သတင်း

မဏိပူရ်အကျဉ်းထောင်တွင် အစာငတ်ခံဆန္ဒပြသည့် မြန်မာနိုင်ငံသူများ ရိုက်နှက်ခံရ

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားများ ပြစ်ဒဏ်စေ့သော်လည်း လွတ်မပေးခြင်းကြောင့် အစာငတ်ခံဆန္ဒပြသူ အမျိုးသမီး ၃၀ ကျော် ရိုက်နှက်ခံခဲ့ရသည်ဟု သိရသည်။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားများ ပြစ်ဒဏ်စေ့သော်လည်း လွှတ်တ်မပေးခြင်းကြောင့် အစာငတ်ခံဆန္ဒပြသူ အမျိုးသမီး ၃၀ ကျော် ရိုက်နှက်ခံခဲ့ရကြောင်း India for Myanmar အဖွဲ့ထံမှ သိရသည်။

မဏိပူရ်ပြည်နယ်တွင် တရားမဝင် ဝင်ရောက်နေထိုင်မှုကြောင့် ထောင်ဒဏ် ၅ လကျော်ကြာ ပြစ်ဒဏ်ကျခံခဲ့ရသည်။ သို့သော်တစ်နှစ်နီးပါး ဆက်လက်ချုပ်နှောင်ထားပြီး လွှတ်မပေးသဖြင့် အမျိုးသမီး ၃၀ ကျော်က ဒီဇင်ဘာ ၁၆ ရက်နေ့တွင် စတင် အစာငတ်ခံဆန္ဒပြခဲ့သည်။

ထိုသူများကို ဒီဇင်ဘာ ၁၉ ရက်တွင် အကျဉ်းထောင်စောင့်ရဲများက ရိုက်နှက်ခြင်း ဖြစ်ကြောင်း အိန္ဒိယရောက် မြန်မာနိုင်ငံသားများကို အကူအညီပေးနေသည့် India for Myanmar အဖွဲ့ အဖွဲ့တည်ထောင်သူ ဆလိုင်းဒိုခါရ်က ထောင်တွင်းမှ ဆက်သွယ်ပြောကြားချက်ကို ကိုးကားပြီး ပြောသည်။

“အမျိုးသမီးဆောင်မှာ အစာငတ်ခံဆန္ဒပြကြတယ်။ ၁၇၊ ၁၈ အထိပေါ့။ ၁၈ ရက်အရောက်မှာတော့ နှင်းကျတဲ့နေရာမှာ ညလုံးပေါက်အိပ်ခိုင်းပြီးတော့ နောက်ရက် မနက် (ဒီဇင်ဘာ ၁၉) မှာ အရိုက်ခံရတယ်”

အစာငတ်ခံဆန္ဒပြနေသည့် အမျိုးသမီးများ ရိုက်နှက်ခံရသည့်အတွက် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား အမျိုးသားတချို့လည်း  ယမန်နေ့ (ဒီဇင်ဘာ ၁၉) ရက်တွင် အစာငတ်ခံဆန္ဒပြလျက်ရှိသည်ဟုလည်း သူက ဆိုသည်။

“တကယ့်အပြစ်ဒဏ်က ထောင်ဒဏ် ၅ လနဲ့ ငွေဒဏ်။ အဲ့ဒါက အကုန်လုံး ကျခံပြီးသား။ ဘာအကြောင်းကြောင့် ထိန်းသိမ်းလဲဆိုတာ မသိလို့ သူတို့ရဲ့ အရမ်းနစ်နာလွန်တဲ့ အခြေအနေတွေနဲ့ ခိုင်မာတဲ့အကြောင်းပြချက်မရှိဘဲ ဒီလိုဆက်လက်ထိန်းသိမ်းတာကို မလွှတ်မချင်း တောင်းဆိုသွားမယ်ဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်” ဟု ဆလိုင်းဒိုခါရ်က ပြောသည်။

အစာငတ်ခံဆန္ဒပြသူများ၏ ကျန်းမာရေးနှင့် နောက်ဆက်တွဲအခြေအနေနှင့် ပတ်သက်ပြီး ယနေ့ (ဒီဇင်ဘာ ၂၀) ရက် နံနက်ပိုင်းအထိ ထပ်မံမသိရှိရသေးပေ။

“ဒီဇင်ဘာ ၁၆၊ ၁၇၊ ၁၈ ၊ ၁၉ ရက်နေ့မှာတော့ ဆန္ဒဆက်ပြနေဆဲမှာပဲ ရဲအမျိုးသားတွေ အင်ဖာအာဏာပိုင်ရဲတွေက ရိုက်တယ်။ များများရိုက်တော့ မခံနိုင်တော့ ထဘီတွေ ကျွတ်ကြတဲ့အထိကို ဖြစ်ခဲ့တယ်” ဟု အကျဉ်းကျခံနေရသူတစ်ဦး၏ မိသားစုဝင် မစုစုက ပြောသည်။

မစုစု၏ မိသားစုဝင်မှာ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် ယက္ကန်းရုံတစ်ရုံတွင် လုပ်ကိုင်နေကြစဉ် ၂၀၂၂ ခုနှစ် ဇွန်လ ၂၈ က ဖမ်းဆီးခံရပြီး နိုင်ငံခြားသားအက်ဥပဒေအရ အရေးယူခံရကာ ထောင်ဒဏ် ၅ လကျော်နှင့် ရူပီး ၁၀၀၀ ပေးဆောင်ခဲ့ရသည်ဟု ဆိုသည်။

ပြစ်ဒဏ်ကျခံပြီးသော်လည်း အကြောင်းပြချက်မရှိဘဲ ဆက်လက်ဖမ်းဆီးထားသဖြင့် အမြန်ဆုံးပြန်လွှတ်ပေးရန် မြန်မာသံရုံးမှတစ်ဆင့် အကူညီတောင်းခံခဲ့သော်လည်း လက်ရှိအချိန်ထိ အခြေအနေမထူးခြားသေးဟု မစုစုက ဆိုသည်။

“သူတို့ကိုယ်တိုင်ကလည်း မြန်မာပြည်ကို ပြန်ချင်တယ်။ သူတို့အပြစ်ဒဏ်လည်း ကျခံပြီးပြီဆိုတော့ မြန်မာပြည်ကို အမြန်ဆုံးပြန်လာစေဖို့ မိသားစုဝင်တစ်ယောက်အနေနဲ့ မျှော်လင့်တယ်” ဟု စစ်ကိုင်းတိုင်း မုံရွာမြို့နေ မစုစုက ဆိုသည်။

ထိုသူများ လူ့အခွင့်အရေးချိုးဖောက်ခံနေရသည်ကို စစ်ဆေးပေးရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးသို့ တင်ပြသွားရန် စီစဉ်ထားကြောင်း ဆလိုင်းဒိုခါရ်က ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တို့တွင် လက်နက်ကိုင်ခုခံမှုများပြင်းထန်ခဲ့ပြီး ထောင်နှင့်ချီသည့် ဒေသခံများမှာ အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ယခုနှစ်ဆန်းပိုင်းတွင်ထုတ်ပြန်ထားသည့် အစီရင်ခံစာအရ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် မြန်မာစစ်ဘေးရှောင် ၅၀၀၀၀ ဝန်းကျင်ရှိသည့်အနက် မီဇိုရမ်ပြည်နယ်တွင် ၃၈၀၀၀ ကျော်၊ မဏိပူရ်ပြည်နယ်တွင် ၆၉၀၀ ဝန်းကျင် ခိုလှုံနေသည်။

Show More

Related Articles

Back to top button