
အိန္ဒိယနိုင်ငံက အာဏာသိမ်း မြန်မာစစ်တပ်ထံ စစ်လက်နက်ပစ္စည်းများ ဆက်လက်ရောင်းချပေးနေဆဲဖြစ်ကာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက ၁၂၂ မမ ဟောင်ဝစ်ဇာ (Howitzers) အမြောက်သုံး အစိတ်အပိုင်းများ ပေးပို့ခဲ့ကြောင်း Justice For Myanmar (JFM) အဖွဲ့က ယနေ့ (မတ် ၁) ထုတ်ပြန်လိုက်သည်။
စစ်လက်နက်အစိတ်အပိုင်းများကို အိန္ဒိယနိုင်ငံပိုင် ကုမ္ပဏီတစ်ခုဖြစ်သော Yantra India limited တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း ဖော်ထုတ်နေသည့် JFM အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း ကချင်ပြည်နယ် ဗန်းမော်နှင့် ဖားကန့်ဒေသအတွင်း အရပ်သားများကို စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်ရာ၌ ပစ်ခတ်ခဲ့သည့် အမြောက်များတွင် တပ်ဆင်အသုံးပြုသည့် အစိတ်အပိုင်းများဖြစ်ကြောင်းလည်း JFM ဆိုသည်။
အိန္ဒိယအစိုးရအနေဖြင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေသည့် မြန်မာစစ်တပ်ကို စစ်လက်နက်များ ထောက်ပံ့နေခြင်း၊ စစ်ရေးနှင့် ဆက်စပ်သည့် ထောက်ပံ့ကူညီခြင်းများကို ချက်ချင်းရပ်တန့်ပေးရန်လည်း တောင်းဆိုထားသည်။
“အိန္ဒိယနိုင်ငံက လက်နက်အထောက်အပံ့များ ပေးပို့နေခြင်းဟာ မြန်မာစစ်တပ်က အရပ်သားများကိုပါ တိုက်ခိုက်နေခြင်းနှင့် နိုင်ငံတကာဥပဒေများကို ချိုးဖောက်ရာတွင် အကူအညီဖြစ်နေပါတယ်” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။
စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တစ်ခုဖြစ်သော The Quad (Quadriateral Security Dialogue) တွင် ပါဝင်သည့် ဩစတြေးလျ၊ ဂျပန်နှင့် အမေရိကန်တို့အနေဖြင့် အိန္ဒိယ၏ မြန်မာစစ်တပ်အပေါ် လက်နက်ထောက်ပံ့နေခြင်းကို ရပ်တန့်ပေးရန် တောင်းဆိုသင့်သည်ဟုလည်း သူက ထောက်ပြသည်။
အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ကို အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့က ပိတ်ဆို့ အရေးယူမှုများ ချမှတ်ထားရာ စစ်ဗိုလ်ချုပ်များသာမက စစ်လက်နက်ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးရုံး၊ စစ်ထောက်ချုပ်ရုံးနှင့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံးကဲ့သို့သော ဌာနများလည်း ပါဝင်သည်။
စစ်တပ်နှင့် ပတ်သက်ဆက်နွှယ်သူများ၊ လက်နက်ပွဲစားများကိုလည်း အနောက်နိုင်ငံများက ပိတ်ဆို့ အရေးယူထားသည်။
အိန္ဒိယနိုင်ငံပိုင် Yantra India limited ကုမ္ပဏီသည် ရန်ကုန်အခြေစိုက် လက်နက်ပွဲစား ဦးကျော်ကျော်ထွန်းပိုင် Industrial Technologies ကုမ္ပဏီမှတစ်ဆင့် မြန်မာစစ်တပ်ထံ စစ်လက်နက်ပစ္စည်းများ တင်ပို့နေခြင်းဖြစ်သည်ဟု Justice For Myanmar က ဆိုသည်။
အဆိုပါ Yantra India ကုမ္ပဏီသည် ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးပစ္စည်းများထုတ်လုပ်ရေးဌာနအောက်တွင် ပုဂ္ဂလိကပုံစံဖြင့် လုပ်ကိုင်နေသည်ဟု သိရသည်။
အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ဒဏ်ခတ်အရေးယူနေချိန် မြန်မာစစ်တပ်ထံ စစ်လက်နက်ပစ္စည်းများ တင်ပို့ရောင်းချနေသည်မှာ Yantra India ကုမ္ပဏီတစ်ခုတည်း မဟုတ်ပေ။
အိန္ဒိယအစိုးရက ရှယ်ယာအများစု ပိုင်ဆိုင်ထားသည့် Bharat Electronics Ltd (BEL) ကုမ္ပဏီသည်လည်း အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်း စစ်လက်နက်ပစ္စည်းများ တင်ပို့ရောင်းချခဲ့သည်။ မြန်မာနိုင်ငံမှ စစ်တပ်အကျိုးဆောင် Mega Hill General Trading ကုမ္ပဏီမှတစ်ဆင့် RCWS ခေါ် အဝေးထိန်းစနစ်ဖြင့် ပစ်ခတ်နိုင်သော စစ်လက်နက်အတွက် အမျိုးစုံစနစ်များ တင်ပို့ရောင်းချခဲ့ခြင်းဖြစ်သည်။
စစ်လက်နက်ပစ္စည်းနှင့် ပတ်သက်၍ အနောက်နိုင်ငံများ၏ အစဉ်အဆက် ပိတ်ဆို့ခံထားရသည့် မြန်မာစစ်တပ်သည် တစ်ကျော့ပြန်အာဏာသိမ်းမှုကြောင့် ရုရှားနှင့် တရုတ်တို့ကဲ့သို့ နီးစပ်သော နိုင်ငံများထံမှ ဝယ်ယူတင်သွင်းနေသည်။
မြန်မာစစ်တပ်သည် ရုရှားနှင့် အိန္ဒိယတို့ ဖက်စပ်ထုတ်လုပ်ထားသည့် နာမည်ကျော် ဘရာမို့စ် (BrahMos) ခရုစ်ဒုံးကျည်များကို အကြွေးဖြင့် ဝယ်ယူလိုကြောင်း ရုရှားသတင်းဌာန TASS က ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်း ရေးသားခဲ့ဖူးသည်။
အာဏာသိမ်းစစ်တပ်သည် အိန္ဒိယထံမှ ပိုက်ဆံချေးကာ နာမည်ကျော် သင်္ဘောဖျက်ဒုံးကျည်ကို ဝယ်ယူလိုသည်ဟု သတင်းက ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)