သတင်း

မြန်မာအလုပ်သမားများ၏ လွှဲငွေလက်ခံရေး ထိုင်း Kasikorn ဘဏ်နှင့် KBZ ပူးပေါင်း

စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ်သမားများ၏ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို ဘဏ်မှ လွှဲခိုင်းရန် စီစဉ်နေချိန် ထိုငွေလွှဲဝန်ဆောင်မှုအတွက် ထိုင်းနိုင်ငံရှိ အထင်ကရဘဏ်ကြီးတစ်ခုဖြစ်သော Kasikorn နှင့် မြန်မာနိုင်ငံမှ KBZ တို့ ပူးပေါင်းလုပ်ဆောင်သွားမည်ဟု သိရသည်။

မိုဘိုင်းဖုန်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ငွေလွှဲပေးပို့နိုင်မည့် ဝန်ဆောင်မှုလုပ်ငန်းအတွက် ထိုဘဏ်ကြီး ကြိုးပမ်းနေသည်ဟု Kasikornbank ဘဏ်ကို ကိုးကား၍ Nikkei Asia သတင်းဌာနက ယနေ့ (ဩဂုတ် ၂၃ ရက်) ရေးသားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုင်းကဲ့သို့သော အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်သည့် မြန်မာလူငယ်အရေအတွက် တိုးလာပြီး ထိုအလုပ်သမားများက မိသားစုထံ ငွေပို့ရာတွင် ငွေလွှဲလုပ်ငန်းရရှိရေး ဘဏ်ကြီးနှစ်ခုက ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံမှ မြန်မာသို့ ငွေလွှဲပေးပို့မှု မြင့်တက်နေပြီး ထိုင်း Kasikorn ဘဏ်မှတစ်ဆင့် KBZ ဘဏ်ထံ ရောက်ရှိလာမည့် ထိုင်းဘတ်ငွေများကို မြန်မာဘက်မှ သွင်းကုန်လုပ်ငန်းများတွင် အသုံးပြုသွားမည်ဟု Nikkei Asia သတင်းတွင် ဖော်ပြသည်။

နိုင်ငံခြားသုံးငွေ ရှားပါးနေသည့် စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ်သမားများ၏ ပြန်ပို့ငွေကို ဘဏ်မှတစ်ဆင့် ဖြတ်သန်းစေရေး လွန်ခဲ့သည့်နှစ်ကတည်းက စီစဉ်နေစဉ် Kasikornbank ဘဏ်နှင့် KBZ တို့ ပူးပေါင်းမည့်သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

လွန်ခဲ့သည့် ဇူလိုင်လကုန်ပိုင်းက နေပြည်တော်၌ ပြုလုပ်ခဲ့သော ပြည်ပအလုပ်အကိုင်ကြီးကြပ်ရေးကော်မတီအစည်းအဝေးတွင် ပြည်ပရောက်အလုပ်သမားများ၏ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို ဘဏ်မှ လွှဲစေရေး စည်းကမ်းသတ်မှတ်မည့်အကြောင်း ထည့်သွင်းဆွေးနွေးခဲ့သည်။

ဘဏ်စနစ်အတွင်း ရောက်ရှိလာမည့် ထိုင်းရောက် မြန်မာအလုပ်သမားများ၏ငွေကို ကုန်သွယ်ရေးလုပ်ငန်းတွင် အသုံးပြုမည်ဖြစ်ကြောင်း ယမန်နေ့ (ဩဂုတ် ၂၂) သတင်းစာရှင်းလင်းပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက အတည်ပြုပြောဆိုခဲ့သည်။

“ပို့ကုန်တင်ပို့တဲ့ငွေရော နောက် အခြားရငွေပေါ့နော်၊ နိုင်ငံခြားမှာ သွားအလုပ်လုပ်တဲ့သူတွေလည်း ရှိတဲ့အတွက် ရတဲ့ငွေတွေကို ဘဏ်ထဲကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ရမယ်။ ပြီးတော့မှ ဘဏ်ထဲမှာ ရောက်နေတဲ့ ဘတ်ငွေကို သွင်းကုန်ဆောင်ရွက်တဲ့အခါမှာ ဘဏ်စနစ်ကို သုံးပြီး ဆောင်ရွက်ဖို့ ရှိပါတယ်”

နိုင်ငံခြားငွေ လိုအပ်သဖြင့် အလုပ်သမားများကို ဘဏ်မှတစ်ဆင့် ငွေလွှဲခိုင်းရန် စစ်ကောင်စီက စီစဉ်နေခြင်း ဖြစ်သည်ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ လုပ်ကိုင်သူတစ်ဦးက ယခုလဆန်းပိုင်းတွင် ပြောဆိုထားသည်။

“သူတို့ကတော့ ပိုက်ဆံလိုနေတော့ ရသလိုလုပ်နေတာ၊ ဒါက ဟိုအရင်ကလည်း လုပ်နေတာ ရှိပြီးသား။ ရှိပြီးသားကို အခုမှ အသည်းအသန်တွေ ၂၅ ရာခိုင်နှုန်း ပြန်လွှဲရမယ်ဆိုတဲ့ တရားဝင်ဘဏ်စနစ်ကနေ သွင်းဖို့လုပ်တာ”

အာဏာသိမ်းစစ်တပ်က အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၂၁၀၀ နှုန်း သတ်မှတ်ထားသော်လည်း ပြင်ပပေါက်ဈေးမှာ ကျပ် ၃၇၀၀ အထိ ရှိနေသဖြင့် ဘဏ်မှတစ်ဆင့် ငွေလွှဲမည်ဆိုပါက ကွာဟချက်ရှိနေသည်။

စစ်ကောင်စီလက်ထက်တွင် ဒေါ်လာဈေး သုံးမျိုးဖြစ်လာပြီး တရားဝင်သတ်မှတ်ဈေး ကျပ် ၂၁၀၀၊ ဗဟိုဘဏ်ကြီးကြပ်မှုဖြင့် ဘဏ်များ၏ အွန်လိုင်းရောင်းဈေး ၂၉၀၀ ကျော်နှင့် ပြင်ပပေါက်ဈေး ကျပ် ၃၅၀၀ အထက်ဖြစ်သည်။​

ပြည်ပရောက် အလုပ်သမားများအနေဖြင့် စစ်ကောင်စီသတ်မှတ်ဈေးဖြင့် ငွေလွှဲပေးပို့ရမည်ဆိုပါက လက်တွေ့အလုပ်မဖြစ်နိုင်ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ လုပ်ကိုင်သူက ဆိုသည်။

“တရားဝင် အဲ့ဒီလို လွှဲပြောင်းဖို့ဆိုရင်တော့ အပြင်ဈေးနဲ့ သူတို့သတ်မှတ်တဲ့ဈေးနဲ့ တူနေဖို့ လိုတာပေါ့။ သာနေဖို့ လိုတာပေါ့။ ဒီလို သာမနေဘူးဆိုရင် ဘယ်သူမှ လွှဲမှာ မဟုတ်ဘူး။ ပုံမှန်ကတော့ ဟွန်ဒီကပဲ လွှဲမှာပေါ့”

ပြည်ပသို့ အလုပ်သမားစေလွှတ်ရာ၌ အလုပ်ရှင်အလုပ်သမားစာချုပ်တွင် လစာ၏ ၂၅ ရာခိုင်နှုန်းကို ဘဏ်မှ လွှဲပြောင်းရေး သက်ဆိုင်ရာအေဂျင်စီက တာဝန်ယူရမည်ဆိုသော အချက်ကို ထည့်သွင်းရန်လည်း စစ်ကောင်စီ စီစဉ်ထားသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ပြီးခဲ့သည့် ဒီဇင်ဘာလက ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားပေါင်း ၂ သန်းနီးပါးရှိသည်။

ထိုမျှများပြားလှသော အလုပ်သမားများထံမှ အခွန်ငွေရရှိရန် ကြိုးပမ်းသင့်ကြောင်း ဦးသိန်းစိန်အစိုးရလက်ထက်တွင် အလုပ်သမားဝန်ကြီးဖြစ်ခဲ့သူ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်း မင်းကင်းမောင်မြင့် ခေါ် ဦးမောင်မြင့်က လွန်ခဲ့သည့်နှစ်အတွင်း ထုတ်ဖော်ပြောဆိုဖူးသည်။

ဒေါ်လာရရှိရေးနှင့် ငွေကြေးဖောင်းပွမှု လျှော့ချရေးအတွက် စစ်ကောင်စီထံ အကြံပြုချက်ခေါင်းစဉ်ဖြင့် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဟောပြောချက်ထုတ်လွှင့်ရာ၌ ထိုသို့ထည့်သွင်းပြောဆိုခဲ့သည်။

အာဏာသိမ်းစစ်တပ် လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မလေးရှား၊ ထိုင်း၊ စင်ကာပူနှင့် အခြားနိုင်ငံရှိ မြန်မာအလုပ်သမားများထံမှ မိသားစုထံ လွှဲပို့ငွေမှာ ၂၀၁၄ ခုနှစ်မှ ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၀၀၀ ကျော်ရှိသည်ဟု သိရသည်။

နိုင်ငံခြားသုံးငွေ အကြီးအကျယ်လိုအပ်နေသဖြင့် စစ်တပ်က ပြည်ပသွင်းကုန်များကို ကန့်သတ်ပိတ်ပင်ထားသည့်နည်းတူ ပို့ကုန်ရငွေများ ဘဏ်စနစ်အတွင်း ရောက်ရှိရေး အစဉ်တစိုက် ကြိုးပမ်းလျက်ရှိသည်။ အခြားတစ်ဖက်တွင် ပြည်ပရောက် အလုပ်သမားများထံမှ နိုင်ငံခြားငွေ ရရှိရေးကို အားထုတ်လာသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button