ရက္ခိုင့်တပ်တော် (AA) က ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ၂ လကြာ တိုက်ခိုက်ပြီးနောက်တွင် မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီဟု သိရသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ မှ စတင်၍ ကုလားတန်မြစ်အထက်ပိုင်း ပလက်ဝမြို့နယ်ရှိ တပ်စခန်းများကို စတင် ထိုးစစ်ဆင်ကာ စခန်းတစ်ခုပြီးတစ်ခု သိမ်းယူခဲ့ပြီး မြို့နယ်ရဲစခန်းကို ဇန်နဝါရီ ၅ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်။
ယခင်ကတည်းက ရခိုင်နှင့် ပလက်ဝဒေသရှိ စစ်ကောင်စီ၏ ဗျူဟာကုန်း၊ အထိုင်စခန်းကုန်း အများအပြားကို ပိတ်ဆို့ဖြတ်တောက်ထားခဲ့သည်၊ “၁၀၂၇” စစ်ဆင်ရေးစတင်ချိန်တွင် ကုလားတန်မြစ်ဘေးရှိ “တရွန်အိုင်”နှင့် “နှုံးဘူး” ဗျူဟာနှစ်ခုစလုံးကို ရှေ့ဆင့်နောက်ဆင့် တိုက်ခိုက်ခဲ့သည်ဟု AA က ဆိုသည်။
အထက်ပါ ဗျူဟာကုန်းနှစ်ခုအပါအဝင် စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းယူပြီးနောက် အဆိုပါ ဒေသတစ်လုံးရှိ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များကို ညွှန်ကြားထိန်းချုပ်သည့် ပလက်ဝမြို့ အရှေ့တောင်ဘက် ကုလားတန်မြစ်အရှေ့ဘက်ကမ်းရှိ အမှတ် (၂၈၉) ခြေလျင်တပ်ရင်းဌာနချုပ်ကို ဇန်နဝါရီ ၁၀၊ နံနက် ၇ နာရီခန့်တွင် AA က တိုက်ခိုက်သိမ်းယူခဲ့သည်။
အဆိုပါ ခလရ (၂၈၉) သည် ပလက်ဝဒေသတစ်ခုလုံးနှင့် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်- မြန်မာ (ပလက်ဝ) သုံးနိုင်ငံ နယ်စပ်အထိ ၎င်းတို့၏ စစ်စခန်းများသို့ ထောက်ပို့ပေးနေသော ထောက်ပို့ဗျူဟာကုန်းကြီးလည်း ဖြစ်သည်ဟု AA ဘက်က ဆိုသည်။
ထို့နောက် ပလက်ဝဒေသအတွင်း စခန်းနှစ်ခုသာ ကျန်ရှိတော့ရာ ဇန်နဝါရီ ၁၃ တွင် “ခန်ခတောင်ဗျူဟာ” စခန်း၊ ဇန်နဝါရီ ၁၄ မွန်းလွဲ ၃ နာရီခန့်တွင် “နှမဒါဗျူဟာ” မှ ဗျူဟာစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့သဖြင့် ပလက်ဝဒေသတစ်ခုလုံး AA ထိန်းချုပ်မှုအောက်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ပလက်ဝမြို့တွင် ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) နှင့် ပူးပေါင်း လှုပ်ရှားနေသော ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) လည်း အခြေစိုက်သလို AA နှင့်အတူ ပူးပေါင်း တိုက်ခိုက်နေသော မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) လည်း လှုပ်ရှားနေသည်။
CDF (ပလက်ဝ) ၏ စစ်ဗျူဟာမှူး -၂ ဆလိုင်းဂျိုရှဝါကလည်း မြို့ကို AA က သိမ်းယူထားပြီး ဖြစ်ကြောင်း ပြောသည်။
“လက်ကျန် စခန်းကုန်းဖြစ်တဲ့ ၂၈၉ ကတော့ ကျသွားပါပြီ။ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတဲ့အတွက် မြို့နေလူထုနဲ့တော့ အဆက်အသွယ်မရဘူး။ မြို့ပေါ်ကလူတွေကတော့ ရွာတွေဘက် ရှောင်နေကြတာ များပါတယ်၊ နေသူလည်း နည်းနည်းတော့နေမှာပါ” ဟု သူက ဆိုသည်။
“အခုလက်ရှိအခြေအနေက AA က မြို့ကို သိမ်းထားလိုက်တော့ ပြည်သူတွေက ဘယ်လိုနေရမလဲ၊ ဘယ်လိုလုပ်ကြရမလဲ စောင့်ကြည့်ရဦးမှာပါ”
ဆလိုင်းဂျိုရှဝါက ပလက်ဝမြို့နယ်နှင့်ပတ်သက်ပြီး ၎င်းတို့အနေဖြင့် အစီအစဉ်များ ရေးဆွဲ စီစဉ်ပြီးဖြစ်ကြောင်း ပြောသော်လည်း အသေးစိတ်ကို ပြောဆိုခြင်းမပြုပေ။
AA ၏ ပလက်ဝဒေသတွင်းတိုက်ပွဲများတွင် ပလက်ဝအခြေစိုက်ချင်းတော်လှန်ရေးအဖွဲ့ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) ၊ မကွေးတိုင်း ယောဒေသအခြေစိုက် ယောကာကွယ်ရေးတပ် (YDF) တို့က ပူးပေါင်းပါဝင်ခဲ့သည်။
ချင်းပြည်နယ်၏ ဒေသဖြစ်သလို ရခိုင်ပြည်နယ်နှင့် နယ်နမိတ်ချင်း ဆက်နေသော ဒေသလည်းဖြစ်ရာ ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်အတွင်း ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သော်လည်း ရခိုင်ပြည်နယ်အစပ်တွင် တည်ရှိကာ ခူမီး၊ ရခိုင်နှင့် မရာလူမျိုးများနေထိုင်ကြသည်။
အိန္ဒိယ-မြန်မာ- ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံကုန်သွယ်ရေးတွင် အရေးပါသော အဓိကလမ်းကြောင်းဖြစ်သည့် ကုလားတန်မြစ်၏ အနောက်ဘက်ခြမ်းကို ယခင်ကတည်းက AA က နယ်မြေစိုးမိုးမှု ရယူထားသည်။
ယခုတွင်လည်း AA က ၃ နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက် နယ်မြေထိန်းချုပ်ထားသလို နယ်မြေထိစပ်နေသော ရခိုင်မြောက်ပိုင်းတစ်ခုလုံးကိုပါ ရရှိနိုင်ရန် ကြိုးပမ်းလာသည်။
လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး CNA အပါအဝင် ချင်းတော်လှန်ရေးအဖွဲ့များထံမှ မှတ်ချက်ရယူနိုင်ရန် ကြိုးစားနေဆဲဖြစ်သော်လည်း အဆက်အသွယ်မရသေးပေ။
အပစ်ရပ် (NCA) လက်မှတ်ရေးထိုးထားသည့် CNA သည် စစ်တပ်က အာဏာသိမ်းပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အစောဆုံးပူးပေါင်းခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည်။ မြန်မာ-အိန္ဒိယ နယ်စပ်အခြေစိုက် CNA သည် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော ချင်းတော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းလှုပ်ရှားနေသည်။
စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ချင်းပြည်နယ်အတွင်း မြို့နယ်အလိုက် CDF အဖွဲ့များ စုဖွဲ့ထားသော်လည်း လတ်တလောတွင် ချင်းတပ်ဖွဲ့များအနေဖြင့် ပလက်ဝမြို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်သည့်အနေအထား မရှိကြောင်း လက်နက်ကိုင်အဖွဲ့များနှင့် နီးစပ်သည့် ပလက်ဝမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“ချင်းတပ်မတော် (CNA) အနေနဲ့ ပလက်ဝမှာကျတော့ အခြေမချနိုင်ဘူးပေါ့။ လူအင်အားအရရော၊ ဘယ်လိုမှ လက်လှမ်းမမီတဲ့အနေအထားမျိုးရှိတာပေါ့။ အနီးစပ်ဆုံး ရက္ခိုင့်တပ်တော်က ထိန်းချုပ်နေတဲ့ အနေအထားမျိုးပဲ ရှိနေတာပါ” ဟု ယင်းအမျိုးသားက ဆိုသည်။
CNF/CNA နှင့် AA တို့ ယခင်က ဆွေးနွေးခဲ့မှုများရှိသည်ဟု ကြားသိရသော်လည်း နောက်ပိုင်းတွင် အခြေအနေ မကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။
AA က ၎င်းတို့သိမ်းယူထားသည့် စစ်စခန်းများကို ဆက်လက်ထိန်းချုပ်ပြီး၊ ၎င်း၏ အုပ်ချုပ်ရေးအဖွဲ့ ULA (ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်) က ပလက်ဝမြို့ကို ထိန်းချုပ်ကွပ်ကဲသွားနိုင်ကြောင်းလည်း အထက်ပါ မြို့ခံအမျိုးသားက သုံးသပ်သည်။
AA ၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားနှင့် အာဏာစက် လုံးဝချုပ်ငြိမ်းသွားပြီဖြစ်ကာ ပလက်ဝဒေသတစ်ခုလုံးကို အောင်မြင်စွာထိန်းချုပ်နိုင်ပြီဟု ဖော်ပြထားသည်။
အစိုးရဌာနဆိုင်ရာများ ၂၀၁၉ ခုအထိ ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ ကုလားတန်မြစ်ကမ်းဘေး ပလက်ဝမြို့တွင် မြို့ပေါ် ရပ်ကွက် ၇ ခုရှိကာ လူဦးရေ တစ်သောင်းကျော် နေထိုင်သည်။
ပလက်ဝမြို့နယ်၏ အရှေ့ဘက်တွင် မင်းတပ်ခရိုင်၊ ကန်ပက်လက်၊ မတူပီမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်နေပြီး တောင်ဘက်တွင် ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး ၊ မင်းပြားမြို့နယ်တို့နှင့် ထိစပ်လျက်ရှိသည်။ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိသလို မြောက်ဘက်တွင် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည်။
ပလက်၀မြို့နယ်ရှိ စခန်းများ တိုက်ခိုက်ခံရခြင်း၊ လက်လွှတ်လိုက်ရခြင်းတို့နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းအမှောင်ချထားသည်ကို တွေ့ရသည်။
ဤအတောအတွင်း ရခိုင်ဒေသတွင်းတွင် တိုက်ပွဲများပြင်းထန်နေရာ ဇန်နဝါရီ ၁၃ ရက် ညနေက ပလက်ဝ-ကျောက်တော် မြို့နယ်အစပ်ရှိ “မီးဝဗျူဟာကုန်း” ကို ၄ ရက်တာတိုက်ပွဲအတွင်း AA က တိုက်ခိုက်သိမ်းယူခဲ့ကာ နောက်တစ်နေ့ တစ်ရက်တည်းတွင် ကျောက်တော်မြို့နယ် အမြောက်တပ်စခန်း“အမတ (၃၇၇) စခန်း” ၊ ရသေ့တောင်မြို့နယ်၊ “ရေစိုးချောင်းဗျူဟာကုန်း”တို့ကို သိမ်းယူနိုင်ခဲ့သည်။
မြောက်ဦးမြို့နယ်တွင်လည်း AA က ဝိုင်းရံပိတ်ဆို့ထားကာ စစ်ကောင်စီ၏ လင်းမြွေတောင်စခန်းကို ဇန်နဝါရီ ၁၂ ရက်နေ့က တိုက်ခိုက်သိမ်းယူထားသည်။
လတ်တလောတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်၊ မင်းပြား၊ စစ်တွေမြို့နယ်များတွင် တိုက်ပွဲများ ပြင်းထန်နေသည်ဟု ဒေသခံများထံမှ သိရသည်။
ကိုးကန့်တပ် (MNDAA)၊ တအောင်း/ပလောင်တပ် (TNLA) နှင့် AA ပါဝင်သော ညီနောင်မဟာမိတ် ၃ ဖွဲ့သည် ၂၀၂၃ အောက်တိုဘာ ၂၇ တွင် “၁၀၂၇ စစ်ဆင်ရေး” ကို ဖော်ဆောင်ပြီး စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်ခဲ့သည်။
၂၀၂၁ တွင် အာဏာသိမ်းပြီး နိုင်ငံအနှံ့ စစ်မျက်နှာ ဖွင့်ထားရသည့် စစ်ကောင်စီသည် ထိုးစစ်ကို ခံနိုင်ရည်မရှိဘဲ စခန်း ရာနှင့်ချီ လက်လွှတ်ခဲ့ရသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ကိုးကန့်တပ် (MNDAA) က ၆ မြို့၊ တအာင်းတပ် (TNLA) က ၇ မြို့တို့ကို တိုက်ခိုက်သိမ်းယူထားသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီ တွေ့ဆုံဆွေးနွေးပြီးနောက် အပစ်ရပ်ရန် ဇန်နဝါရီ ၁၁ တွင် သဘောတူညီချက် ရရှိခဲ့သည်။ သို့သော်လည်း အပစ်ရပ်သဘောတူညီမှုမှာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသနှင့်သာ သက်ဆိုင်ပြီး AA ၏ အဓိက လှုပ်ရှားနယ်မြေများ ပါဝင်ခြင်း မရှိပေ။