဖော်ပြထားခြင်း မရှိပေ။ 

လျှပ်စစ်ဓာတ်အား ၂၀၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့် အဆိုပါလျှပ်စစ်စီမံကိန်းနှစ်ခုကို VPower က အပြည့်အဝပိုင်ဆိုင်ပြီး ယခုနှစ် မတ်နှင့် ဇွန်လတွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် စီမံကိန်းများဖြစ်သည်။ 

VPower ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ စစ်ကောင်စီဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသည့်နည်းတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူများကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။  

မြန်မာနိုင်ငံရှိ VPower ကုမ္ပဏီ၏ လျှပ်စစ်စီမံကိန်းများ

ဥရောပ၊ တောင်အမေရိကနှင့် အာရှနိုင်ငံများတွင် စီးပွားရေးလုပ်ငန်းများရှိသည့် VPower ကုမ္ပဏီအတွက် မြန်မာနိုင်ငံသည် ဝင်ငွေအများဆုံးရရှိသည့် အရင်းအမြတ်တစ်ခုဖြစ်သည်။ ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံမှ အမေရိကန်ဒေါ်လာ ၅၉ ဒသမ ၂ သန်းရှိခဲ့ပြီး ကုမ္ပဏီ၏ ရင်းနှီး၊ တည်ဆောက်၊ လုပ်ကိုင် (IBO) လုပ်ငန်းများ၏ အရောင်းတန်ဖိုး ၁၃ ဒသမ ၅ ရာခိုင်နှုန်းရှိသည်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ပထမနှစ်ဝက်အတွင်း မြန်မာနိုင်ငံမှ ဝင်ငွေ ၃၁ ဒသမ ၆ သန်းသာ ရရှိထားပြီး IBO လုပ်ငန်းများ၏ ၁၂ ဒသမ ၃ ရာခိုင်နှုန်းသာရှိတော့သည်ဟု သိရသည်။ 

ဟောင်ကောင်အခြေစိုက် VPower ကုမ္ပဏီက လျှပ်စစ်စီမံကိန်းနှစ်ခု အဆုံးသတ်လိုက်သော်လည်း ရန်ကုန်၊ ကျောက်ဖြူ၊ မြင်းခြံနှင့် ပခုက္ကူတို့တွင် လျှပ်စစ်စီမံကိန်း ၇ ခု ဆက်လက်လုပ်ကိုင်နေဆဲဖြစ်သည်။ ထိုလျှပ်စစ်စီမံကိန်း ၇ ခုအနက် ၄ ခုကို VPower က အပြည့်အဝပိုင်ဆိုင်ထားပြီး ကျန် ၃ ခုတွင် တရုတ်နိုင်ငံပိုင် စက်မှုလုပ်ငန်းကြီးဖြစ်သည့် China National Technical Import & Export Corporation (CNTIC) က ပါဝင်ရင်းနှီးမြှုပ်နှံထားသည်။

မြန်မာနိုင်ငံတွင် ပထမဆုံး FSU (Floating Story Unit) စနစ်ဖြင့် ပြည်ပမှ သဘာဝဓာတ်ငွေ့တင်သွင်းကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့် စီမံကိန်းကိုလည်း တရုတ်နိုင်ငံပိုင် CNTIC နှင့် VPower ကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိထားသည်။

ရန်ကုန်မြို့ သီလဝါတွင် အကောင်အထည်ဖော်လျက်ရှိသည့် အဆိုပါစီမံကိန်းကို စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ထံမှ မြေငှားရမ်ကာ CNTIC နှင့် VPower လုပ်ကိုင်နေခြင်းဖြစ်ကာ ပြည်တွင်းမှ မိတ်ဖက်ကုမ္ပဏီမှာ Zeya & Associates Group ဖြစ်သည်။ 

သီလဝါရှိ အဆိုပါ LNG to Power စီမံကိန်းမှာ မြန်မာပြည်သူများအပေါ်ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများအတွက် ငွေကြေးထောက်ပံ့ပေးနေကြောင်း စစ်တပ်နှင့် ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်းများကို ထုတ်ဖော်ရေးသားနေသည့် Justice For Myanmar(JFM) အဖွဲ့က ထုတ်ဖော်ပြောဆိုထားသည်။ 

စစ်အာဏာသိမ်းပြီးနောက် အဘက်ဘက်မှ ယိုယွင်းလာသည့်အခြေအနေကြောင့် မြန်မာမှ အပြီးထွက်ခွာရန် သို့မဟုတ် လုပ်ငန်းများရပ်ဆိုင်းရန် နိုင်ငံတကာကုမ္ပဏီကြီးများ ဆုံးဖြတ်ခဲ့ကြသည်။ 

နော်ဝေအခြေစိုက် တယ်လီနောဆက်သွယ်ရေးကုမ္ပဏီက မြန်မာမှ ထွက်ခွာတော့မည်ဖြစ်သည့်နည်းတူ ရှမ်းပြည်နယ်၊ ဘော်တွင်းသတ္တုစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံထားသည့် ဩစတြေးလျအခြေစိုက် Myanmar Metals Limited (MYL) ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှုများကို ရောင်းချခဲ့သည်။ 

ဂျာမနီနိုင်ငံအခြေစိုက် လက်လက်ကားဖြန့်ချိရေးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် မက်ထရို(Metro)က မြန်မာနိုင်ငံရှိ လုပ်ငန်းလည်ပတ်မှုများအားလုံးကို လာမည့်​​အောက်တိုဘာအကုန်တွင် အပြီးရပ်ဆိုင်းမည်ဖြစ်ကြောင်း ယမန်နေ့ (စက်တင်ဘာ ၁) တွင် သတင်းထုတ်ပြန်ခဲ့သည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button