သတင်း

ရခိုင်နှင့် ချင်း နယ်စပ်တိုက်ပွဲတွင် စစ်သားရာချီ အိန္ဒိယဘက် ထွက်ပြေးပြန်

AA နှင့် ချင်းတော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သော MDF တို့ တိုက်ခိုက်သိမ်းယူခဲ့သော ရှင်းလက်ဝစခန်းမှ ၁၀၄ ဦး၊ ပွိုင့် (၃၇၇) စခန်းကုန်းမှ ၁၅၁ ဦး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲသို့ ထွက်ပြေးကြသည်။

ယခုရက်ပိုင်းဖြစ်ပွားခဲ့သော ရက္ခိုင့်တပ်တော် (AA) ၏ စခန်းသိမ်းတိုက်ပွဲများအတွင်း အိန္ဒိယဘက်သို့ နယ်စပ်ဖြတ် ထွက်ပြေးသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅၀ ကျော်ရှိကြောင်း သိရသည်။

AA နှင့် ချင်းတော်လှန်ရေးအဖွဲ့ဖြစ်သော မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) တို့ ပူးပေါင်းပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်မြောက်ပိုင်း မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရှင်းလက်ဝစခန်းနှင့် ပွိုင့် (၃၇၇) စခန်းကုန်းတို့ကို သိမ်းယူနိုင်သော တိုက်ပွဲများတွင် စခန်းစွန့်၍ ထိုသို့ ထွက်ပြေးကြခြင်း ဖြစ်သည်။

အင်အား ၂၀၀ ခန့် တပ်စွဲထားသည့် ရှင်းလက်ဝစခန်းကုန်းကို ပြီးခဲ့နှစ် ဒီဇင်ဘာလအစောပိုင်းက ဝိုင်းဝန်းပိတ်ဆို့ထားကာ  လက်နက်ချရန် ဖိအားပေးခဲ့သော်လည်း ပြန်လည် ခုခံနေ၍ ဇန်နဝါရီ ၁ မှ စတင်၍ AA နှင့် MDF တို့က တိုက်ခိုက်ခဲ့သည်။

ဇန်နဝါရီ ၂၊  ညနေ ၅ နာရီခန့်တွင် ထိုစခန်းကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကာ ထိုစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးရာ ဇန်နဝါရီ ၆၊ ည ၈ နာရီခန့်တွင် အိန္ဒိယနိုင်ငံဘက်သို့ ၁၀၄ ဦး ရောက်သွားကြသည်ဟု MDF တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။

ထိုစခန်းကုန်းမှ ထွက်ပြေးသူများကို လိုက်လံတိုက်ခိုက်ရာ ဇန်နဝါရီ ၅ ရက်နေ့တွင် တိုက်ပွဲဖြစ်ခဲ့ကြောင်း MDF က ပြောသည်။

“ရှင်းလက်ဝမှာ နယ်မြေရှင်းလင်းရေးလုပ်တော့ စခန်းကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတွေနဲ့ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေ တိုက်ပွဲထပ်ဖြစ်တာပေါ့နော်။ အဲဒီမှာကျတော့ စစ်ကောင်စီဘက်က ၆ ယောက် ကျတယ်။ ၁၀ ယောက်ကျော်လောက် အရှင်ဖမ်းဆီးထားတာပေါ့။ တိုက်ပွဲက နယ်စပ်နားလေးမှာဆိုတော့ သေနတ်ပစ်ပြီးတော့ အိန္ဒိယထဲကို (၁၀၄ ဦးက) ဝင်သွားတယ်” ဟု ထိုသူက ဆိုသည်။

အလားတူ AA သိမ်းပိုက်ခဲ့သည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ပွိုင့် (၃၇၇) စခန်းကုန်းမှ တပ်ဖွဲ့ဝင်အင်အား ၁၅၁ ဦးလည်း ဒီဇင်ဘာ ၂၉ တွင် နယ်စပ်ဖြတ် ထွက်ပြေးသွားခဲ့ပြီး အိန္ဒိယအစိုးရက ထိုစစ်သားများကို ဇန်နဝါရီ ၂ တွင် စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

၆.၆၃ ကီလိုမီတာ (၄ မိုင်ကျော်) ခြေလျင်ခရီးနှင်ပြီး မီဇိုရမ်ပြည်နယ်ထဲ ရောက်ရှိသွားကြခြင်း ဖြစ်သည်။

စခန်းစွန့်ထွက်ပြေးသည့် မြန်မာစစ်သားများ မီဇိုရမ်ပြည်နယ်အတွင်း ဝင်ရောက်သွားသည်မှာ ၅ ကြိမ် ရှိပြီဖြစ်သည်။ ၂၀၂၃ နိုဝင်ဘာ ၁၃ တွင် ပထမအကြိမ်၊  နိုဝင်ဘာ ၁၆ တွင် ဒုတိယအကြိမ်၊ နိုဝင်ဘာ ၂၉ တွင် တတိယအကြိမ်၊ ဒီဇင်ဘာ ၂၉ တွင် စတုတ္ထအကြိမ်၊ ဇန်နဝါရီ ၆ တွင် ပဉ္စမအကြိမ် ဖြစ်သည်။

တပ်ဖွဲ့ဝင်များ အိန္ဒိယနိုင်ငံထဲ မကြာခဏ အလုံးအရင်း ထွက်ပြေးတိမ်းရှောင်နေခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်း ထုတ်ပြန်လေ့မရှိပေ။

လက်ရှိတွင် ရှင်းလက်ဝစခန်းအနီး အဆိုပါ ပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့တချို့ ကျန်ရှိနေသေးသည်ဟု ယူဆရသည်ဟု MDF တာဝန်ရှိသူက ဆက်ပြောသည်။

“စစ်ကောင်စီတွေက တစ်ဝက်တစ်ပိုင်းနဲ့ တချို့တစ်ဝက်နဲ့ ပြေးတဲ့သူတွေလည်း ရှိတယ်လေ။ ဆိုတော့ အိန္ဒိယဘက် ဝင်တာတောင်မှ အစုလိုက်အစုလိုက်ပဲ ဝင်တာဆိုတော့ ကျန်ခဲ့တဲ့သူတွေများ ရှိမလားပေါ့နော်။ အဲဒါကြောင့် အခုချိန်ထိ နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေတုန်းပါပဲ”

နွေဦးတော်လှန်ရေးနှင့်အတူ ပေါက်ဖွားလာသည့်၊ ချင်းလူမျိုးအများစုဖြင့် ဖွဲ့စည်းထားသည့် MDF သည် AA နှင့် ပူးပေါင်းကာ ရှင်းလက်ဝအပြင် ထရွန်အိုင်ဗျူဟာ၊ ၃၇၇ ပွိုင့်ကုန်းတို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ရှင်းလက်ဝစခန်း တိုက်ခိုက်သိမ်းပိုက်မှုတွင် AA နှင့်အတူ အလံလွှင့်ထူကာ သိမ်းပိုက်ရရှိထားသော လက်နက်ခဲယမ်းဓာတ်ပုံများကိုလည်း MDF က ထုတ်ပြန်ထားသည်။

“အခု လောလောဆယ်က ကျွန်တော်တို့ပါတဲ့ဟာက ရှင်းလက်ဝနဲ့အနီးတစ်ဝိုက်ပဲ။ တခြား (AA နဲ့ ပူးတွဲ) တိုက်နေတဲ့ဟာတော့ မရှိတော့ဘူး” ဟု MDF က တာဝန်ရှိသူက ဆက်ပြောသည်။

AA အနေဖြင့် ဇန်နဝါရီ ၅ တွင် ပလက်ဝမြို့ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို ဆက်သွယ်ထားသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။

ဇန်နဝါရီ ၃ မှစ၍ ပလက်ဝမြို့အတွင်း တိုက်ပွဲများပြင်းထန်နေ၍ မြို့ခံအများစု ထွက်ပြေး တိမ်းရှောင်နေကြရကာ အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦး လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့သည်။

ပလက်ဝမြို့ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းကြီးနှင့် တပ်မများကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက်လည်း AA က ကြိုးစားနေသည့်အတွက် စစ်ကောင်စီက လေကြောင်းပစ်ကူနှင့် ဗျူဟာကုန်းများမှ လက်နက်ကြီးပစ်ကူများဖြင့် အပြင်းအထန်ခုခံကာကွယ်နေရဆဲဖြစ်သည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ဇန်နဝါရီ ၇ တွင် ထုတ်ပြန်သည်။

အလားတူ စစ်ကောင်စီသည် မီးဝဗျူဟာကုန်းအခြေစိုက်ရာ မီးဝကျေးရွာအနီးသို့ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်ခဲ့သည်ဟုလည်း ဆိုသည်။

AA သည် ပလက်ဝဒေသအတွင်းရှိ “ပလက်ဝ (၂၈၉) ဗျူဟာကုန်း” နှင့် “မီးဝဗျူဟာကုန်း”၊ ခလရ- ၂၃၃၊ ခမရ- ၃၇၄၊ ခမရ- ၃၇၆၊ ခမရ- ၃၀၈၊ ခမရ- ၂၁၁၊ ခမရ- ၂၁၇ ၊ ခလရ- ၂၈၉၊ ခမရ- ၂၂၀ တို့ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ပလက်ဝဒေသအတွင်း၌သာမက ရက္ခိုင်ဒေသအတွင်းတွင် ရှိကြသည့် စစ်ကောင်စီ၏ စခန်းတစ်ခုမျှမကျန် အပြတ်ချေမှုန်းတိုက်ခိုက်သွားမည်ဟု AA က ကြေညာထားသည်။

AA ၏ စာရင်းများအရ “၁၀၂၇” စစ်ဆင်ရေးစတင်သည့်နေ့မှစ၍ ဇန်နဝါရီ ၆ ရက်အထိ ရခိုင်နှင့် ချင်းပြည်နယ် ပလက်ဝတို့တွင် ဗျူဟာကုန်း ၄ ခုအပါအဝင် စစ်တပ်စခန်း ၁၄၈ ခုကို သိမ်းပိုက် ရရှိထားသည်။

ညီနောင် ၃ ဖွဲ့၏ ထုတ်ပြန်ချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်လေ့ မရှိပေ။

ဤအတောအတွက် အရပ်သားများကို ထိခိုက်စေသည့် တိုက်ခိုက်မှုများမှာ ၎င်းတို့၏ လုပ်ရပ်မဟုတ်ကြောင်း နေ့စဉ် ထုတ်ပြန်နေသည်ကို တွေ့ရသည်။

စစ်သားများ ထွက်ပြေးသော ပလက်ဝမြို့နယ်ရှိ စစ်တပ်စခန်းနှစ်ခု နေရာပြမြေပုံ။

Show More

Related Articles

Back to top button