သတင်း

အိန္ဒိယက စစ်ကောင်စီထံ ခြောက်လအတွင်း ဒေါ်လာ ၅ သန်းဖိုး လက်နက်တင်ပို့ခဲ့

အိမ်နီးနားချင်း အိန္ဒိယနိုင်ငံက လွန်ခဲ့သည့် ခြောက်လအတွင်း စစ်ကောင်စီထံ အမေရိကန်ဒေါ်လာ ၅ သန်းဖိုးရှိ လက်နက်ခဲယမ်းများ တင်ပို့ခဲ့ကြောင်း မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း ဖော်ထုတ်နေသည့် Justice For Myanmar (JFM) က ယနေ့ (ဇွန် ၂၁) ထုတ်ပြန်သည်။

ကုန်သွယ်ရေးအချက်အလက်များအရ အိန္ဒိယနိုင်ငံပိုင် Bharat Electronics Limited (BEL) ကုမ္ပဏီက ၂၀၂၂ နိုဝင်ဘာလမှ ယခုနှစ် ဧပြီလအထိ ခြောက်လတာအတွင်း စစ်ဘက်သုံးနည်းပညာနှင့် ဆက်စပ်ပစ္စည်းများ အပါအဝင် မြန်မာရေတပ်မှ ရေငုပ်သင်္ဘော၊ ဖရီးဂိတ် (ကိုယ်ပျောက်စစ်ရေယာဉ်) စစ်သင်္ဘောများအတွက် အထောက်အကူပြု စာရွက်စာတမ်းများ ပေးပို့ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယကုမ္ပဏီက တင်ပို့သည်များတွင် စစ်သင်္ဘောသုံးပစ္စည်းမျိုးစုံအပြင် ရေဒီယိုလှိုင်းထုတ်လွှင့်ခြင်းနှင့် ရေဒါဆိုင်ရာ ကိရိယာတန်ဆာပလာများ၊ စစ်မြေပြင်၌ ကျောပိုးအိတ်ဖြင့် အလွယ်တကူသယ်ဆောင်နိုင်သည့် ဆက်သွယ်ရေးစက်များလည်း ပါဝင်သည်။

မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းများ တင်ပို့ရောင်းချခြင်းအားဖြင့် အိန္ဒိယသည်လည်း ဆက်လက်ဖြစ်ပေါ်နေဆဲ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ပြစ်မှုများအပြင် စစ်ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်ခြင်းဖြစ်သည်ဟု JFM က ဆိုသည်။

စစ်ကောင်စီက အရပ်သားပြည်သူများအပေါ် ဆက်လက်အကြမ်းဖက်နေဆဲဖြစ်ကာ လူပေါင်း ၃၆၀၀ ကျော် အသတ်ခံထားရပြီး ဖမ်းဆီးခံရသူ နှစ်သောင်းသုံးထောင်ကျော်ရှိကြောင်း၊ ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လိင်အကြမ်းဖက်မှုများကိုလည်း ဆက်လက်ကျူးလွန်နေဆဲဖြစ်ကာ လူပေါင်း ၁ ဒသမ ၅ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။

မြန်မာစစ်တပ်ကို ဆက်လက်ပံ့ပိုးနေသော အိန္ဒိယအနေဖြင့် နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများကိုသာမက Wassenaar ခေါ် စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းကိရိယာများ၊ နည်းပညာတင်ပို့မှု ထိန်းချုပ်ရေးသဘောတူညီချက်ကိုပါ ဥပေက္ခာပြုနေခြင်းဖြစ်သည်ဟု ဆိုသည်။

မြန်မာစစ်တပ်ထံ လက်နက်တင်ပို့ရောင်းချနေသည့် အိန္ဒိယနိုင်ငံပိုင် BEL ကုမ္ပဏီတွင် ရှယ်ယာထည့်ဝင်ထားသူများ။

အိန္ဒိယနိုင်ငံပိုင် BEL ကုမ္ပဏီက လက်နက်တင်ပို့မှု ၇ ကြိမ်ရှိခဲ့ကာ သုံးကြိမ်က မြန်မာစစ်တပ်ထံ တိုက်ရိုက်တင်ပို့ခြင်းဖြစ်ပြီး Mega Hill General Trading ကုမ္ပဏီထံ သုံးကြိမ်၊ Alliance Engineering Services ကုမ္ပဏီထံ တစ်ကြိမ်တင်ပို့ခဲ့သည်ဟု သိရသည်။

Alliance Engineering Services မှာ လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း မောင်မောင်ကျော် ပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်သည်။

Mega Hill General Trading သည်လည်း စစ်တပ်အဆက်အနွှယ် ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်ပြီး စစ်လက်နက်ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးရုံးထံ နည်းပညာနှင့် ဝန်ဆောင်မှုပေးနေသည်။ ယင်းကုမ္ပဏီမှာ ၂၀၂၁ ခုနှစ်အတွင်း အိန္ဒိယ BEL ကုမ္ပဏီထံမှ အဝေးထိန်းစနစ်ဖြင့် ပစ်ခတ်နိုင်သော စစ်လက်နက်ပစ္စည်းများ ဝယ်ယူပေးခဲ့ဖူးသည်။

အိန္ဒိယနှင့် မြန်မာစစ်တပ်မှာ ရှည်လျားသည့်ဆက်ဆံရေးသမိုင်းကြောင်းရှိပြီး ရေတပ်အရာရှိများကို ရုရှား၊ တရုတ်နှင့် အိန္ဒိယသို့ စေလွှတ်ထားကြောင်း လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုထားသည်။

မြန်မာစစ်တပ်ထံ စစ်လက်နက်အပါအဝင် နည်းပညာနှင့် ဆက်စပ်ပစ္စည်းများ တင်ပို့ရောင်းချနေခြင်းကို ရပ်တန့်နိုင်ရေး အိန္ဒိယနိုင်ငံ၏ မဟာမိတ်များအနေဖြင့် ဖိအားပေးစေလိုသည်ဟုလည်း JFM က တောင်းဆိုထားသည်။ အထူးသဖြင့် ယခုနှစ်အတွင်း တရားဝင်အလည်အပတ်ခရီးစဉ်များတွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီကို ဂုဏ်ပြုထားသည့် အမေရိကန်နှင့် ပြင်သစ်တို့အနေဖြင့် မြန်မာစစ်တပ်ထံ စစ်လက်နက်တင်ပို့မှု ပိတ်ပင်ရေး အထူးတာဝန်ရှိသည်ဟု ဆိုသည်။

Mega Hill General Trading နှင့် Alliance Engineering Services ကုမ္ပဏီတို့အပြင် ထိုကုမ္ပဏီများရှိ ဒါရိုက်တာများနှင့် ရှယ်ယာရှင်များကိုလည်း ပိတ်ဆို့အရေးယူရန် JFM က တောင်းဆိုသည်။

အိန္ဒိယအစိုးရက ၅၁ ဒသမ ၁၄ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် BEL ကုမ္ပဏီ၌ ရှယ်ယာထည့်ဝင်ထားသူများတွင် ကနေဒါ၊ အမေရိကန်နှင့် ဆွီဒင်နိုင်ငံတို့ရှိ ပင်စင်စားများ၏ ငွေဖြင့် ထူထောင်ထားသည့် ရန်ပုံငွေအဖွဲ့များလည်း ပါဝင်နေသည်။ ထိုနိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် လူ့အခွင့်အရေးအရ BEL ကုမ္ပဏီနှင့် လမ်းခွဲသင့်သည်ဟု JFM က ဆိုသည်။

“အိန္ဒိယအစိုးရနဲ့ နိုင်ငံပိုင်လက်နက်ကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ စစ်တပ်အကျိုးရှိစေမယ့် လက်နက်တပ်ဆင်ပေးတာတွေ ဆက်လုပ်နေပြီး အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှု ကျူးလွန်ရာမှာ ပါဝင်ပတ်သက်နေပါတယ်” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

“အကြမ်းဖက်စစ်ကောင်စီကို လက်နက်ရောင်းချခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းအားဖြင့် အိန္ဒိယဟာ မြန်မာပြည်သူတွေရဲ့ အသံကိုသာမက တရားဝင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ကုလရဲ့ဖြေရှင်းချက်တွေအပေါ် လျစ်လျူရှုနေတယ်”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button