သတင်း

မြန်မာ-အိန္ဒိယ ကုလားတန်စီမံကိန်းတွင် AA အရေးပါလာ

အရပ်သားအစိုးရလက်ထက်က အစပြုသည့် ကုလားတန်စီမံကိန်းကို စစ်ကောင်စီက ဆက်လက် ဆောင်ရွက်နေသလို နယ်စပ်ကို ထိန်းချုပ်လာနိုင်သည့် AA ကလည်း ပါဝင် ပတ်သက်လာသည်။

မြန်မာ – အိန္ဒိယ ကုလားတန်စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သော လမ်းပိုင်းတစ်ခု ဖောက်လုပ်ရေးအတွက် မီဇိုရမ်ပြည်နယ်လွှတ်တော်အမတ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ နယ်စပ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂၉) က အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်လွှတ်တော်အမတ် Vanlalvena နှင့် AA တို့ နှစ်နိုင်ငံနယ်စပ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သည့် The Lairam Times ဖော်ပြချက်အရ သိရသည်။

ထိုလမ်းပိုင်းသည် မီဇိုရမ်ပြည်နယ်အရှေ့ပိုင်း လိုင်ရမ်၊ ဇိုရမ်ပူနှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့ကို ဆက်သွယ်နိုင်ရေးအတွက်‌ ဖောက်လုပ်နေသည့်လမ်းဖြစ်ပြီး ကုလားတန်မြစ်ကြောင်းဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းတွင် ပါဝင်သည်။

ပလက်ဝမြို့ ဆိပ်ခံတံတားမှ အိန္ဒိယနိုင်ငံနယ်နိမိတ်အထိ ၁၀၉ ကီလို မီတာ (၆၇ မိုင်) ရှည်လျားပြီး အကျယ် ၂၇ ပေရှိသည့် လမ်းလည်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၈ ခုနှစ်တွင် စတင်ဖောက်လုပ်ခဲ့သည့် အဆိုပါ ပလက်ဝ-ဇိုရမ်ပူလမ်းကို ကိုဗစ်နိုင်တင်းကပ်ရောဂါနှင့် ဒေသတွင်း မတည်ငြိမ်မှုကြောင့် ၂၀၂၀ ခုနှစ်တွင် ရပ်နားခဲ့ရသည်။

ထို့နောက် အာဏာသိမ်းစစ်တပ်က၂၀၂၃ နှစ်ဆန်းပိုင်းတွင် ပြန်လည် စတင်ခဲ့သော်လည်း ဒေသတွင်း တိုက်ပွဲများကြောင့် လမ်းဖောက်လုပ်မှု ဆိုင်းငံ့ထားရာ ၂၀၂၄ နှစ်ဆန်းတွင် ပလက်ဝကို AA က သိမ်းပိုက်ပြီးနောက် ထိုလုပ်ငန်းများ ပြန်လည်အသက်ဝင်လာခဲ့သည်။

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ သုံးပွင့်ဆိုင်နယ်နိမိတ်ထိစပ်နေသည့် ချင်းပြည်နယ် ပလက်ဝမြို့ရှိ စစ်ခန်းများကို AA က ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ မှ စတင်၍ ထိုးစစ်ဆင်ကာ စခန်းတစ်ခုပြီးတစ်ခု သိမ်းယူခဲ့ပြီး ဇန်နဝါရီ ၁၄ တွင် မြို့နယ်တစ်ခုလုံး အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်ပြီး AA အနေဖြင့် ယနေ့ (မတ် ၁) မွန်းလွဲအထိ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ 

လွှတ်တော်အမတ် Vanlalvena သည် အာဏာသိမ်းစစ်တပ်၏ဒဏ်ကို ခံနေရသည့် မြန်မာပြည်သူများအရေးအတွက် အိန္ဒိယအစိုးရပိုင်းကို မကြာခဏ တိုက်တွန်း တောင်းဆိုမှုပြုနေသူဖြစ်ကြောင်း သတင်းများတွင် တွေ့ရသည်။

စီမံကိန်းနှင့် AA ဆက်စပ်မှု

အိန္ဒိယနိုင်ငံ၊ ချင်းပြည်နယ်တို့မှ စီးဆင်းလာသော ကုလားတန်မြစ်သည် ချင်းပြည်နယ် ပလက်ဝမြို့၊ ရခိုင်ပြည်နယ် ကျောက်တော်မြို့၊ ပုဏ္ဏားကျွန်းမြို့တို့ကို ဖြတ်သန်းကာ စစ်တွေမြို့အနီးတွင် ပင်လယ်ထဲသို့ စီးဝင်သွားသည်။

ပလက်ဝနှင့် ကျောက်တော်ကို AA ထိန်းချုပ်လိုက်ပြီဖြစ်ပြီး ပုဏ္ဏားကျွန်းကိုမူ ဆက်လက် ထိုးစစ်ဆင်နေဆဲ ဖြစ်သည်။  ရခိုင်ပြည်နယ် တပ်စခန်းများအားလုံးကို တိုက်ခိုက်မည်ဟု ကြေညာထားသည့် AA က တပ်များကို စစ်တွေမြို့အနီးသို့ ပို့ထားသည်။

ပလက်ဝ-ဇိုရမ်ပူလမ်းပိုင်းနှင့်ပတ်သက်ပြီး Su Htoo San ကုမ္ပဏီ၊ K&DL ကုမ္ပဏီ၊ Shwe Mann ကုမ္ပဏီ၊ Future Creator Group Construction ကုမ္ပဏီ၊ Htet Shine Lin ကုမ္ပဏီတို့က တင်ဒါ အောင်မြင်ထားသည်။

ပလက်ဝ – ဇိုရမ်ပူ လမ်းပိုင်းဆောက်လုပ်မှုအခြေအနေနှင့်ပတ်သက်ပြီး တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီများကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း တုံ့ပြန်ကြခြင်း မရှိသေးပါ။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်ရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ကုန်းတွင်းပိတ်ဒေသများအတွက် ပင်လယ်ထွက်ပေါက်ရစေမည့် ကုလားတန်မြစ်ကြောင်းဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းကို စတင်ရန် အိန္ဒိယနှင့် မြန်မာတို့ ၂၀၀၈ ခုနှစ်ကတည်းက သဘောတူ လက်မှတ်ရေးထိုးထားပြီး အမေရိကန်ဒေါ်လာ ၄၈၄ သန်း ရင်းနှီးမြှုပ်နှံထားကြသည်။

ကုလားတန်စီမံကိန်း၏ လုပ်ငန်းခွင်တစ်ခုကို ၂၀၂၃ အစောပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-Kaladan Road Project)

စစ်တွေဆိပ်ကမ်း၊ ပလက်ဝကုန်းတွင်းဆိပ်ကမ်း၊ ကုလားတန်မြစ်ကူးတံတားနှင့် ပလက်ဝ-မီဇိုရမ် ကားလမ်းများ ပါဝင်သည့်ထိုစီမံကိန်းသည် အိန္ဒိယ၏ ကုန်းတွင်းပိတ်ဒေသများအတွက် လိုအပ်သည့် ကုန်စည်ပစ္စည်းများကို စစ်တွေမှတစ်ဆင့် ပလက်ဝကို ဖြတ်ပြီး ရေလမ်း၊ ကုန်းလမ်းမှတစ်ဆင့် သယ်ယူပို့ဆောင်နိုင်မည်ဖြစ်သည်။

ကုလားတန်စီမံကိန်း၏ အရေးပါသည့် အစိတ်အပိုင်းတစ်ခုဖြစ်သည့် စစ်တွေမြို့ ရေနက်ဆိပ်ကမ်းကို အိန္ဒိယက တည်ဆောက်ပေးထားသည်။

အိန္ဒိယ၏ စီမံကိန်းများဖြစ်သည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းစီမံကိန်းအပါအဝင် အခက်အခဲများ ရင်ဆိုင်ခဲ့ရသည့် စီမံကိန်းများ အရှိန်မြှင့် ဖော်ဆောင်ရန် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်း အာဏာသိမ်းစစ်ကောင်စီနှင့် ဆွေးနွေးခဲ့သည်။

စစ်ကောင်စီနှင့် နီးကပ်သည့်ဆက်ဆံရေးရှိသော အိန္ဒိယက ပြီးခဲ့သည့်လပိုင်း AA ထိုးစစ်များကြောင့် နယ်စပ်ဖြတ် ဆုတ်ခွာရသော ရာနှင့်ချီသည့် စစ်ကောင်စီတပ်သားများကို လက်ခံပြီး စစ်ကောင်စီထံ ပြန်လည်အပ်နှံခဲ့သည်။

အိန္ဒိယနိုင်ငံသည် ၎င်းအတွက် မဟာဗျူဟာမြောက် အရေးပါသည့် ကုလားတန်စီမံကိန်းအတွက် စစ်ကောင်စီနှင့်လည်း ပူးတွဲလုပ်ကိုင်နေပြီး စီမံကိန်းအစိတ်အပိုင်းတစ်ခုဖြစ်သည့် ပလက်ဝ-ဇိုပူရမ်လမ်းပိုင်းအတွက် နယ်မြေထိန်းချုပ်ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် AA နှင့် ဆက်သွယ်လုပ်ဆောင်လာခြင်းဖြစ်သည်။

NLD လက်ထက်က ပလက်ဝရှိ ကုလားတန်စီမံကိန်းမှ အိန္ဒိယနိုင်ငံသား အပါအဝင် ဝန်ထမ်းတချို့ကို AA က ဖမ်းဆီးခဲ့ဖူးသည်။

၂၀၁၇ ခုနှစ် ဇွန်လအတွင်း စစ်တွေဈေးအနီး ဆိပ်ကမ်းတွင် တွေ့ရသော ဒေသခံတချို့။ (ဓာတ်ပုံ-EPA)

စီမံကိန်းဆက်လက်လုပ်ဆောင်မည်ဆိုပါက AA သည် ပလက်ဝဒေသခံများနှင့် ချင်းတိုင်းရင်းသားများ၏ ဆန္ဒသဘောထားကို ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဟု India for Myanmar အဖွဲ့ တည်ထောင်သူ ဆလိုင်း ဒိုခါရ်က မှတ်ချက်ပြုသည်။

“ပလက်ဝမြို့နယ်ကို AA ကို ထိန်းချုပ်ထားတယ်ဆိုပေမဲ့ နယ်မြေစီမံခန့်ခွဲမှုအရရော လုပ်ငန်းအကောင်အထည်ဖော်မှုကို တိုက်ရိုက် သွယ်ဝိုက်အကျိုးခံစားရမယ့် ပလက်ဝပြည်သူတွေနဲ့ ချင်းလူမျိုးတွေရဲ့ ဆန္ဒက ပိုပြီးတော့ လက်တွေ့ကျမယ်လို့ ယူဆတယ်” ဟု ဆလိုင်းဒိုခါရ်က ပြောသည်။

“ဒီဟာနဲ့ပတ်သက်ပြီး အိန္ဒိယအစိုးရကလည်း သက်ဆိုင်ရာ ချင်းတော်လှန်ရေးအင်အားစုတွေနဲ့ စကားပြောဖို့တော့ လိုလိမ့်မယ်ထင်တယ်။ မဟုတ်ရင်တော့ လက်တွေ့ပိုင်းမှာ သူတို့ရဲ့လုပ်ငန်း အကောင်အထည်ဖော်မှုက အဆင်ချောမယ်လို့ မထင်ဘူး”

၂၀၂၁ အာဏာသိမ်းမှု မတိုင်မီကပင် စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် မြေသိမ်းယာသိမ်းခံရမှု၊ လုပ်အားပေး ခိုင်းစေမှု၊ ဒေသခံတို့ကို ကန့်သတ်မှု၊ ပတ်ဝန်းကျင် ပျက်စီးမှု စသည့် ဒေသခံတို့၏ နစ်နာချက်များကို ကိုင်တွယ် ဖြေရှင်းပေးကြရန် လူမှုအဖွဲ့အစည်းတချို့က နှစ်နိုင်ငံအစိုးရများကို တောင်းဆိုထားကြသည်။

ယခုအခါ မြန်မာနိုင်ငံအတွင်း နယ်မြေထိန်းချုပ်မှုအခြေအနေ များစွာ ပြောင်းလဲနေပြီ ဖြစ်သည်။

အိန္ဒိယ-မြန်မာ နယ်စပ်မြို့ဖြစ်သည့် ရိခေါဒါရ်မြို့ကိုလည်း ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားပြီး နယ်စပ်ကုန်သွယ်ရေးလည်ပတ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

နယ်နိမိတ်ချင်း ထိစပ်နေသည့် အိန္ဒိယနိုင်ငံမှ တာဝန်ရှိသူများနှင့် အလွတ်သဘောတွေ့ဆုံမှုများရှိပြီး ဆက်ဆံရေး ကောင်းမွန်နေသည်ဟု ချင်းပြည်နယ်အတွင်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ဟွာလ်ငိုဒေသပြည်သူ့အဖွဲ့အစည်း (HPO) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သမ္မတဦးဝင်းမြင့်၏ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ အိန္ဒိယခရီးစဉ်အတွင်း ထုတ်ပြန်သည့် မြန်မာ-အိန္ဒိယ ပူးတွဲကြေညာချက်တွင် စစ်တွေ ရေနက်ဆိပ်ကမ်းသည် ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသခံပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေမည်ဟု ဖော်ပြထားသည်။

ပလက်ဝ-ဇိုရမ်ပူလမ်းဖောက်လုပ်မှု ပြီးစီးပါက “စစ်တွေဆိပ်ကမ်းမှ အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဒေသသို့ ဝင်ထွက်သွားလာမှုများ ပိုမိုများပြားလာနိုင်မည်” ဟု ထုတ်ပြန်ချက်တွင် တွေ့ရသည်။

Show More

Related Articles

Back to top button