အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
အတွေးအမြင်

တရုတ်နှင့် အိန္ဒိယ ပြည်သူ့ဘက်ရပ်လျှင် စစ်ရှုံးနေသော စစ်ကောင်စီ ပြိုလဲနိုင်

မြန်မာပြည်အရှေ့မြောက် ကိုးကန့်ဒေသမှ စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” ကာလ ၄၅ ရက် ကျော်လာချိန်တွင် နိုင်ငံအနှံ့ရှိ တိုင်းရင်းသားပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့များ (Multi-ethnic Revolutionary Forces) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) ၏ ထိုးစစ်များကြောင့် စစ်ကောင်စီ စစ်ရှုံးနေလေပြီ။

ထို့ပြင် စစ်ရှုံးနေသော စစ်ကောင်စီသည် အရေးပါသော နယ်စပ်ဒေသများနှင့် ကုန်သွယ်ရေးလမ်းကြောင်းများကို လက်လွတ်ဆုံးရှုံးလိုက်ရခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အခင်းအကျင်းသစ်တစ်ခု စတင် ပေါ်ပေါက်လာနေပြီ ဖြစ်သည်။

ထိုအခြေအနေတွင် ဒီဇင်ဘာလ ၆ ရက် တစ်ရက်တည်း၌ပင် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးလွင်ဦးတို့သည် တရုတ်နှင့် အိန္ဒိယနိုင်ငံအသီးသီးသို့ သွားရောက်ပြီး ၎င်းတို့ ရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေများကို ရှင်းပြ၍ အိမ်နီးချင်း အင်အားကြီး နှစ်နိုင်ငံ၏ ထောက်ခံမှုနှင့် အကူအညီကို တောင်းခံနေရပြီ ဖြစ်သည်။

စစ်အာဏာသိမ်းချိန်ကတည်းက စစ်ကောင်စီကိုသာ အသိအမှတ်ပြု ဆက်ဆံနေကြသော အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် ၎င်းတို့၏နယ်စပ်ဒေသများကို တိုင်းရင်းသားပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့များက ပိုမိုထိန်းချုပ်လာနေသည်ကို တွေ့မြင်လာရပြီဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထို့ကြောင့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် နယ်စပ်လုံခြုံရေးနှင့် နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေးတွင် နယ်မြေထိန်းချုပ်ထားသော တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆက်ဆံရမည်လား၊ စစ်ကောင်စီကို ဆက်ပြီး ဆက်ဆံရမည်လား ဆိုသည့် လမ်းဆုံလမ်းခွကို ရောက်ရှိနေပြီ ဖြစ်သည်။

တရုတ်နိုင်ငံသည် ကုန်းတွင်းပိတ် ယူနန်ပြည်နယ်အတွက် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်းမ တည်ဆောက်ပြီး ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် ဘင်္ဂလားပင်လယ်အော်ထွက်ပေါက်ရရန် နှစ်ကာလရှည် ကြိုးပမ်းနေသော အိမ်နီးချင်းအင်အားကြီးနိုင်ငံ ဖြစ်သည်။

ထို့အတူ အိန္ဒိယနိုင်ငံသည်လည်း ၎င်း၏ အရှေ့မြောက်ဒေသ ကုန်းတွင်းပိတ် မီဇိုရမ်ပြည်နယ်ကို ကုလားတန်မြစ်ကြောင်းမှတစ်ဆင့် ရခိုင်ပြည်နယ်ကို ဖြတ်ပြီး ဘင်္ဂလားပင်လယ်အော်ထွက်ပေါက် ရရှိနိုင်ရန် ကြံရွယ်စီစဉ်နေသည်။

တရုတ်နှင့် အိန္ဒိယတို့သည် ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိသော အဆိုပါ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ တည်ဆောက်မည့် စီမံကိန်းများအတွက် နှစ်ကာလအတန်ကြာကတည်းက ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားကြသည်။

ယခုအခါ ၎င်းတို့ထောက်ခံထားသော စစ်ကောင်စီ၏ အာဏာခိုင်မြဲခြင်း မရှိရုံမျှမက နယ်စပ်ဒေသများကို လက်လွတ်ဆုံးရှုံးနေသဖြင့် တရုတ်နှင့် အိန္ဒိယတို့၏ အဆိုပါ စီမံကိန်းများ ရှေ့ဆက်အကောင်အထည်ဖော်ရန် အခက်အခဲတွေ့နေပြီ ဖြစ်သည်။

ပြောင်းလဲလာနေသော နယ်စပ်လုံခြုံရေး အခင်းအကျင်းသစ်တွင် တရုတ်နှင့် အိန္ဒိယတို့သည် အစဉ်အလာအရ ကိုင်စွဲထားသော နိုင်ငံတခု၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး “မူ” အတိုင်း ရပ်တည်မည်လား၊ သို့မဟုတ် စစ်ကောင်စီအပေါ် ၎င်းတို့၏မူဝါဒ ပြောင်းလဲလာမလား၊ သို့မဟုတ် စစ်ရှုံးနေသော စစ်ကောင်စီ သက်ဆိုးရှည်ရန် ဆက်လက်ထောက်ခံကူညီခြင်းဖြင့် ၎င်းတို့၏ မြန်မာပြည်တွင်းက အကျိုးစီးပွားများကို ကာကွယ်ရန် မြန်မာ့အရေးတွင် ပေါ်ပေါ်ထင်ထင် ဝင်ရောက်စွက်ဖက်လာမည်လား၊ စောင့်ကြည့်လေ့လာရမည် ဖြစ်သည်။

တိုက်ပွဲများကြောင့် ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် မူဆယ်မြို့အနီးမှ ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ရပ်နားထားသော ယာဉ်များ မီးလောင်နေသည်ကို နိုဝင်ဘာလကုန်ပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ-ပေးပို့

တရုတ်အစိုးရ ရင်ဆိုင်နေရသော နယ်စပ်လုံခြုံရေးနှင် ကုန်သွယ်ရေး အခင်းအကျင်းသစ်

၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီသည် မြန်မာ-တရုတ်နယ်စပ်က ကိုးကန့်ဒေသတခုလုံးနီးပါး လက်လွတ်ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။ ထို့အတူ အရေးပါသော နယ်စပ်ကုန်သွယ်ရေးမြို့ ချင်းရွှေဟော်သည် ကိုးကန့်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ဖြစ်သော MNDAA တပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက် အပြည့်အဝရောက်ရှိနေပြီ ဖြစ်သည်။

ယခုနှစ် ဧပြီလမှ အောက်တိုဘာလအထိ ၇ လအတွင်း ဒေါ်လာ ၇၀၂.၉၉၆ သန်း ကုန်သွယ်ခဲ့သော ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးသည် လုံးဝရပ်တန့်သွားပြီ ဖြစ်သည်။

တရုတ်နိုင်ငံနှင့် နယ်စပ်ထိစပ်နေသော ကိုးကန့်ဒေသ၏ နယ်စပ်မြို့များဖြစ်သော ချင်းရွှေဟော်၊ ပန်ဆိုင်းနှင့် မုန်းကိုးမြို့များ၊ စစ်ရေးအရ အဓိကကျသော ကွမ်းလုံနှင့် ကုန်းကြမ်းမြို့များသည် MNDAA ထိန်းချုပ်မှုအောက် ရောက်ရှိနေပြီ ဖြစ်သည်။

ယခုနောက်ဆုံးအခြေအနေတွင် MNDAA က ကိုးကန့်ဒေသ၏ အဓိကမြို့ဖြစ်သော လောက်ကိုင်ကို မြို့ပြင်မှ ဝိုင်းပတ် ပိတ်ဆို့ထားပြီး၊ မကြာခင် မြို့သိမ်းတိုက်ပွဲများနှင့်အတူ ကိုးကန်းဒေသတစ်ခုလုံးကို MNDAA ထိန်းချုပ်နိုင်တော့မည် ဖြစ်သည်။

တိုင်းရင်းသားပေါင်းစုံတော်လှန်ရေးတပ်ဖွဲ့များ၏ ၁၀၂၇ စစ်ဆင်ရေးနှင့် မြို့သိမ်းတိုက်ပွဲမှတ်တမ်း

အခြားတစ်ဖက်တွင်လည်း တအာင်းတိုင်းရင်းသားတော်လှန်ရေးအဖွဲ့ (TNLA) က မူဆယ်နှင့် ကပ်လျက်ရှိသော တရုတ်နယ်စပ် နမ့်ခမ်းမြို့ကို သိမ်းပိုက်ထားသလို တရုတ်နှင့် ကုန်သွယ်ရာတွင် အချက်အချာကျသည့် မူဆယ်မြို့အထွက်မှ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးတစ်ဝိုက်ကိုလည်း ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။

တရုတ်နှင့် မြန်မာ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးတွင် အဓိကကျသော မန္တလေး-မူဆယ် ကုန်သွယ်ရေးလမ်းမကြီးတစ်လျှောက် ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး၊ သီပေါ၊ ကျောက်မဲနှင့် နောင်ချိုမြို့အသီးသီးတွင်လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့ (MNDAA/TNLA/AA) တို့က ထိုးစစ်များ ဆက်တိုက်ဖော်ဆောင်နေသလို လမ်းပန်းဆက်သွယ်ရာတွင် အဓိကကျသည့် မြစ်ကူးတံတားများလည်း လုံးဝကျိုးကျ ပျက်စီးနေပြီ ဖြစ်သည်။

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး၏ အဓိကမြို့ကြီးဖြစ်သော မူဆယ်မြို့၏ နယ်စပ်ကုန်သွယ်ရေးစခန်း ၄ ခုအနက် တစ်ခုဖြစ်သော ကျင်စန်းကျော့ဂိတ်ကိုလည်း MNDAA က သိမ်းပိုက်ထိန်းချုပ်ထားပြီ ဖြစ်သည်။ ယခုနှစ် ဧပြီလမှ အောက်တိုဘာလအထိ ဒေါ်လာ ၁.၄၈၃ ဘီလီယံခန့် ကုန်သွယ်ခဲ့သော မူဆယ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းလည်း လုံးဝရပ်တန့်သွားပြီ ဖြစ်သည်။

စစ်ကောင်စီက ထုတ်ပြန်ထားသော နယ်စပ်ကုန်သွယ်ရေး ကိန်းဂဏန်းများအရ မူဆယ်နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနှစ်ခုပေါင်း ကုန်သွယ်မှုတန်ဖိုးသည် ဒေါ်လာ ၂.၁၈၆ ဘီလီယံ ရှိပြီး၊ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး စုစုပေါင်း၏ ၉၅.၂၉ ရာခိုင်နှုန်းရှိသည်။ အခြားနယ်စပ်လမ်းကြောင်းများဖြစ်သော ကန်ပိုက်တီး၊ လွယ်ဂျယ်နှင့် ကျိုင်းတုံ (မိုင်းလား) ကုန်သွယ်မှုပမာဏစုစုပေါင်းမှာ ၄.၇၁ ရာခိုင်နှုန်းသာ ရှိသည့်အတွက် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး အားလုံးနီးပါး ရပ်ဆိုင်းသွားခြင်းဟု အဓိပ္ပာယ်ရသည်။

၂၀၂၃ ခုနှစ် ဧပြီလမှ အောက်တိုဘာအထိ မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှုတန်ဖိုး။ ရင်းမြစ် – စစ်ကောင်စီ ကုန်သွယ်ရေးဝန်ကြီးဌာန။

စောင့်ကြည့်ရမည့် စိတ်ဝင်စားဖွယ် တရုတ်၏ တုန့်ပြန်မှုများ

စစ်ကောင်စီသည် ရှမ်းမြောက်နယ်စပ်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်ခြင်း မရှိပါက နယ်စပ်ဒေသ လုံခြုံရေးနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအပေါ် ထိန်းချုပ်စိုးမိုးထားနိုင်မှုကိုပါ လုံးဝစွန့်လွှတ်လိုက်ရသော အခြေအနေသို့ ရောက်ရှိသွားပါလိမ့်မည်။

ယနေ့အချိန်ထိ စစ်ကောင်စီသည် မြေပြင်တန်ပြန်ထိုးစစ်များ ဖော်ဆောင်နိုင်ခြင်း လုံးဝမရှိပဲ၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကိုသာ လုပ်နိုင်သည်။

နယ်စပ်လုံခြုံရေးအခင်းအကျင်းသစ်တွင် ၎င်းတို့၏ နယ်စပ်ကုန်သွယ်အကျိုးစီးပွားများကို ကာကွယ်ရန် တရုတ်နိုင်ငံ၏ တုံ့ပြန်လာမည့် အခြေအနေမှာ စိတ်ဝင်စားစရာကောင်းပါသည်။

တရုတ်အစိုးရသည် ၎င်း၏နယ်စပ်ဒေသ မြန်မာဘက်ခြမ်းတွင် အခြေပြုထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ယခင်က ရှိရင်းစွဲ ဆက်ဆံရေးနှင့် ဩဇာသုံးပြီး၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်ဖွင့်ပေးရန် ဖိအားပေး ဆောင်ရွက်လာမည်လား၊ တရုတ်ဖိအားကြောင့် နယ်စပ်ကုန်သွယ်ရေးကို ပြန်ဖွင့်ပေးရန် ညီနောင်မဟာမိတ် ၃ ဖွဲ့ကရော လက်ခံလိုက်မည်လား စသဖြင့် စဉ်းစားစရာများရှိသည်။

ထိုသို့ တရုတ်နိုင်ငံ၏ စွက်ဖက်လာနိုင်သည့် အခြေအနေသည် မြန်မာပြည်သူများ၏ စစ်အာဏာရှင် အမြစ်ပြတ်တော်လှန်ရေး ကြိုးပမ်းမှုအပေါ် သက်ရောက်မှုများ ကြီးစွာ ရှိလာနိုင်ပါသည်။

ထိုအခြေအနေဖြစ်ပေါ်လာပါက ကိုးကန့်ဒေသတစ်ခုတည်းမဟုတ်ပဲ ရှမ်းမြောက်တစ်ခွင်လုံး စစ်ရေးသာမက စီးပွားရေးအရ အိမ်နီးချင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးကိုပါ ဖြတ်တောက်ခြင်းဖြင့် “စစ်အာဏာရှင် အမြစ်ပြတ်ရေး” ၁၀၂၇ စစ်ဆင်ရေး ရည်မှန်းချက် အောင်မြင်သည်အထိ ဖော်ဆောင်နိုင်မည် မဟုတ်ပါ။

၎င်းအစား နေပြည်တော် စစ်အာဏာရှင်များနှင့် အတူယှဉ်တွဲနေထိုင်ပြီး နယ်စပ်စီးပွားရေး အကျိုးစီးပွားများကို ခွဲဝေခံစားသည့်လမ်းကြောင်းပေါ် ရောက်ရှိသွားနိုင်ပါသည်။ ထိုအခြေအနေကို တရုတ်သည် သူနိုင်-ကိုယ်နိုင် ဖြေရှင်းနည်း (Win-Win Solution) အဖြစ် အကြံပြုလာနိုင်ပြီး မြန်မာပြည်သူများ၏ ဆန္ဒကို လုံးဝမျက်ကွယ်ပြုရာ ရောက်သွားပါလိမ့်မည်။

တအာင်းတိုင်းရင်းသားတော်လှန်ရေးအဖွဲ့ (TNLA) ထိန်းချုပ်ထားသည့် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ကို နိုဝင်ဘာပထမပတ်က တွေ့ရစဉ်။ ဓာတ်ပုံ – Myanmar Now

စစ်ရှုံးနေသော စစ်ကောင်စီသည် စစ်ရှိန်ကို ရပ်တန့်သွားစေရန် စစ်ရပ်စဲရေးအတွက် နယ်မြေအုပ်ချုပ်ခွင့်နှင့် နယ်စပ်စီးပွားရေး လုပ်ပိုင်ခွင့် အခွင့်အလမ်းမက်လုံးများ ကမ်းလှမ်းပြီး၊ တစ်ဖက်တွင် တရုတ်နိုင်ငံအား ၎င်း၏ ဩဇာကို သုံးစွဲကာ ကြားဝင်စေ့စပ်ပေးရန် စစ်ကောင်စီက အကူအညီ တောင်းနိုင်ပါသည်။

ဒီဇင်ဘာလ ၆ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပခဲ့သော ၈ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်ခဲ့ပြီး၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် သီးခြားတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ရန်ကုန်အခြေစိုက် တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ ဝမ်ရိက “မြန်မာနိုင်ငံက ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင် အောက်တွင် ပြည်တွင်းပြန်လည်သင့်မြတ်ရေး အမြန်ဆုံးဖော်ဆောင်ပြီး၊ နိုင်ငံရေးအသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်ကို ဆက်လက်ဖော်ဆောင်ရန် တရုတ်နိုင်ငံက မျှော်လင့်ပါကြောင်း” ဦးသန်းဆွေကို ပြောခဲ့သည်ဟု သိရသည်။

ဝမ်ရိ၏ အထက်ပါပြောဆိုချက်သည် ၂၀၂၁ ခုနှစ်ကတည်းက တရုတ်အစိုးရ၏ မြန်မာ့အ‌ရေး ရပ်တည်ချက်ဖြစ်ပြီး ယခုတစ်ကြိမ် ထပ်မံပြောဆိုခြင်းကို ထောက်ရှုလျှင်၊ တရုတ်၏ ရပ်တည်ချက် အပြောင်းအလဲမရှိသည်ကို လေ့လာတွေ့ရှိရသည်။

တရုတ်၏ အဆိုပါ ရပ်တည်ချက်သည် မြန်မာပြည်သူများ၏ ဆန္ဒကို ထင်ဟပ်ခြင်းမရှိသည်ကို တရုတ်ခေါင်းဆောင်များ နားလည်ရန် လိုအပ်သည်။ ထိုရပ်တည်ချက်သည် စစ်ကောင်စီကို ကူညီရာရောက်နေပြီး တိုင်းရင်းသားပေါင်းစုံ တော်လှန်ရေး အင်အားစုများ လတ်တလော ဖော်ဆောင်နေသော ထိုးစစ်များ၏ ရည်ရွယ်ချက်နှင့်လည်း အခြေခံကျကျ ကွဲလွဲနေသည်မှာ ထင်ရှားသည်။

တစ်ဖန် ၁၀၂၇ စစ်ဆင်ရေးကြောင့် ဖြစ်ပေါ်လာသော မြန်မာ-တရုတ်နယ်စပ် လုံခြုံရေးအခင်းအကျင်းသစ်သည် တရုတ်အစိုးရ ကြိုးပမ်းနေသော အွန်လိုင်းငွေလိမ်ဂိုဏ်းများ တိုက်ဖျက်ရေးကို များစွာ အထောက်အကူပြုခဲ့သော်လည်း အခြားတစ်ဖက်တွင် ၎င်းတို့၏ နယ်စပ်ကုန်သွယ်ရေး အကျိုးစီးပွားများကို ကာကွယ်နိုင်ခဲ့ခြင်း မရှိခဲ့ပါ။

သို့သော် ပြည်တွင်းနိုင်ငံရေးတွင် နယ်စပ်ဒေသများကို ထိန်းချုပ်ပြီး၊ နယ်စပ်ကုန်သွယ်ရေး လုံးဝရပ်တန့်သွားခြင်းက နေပြည်တော်တွင် အခြေစိုက်သည့် စစ်ကောင်စီ ပိုမိုအထီးကျန်လာစေရန်နှင့် စီးပွားရေးအရ ပိုမိုချိနဲ့အားနည်းလာစေရန်၊ တိုင်းရင်းသားပေါင်းစုံ တော်လှန်ရေးအင်အားစုများ၏ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ကြိုးပမ်းသည့် ခြေလှမ်းများအတွက် အရေးကြီးသော နည်းဗျူဟာများ ဖြစ်သည်။

အကယ်၍ စစ်ကောင်စီဘက်မှ ကြားဝင်စေ့စပ်ပေးရန် တရုတ်အစိုးရ ခြေလှမ်းပြင်မည်ဆိုလျှင် တရုတ်ဘက်မှ ထည့်တွက်စရာများရှိနေသည်။  ၁၀၂၇ စစ်ဆင်ရေးကို စစ်နည်းဗျူဟာမြောက် အဘက်ဘက်က ဟာကွက်မရှိ ပြင်ဆင်ရေးဆွဲနိုင်ခဲ့ပြီး စစ်ကောင်စီအပေါ် အောင်ပွဲအလီလီရရှိနေသော ညီနောင်မဟာမိတ် ၃ ဖွဲ့၏ စစ်ရေးစွမ်းရည်ကို တရုတ်အစိုးရ မြင်တွေ့ထားပြီးဖြစ်သည်။ ထို့အတူ ထိုတော်လှန်ရေးအင်အားစုများ၏ နိုင်ငံရေးခံယူချက်များကိုလည်း လျှော့မတွက်သင့်ပါ။

ယခုအခါ ညီနောင်မဟာမိတ် ၃ ဖွဲ့သည် ပြည်သူကို ပေးထားသော “စစ်အာဏာရှင်အမြစ်ပြတ်ရေး” ကတိကဝတ်ကြောင့် မည်သည့်အချိန်အခါကမှ မရရှိခဲ့ဖူးသော ပြည်သူတစ်ရပ်လုံး၏ ထောက်ခံမှုကို ရရှိထားသည်။  တရုတ်၏ဩဇာနှင့် ဖိအားကို ခုခံရန် အကောင်းဆုံးအင်အားကို တည်ဆောက်ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ တရုတ်၏ဆန္ဒနှင့် ပြည်သူ့ဆန္ဒ မည်သည်ကို ရွေးမည်နည်းဟုဆိုလျှင် ညီနောင်မဟာမိတ် ၃ ဖွဲ့သည် ပြည်သူ့ဆန္ဒကိုသာ ရွေးချယ်ပါလိမ့်မည်။

ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်ပြီးနောက် နိုဝင်ဘာလ ၂၆ ရက်နေ့က ကိုးကန့် MNDAA ဘက်က ထုတ်ပြန်သည့် သတင်းဓာတ်ပုံ (ဓာတ်ပုံ – The Kokang)

မြန်မာ-အိန္ဒိယ နယ်စပ်လုံခြုံရေးနှင့် ကုန်သွယ်ရေး အခင်းအကျင်း အပြောင်းအလဲ

၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်ချိန် နိုဝင်ဘာလ ၂၇ ရက်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့သည် စစ်ဆင်ရေးကို ရှမ်းမြောက်ဒေသမှသည် တစ်နိုင်ငံလုံးအဆင့်အထိ တိုးချဲ့ကြောင်း ကြေညာခဲ့သည်။

စင်စစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်းက ရက္ခိုင်တပ်တော် (AA) သည် ရခိုင်ပြည်နယ်တွင် စစ်မျက်နှာဖွင့် ထိုးစစ်ဆင်မှုများ စတင်ခဲ့ပြီး ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်ကောင်စီ၏ နယ်စပ်လုံခြုံရေးစခန်းများနှင့် ကုလားတန်မြစ်ကြောင်းတစ်လျှောက် ပလက်ဝမြို့ အထက်ပိုင်းမှ အဓိကစခန်းကြီးများဖြစ်သော ထရွန်အိုင်ဗျူဟာကုန်းကို ဒီဇင်ဘာလ ၄ ရက်နေ့တွင် သိမ်းပိုက်ခဲ့သည်။ ထို့အတူ နှုံးဘူးဗျူဟာကုန်း ကိုလည်း ထိုးစစ်ဆင်လာခဲ့ရာ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် AA က သိမ်းပိုက်နိုင်ခဲ့သည်။

ကုလားတန်မြစ်ဝအနီးရှိ ပေါက်တောမြို့ကို AA ၏ ထိန်းချုပ်မှုအောက် မရောက်သွားစေရန် စစ်ကောင်စီသည် လူနေရပ်ကွက်များကို အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးခြင်း၊ လေကြောင်းမှ ဗုံးများကြဲချခြင်းတို့ကြောင့် ရခိုင်ပြည်နယ်၏ ပထမဆုံး မြို့ပျက်တစ်ခု ဖြစ်လာခဲ့သည်။

ထို့အတူ မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေးသည် စစ်ကိုင်းတိုင်းထဲမှ တမူးမြို့နှင့် ချင်းပြည်နယ်ထဲမှ ရိဒ်ခေါဒါရ်မြို့ နှစ်မြို့မှသာ အဓိကဆောင်ရွက်သည်။ ရိဒ်ခေါဒါရ်သည် ယခုအခါ ချင်းတော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက် ရောက်ရှိသွားပြီ ဖြစ်သည်။ ထို့ပြင် တမူးနယ်စပ်အနီး တိုက်ပွဲများပြင်းထန်နေပြီး တမူးမြို့နယ်ထဲက ခမ်းပတ်နယ်စပ်မြို့သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) ထိန်းချုပ်မှုအောက် ရောက်ရှိသွားပြီဖြစ်သည်။

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးသည် စစ်အာဏာမသိမ်းမီက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (စက်တင်ဘာမှ အောက်တိုဘာအထိ) နယ်စပ်ဂိတ်နှစ်ခုပေါင်း ဒေါ်လာ သန်း ၂၀၀ ကျော်ဖြင့် အမြင့်ဆုံးရှိခဲ့ရာမှ ရိဒ်ခေါဒါရ် နယ်စပ်ကုန်သွယ်ရေးသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကတည်းက ကုန်သွယ်မှုလုံးဝမရှိတော့ဘဲ၊ တမူးနယ်စပ်ကုန်သွယ်ရေးသည် ယခုနှစ် ဧပြီလမှ အောက်တိုဘာလအထိ ဒေါ်လာ ၂.၅၆၁ သန်းဖြင့် အနိမ့်ဆုံးသို့ ကျဆင်းသွားပြီ ဖြစ်သည်။

ထို့ပြင် ပထဝီစီးပွားရေးအရ မဟာဗျူဟာကျသော အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဒေသ ကုန်းတွင်းပိတ် မီဇိုရမ်ပြည်နယ်မှ ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ စီးဆင်းသော ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသည် အိန္ဒိယနိုင်ငံ၏အကူအညီဖြင့် ဒေါ်လာသန်းရာနှင့်ချီ ရင်းနှီးမြှုပ်နှံတည်ဆောက်လျက်ရှိသည်။ သို့သော် ယခုအခါတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအကြား တိုက်ပွဲများကြောင့် ရှေ့ဆက်မတိုးနိုင်အောင် ရပ်တန့်သွားပြီ ဖြစ်သည်။

ကုလားတန်မြစ်ကြောင်းတစ်လျှောက် ပလက်ဝ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့တို့သည် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်အကြား စစ်မြေပြင်ဖြစ်လာနေသည်။ ပလက်ဝမြို့အထက်ပိုင်း ကုလားတန်မြစ်ကို အပေါ်စီးမှ စိုးမိုးထိန်းချုပ်ထားသည့် ထရွန်အိုင်နှင့် နှုံးဘူးဗျူဟာကုန်းများကို AA က ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် မြစ်၏အထက်ပိုင်းကို ထိန်းချုပ်စိုးမိုးနိုင်သည့်အခြေအနေ ရရှိသွားပြီ ဖြစ်သည်။

ထိုအခြေအနေက အိန္ဒိယ၏ ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကိုပါ AA က တစ်စိတ်တစ်ပိုင်းထိန်းချုပ်လာနိုင်သည့် အဓိပ္ပာယ်ဆောင်ပါသည်။

အာဏာမသိမ်းမီ ငါးနှစ်အလို ၂၀၁၅ ခုနှစ်က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံနေသည့် စစ်ခေါင်းဆောင်။ (ဓာတ်ပုံ-AFP)

စစ်ရှုံးနေသော စစ်ကောင်စီကို အိန္ဒိယအစိုးရနှင့် သတင်းဌာနများ၏ တုံ့ပြန်မှုများ 

အဆိုပါ အခြေအနေတွင် ဒီဇင်ဘာလ ၆ ရက်တွင် နယူးဒေလီမြို့၌ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနသည် စစ်ကောင်စီခန့် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးလွင်ဦးနှင့် ၂၀ ကြိမ်မြောက် နိုင်ငံခြားရေးရုံးများ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။၊ မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆီ ပြန်သွားရန် နိုင်ငံခြားရေးအတွင်းဝန် Vinay Mohan Kwatra က တိုက်တွန်းလိုက်ကြောင်း The Hindu သတင်းစာကြီးက ရေးသားဖော်ပြလာပါသည်။

ထိုရက်မတိုင်ခင် ဒီဇင်ဘာလ ၁ ရက်နေ့ကလည်း The Hindu သတင်းစာကြီးက Changing tide: The Hindu Editorial on democracy and Myanmar’s civil war  ခေါင်းစဉ်ဖြင့် အယ်ဒီတာ့အာဘော်ရေးသားပြီး နိုင်ငံတကာအသိုက်အဝန်းအများစုက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရှုတ်ချနေချိန်တွင် နယူးဒေလီအစိုးရအနေဖြင့် စစ်ကောင်စီနှင့် ဆက်ဆံရေးကို ပြန်လည်သုံးသပ်ချိန်ရောက်ပြီဟု ရေးသားခဲ့သည်။

အိန္ဒိယအစိုးရသည် ရခိုင်ကမ်းရိုးတန်းတွင် ရေနက်ဆိပ်ကမ်းတည်ဆောက်ခြင်း၊ ကုလားတန်မြစ်ကြောင်းတစ်လျှောက် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးလမ်းကြောင်း ဖောက်လုပ်ရန် ကြိုးစားခြင်းဖြင့် တရုတ်နှင့်အပြိုင် မြန်မာအပေါ် ဩဇာလွှမ်းမိုးရန် ကြိုးစားနေခြင်း ဖြစ်သည်။

မြန်မာမှတစ်ဆင့် ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာကို တရုတ်က လွှမ်းမိုးလာမည့်အရေး အိန္ဒိယ၏ ပထဝီနိုင်ငံရေး မဟာဗျူဟာစိုးရိမ်ချက်ကို ကောင်းစွာသိသော စစ်ကောင်စီသည် စစ်ရေးရှုံးနိမ့်နေချိန်တွင် ဘေကျင်းနှင့် နယူးဒေလီတို့၏ ထောက်ခံမှုကို ဆက်လက်ထိန်းထားနိုင်ရန် သံတမန်ရေးလှုပ်ရှားမှုများ ပြုလုပ်လာခြင်း ဖြစ်သည်။

အိန္ဒိယသည် ကမ္ဘာ့သက်တမ်းရင့် ဒီမိုကရေစီနိုင်ငံကြီးဖြစ်သော်လည်း ခေတ်အဆက်ဆက် မြန်မာ့အရေးတွင် ကိုယ်ကျိုးစီးပွားတစ်ခုတည်းကိုသာ ကြည့်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက် စစ်အာဏာရှင်များနှင့်သာ ပေါင်းဖက်ခဲ့သည်။

ယခုတစ်ကြိမ်တွင်မူ အိန္ဒိယအစိုးရအနေဖြင့် မြန်မာပြည်သူများ၏ ဒီမိုကရေစီတိုက်ပွဲကို လေးစားအသိအမှတ်ပြုလျက် ဒီမိုကရေစီနိုင်ငံကြီးတစ်ခု၏ စံနှုန်းအခြေပြုရပ်တည်ချက်ကို ပြသသင့်ပါသည်။

အာဏာမသိမ်းမီ တစ်နှစ်အလို ၂၀၂၀ ခုနှစ်က တရုတ်နိုင်ငံ ဘေဂျင်းတွင် သမ္မတ ရှီကျင်းပင်နှင့် တွေ့ဆုံနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်။ (ဓာတ်ပုံ-AFP)

နယ်စပ်ဒေသများကို ထိန်းချုပ်ခြင်းဖြင့် အိမ်နီးချင်းနိုင်ငံများ၏ ရပ်တည်ချက်ကို ပြောင်းလဲနိုင်

၁၀၂၇ စစ်ဆင်ရေးနှင့်အတူ တိုင်းရင်းသားပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့များသည် နိုင်ငံ၏ နယ်စပ်ဒေသများကို ပိုမိုထိန်းချုပ်လာနိုင်သော အခြေအနေမှာ လပိုင်းအတွင်း ထင်သာမြင်သာ ရှိလာခဲ့ပြီဖြစ်သည်။

ထိုအခြေအနေတွင် နယ်စပ်ကုန်သွယ်ရေးအပါအဝင် မြန်မာနိုင်ငံအတွင်းမှ ၎င်းတို့၏အကျိုးစီးပွားများကို ဦးစားပေးပြီး စစ်ကောင်စီကို ထောက်ခံဆက်ဆံနေသော တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့သည် ယခုအခါ ၎င်းတို့၏ အကျိုးစီးပွားများ လုံခြုံရေးနှင့် ကာကွယ်ရေးအတွက် စစ်ကောင်စီကို ဆက်လက်ထောက်ခံမည်လား၊ မြန်မာ့ပြဿနာ အမြန်ဆုံးပြေလည်ရေးအတွက် မြန်မာပြည်သူများ၏ဆန္ဒအတိုင်း စစ်ကောင်စီကို ဖိအားပေးမလားဆိုသည့် မူဝါဒရေးရာ လမ်းဆုံလမ်းခွသို့ တဖြည်းဖြည်း ရောက်ရှိလာနေပြီဟု သုံးသပ်တွေ့ရှိရပါသည်။

ဤနေရာတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့များသည် ညီညွတ်စွာဖြင့် နယ်စပ်ဒေသများကို စစ်ကောင်စီအုပ်ချုပ်ရေး ကင်းစင်အောင် လုပ်ဆောင်နိုင်မည်ဆိုပါက ထိုအခြေအနေသည် အိမ်နီးချင်းနိုင်ငံကြီးများဖြစ်သော တရုတ်နှင့် အိန္ဒိယတို့အတွက် စစ်ကောင်စီတစ်ခုတည်းကိုသာ အသိအမှတ်ပြုဆက်ဆံနေသော ၎င်းတို့၏မူဝါဒကို ပြောင်းလဲရန် ဖိအားပေးရာရောက်ပါသည်။

တရုတ်နှင့် အိန္ဒိယတို့သည် ၎င်းတို့၏ စစ်ကောင်စီနှင့်သာ ဆက်ဆံနေသော မူဝါဒကို ခြေတစ်လှမ်းဆုတ်လိုက်ပါက ကိုယ့်ပြည်သူများကို ရက်စက်စွာသတ်ဖြတ်နေသော စစ်အာဏာရှင် မင်းအောင်လှိုင်၏ ကျဆုံးခန်းအစပင် ဖြစ်ပါလိမ့်မည်။

ထိုအခြေအနေတွင် တပ်ရင်းလိုက် လက်နက်ချနေပြီး ပြိုလဲစပြုနေပြီဖြစ်သော စစ်တပ်အတွင်းရှိ စစ်ဗိုလ်စစ်သားများသည် အာဏာရမ္မက်ကျူး မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်တစ်သိုက်၏ ခေါင်းဆောင်မှုကို ဆန့်ကျင် အာခံလာကြမည်မှာ ဧကန်မုချ ဖြစ်ပါ ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button