အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်တွင် တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံထားရသူများအနက် ၇၀ ကျော်ကို မြန်မာနိုင်ငံသို့ ပြန်ပို့မည့်အစီအစဉ်မှာ နှောင့်နှေးလျက်ရှိကြောင်း မိသားစုဝင်တစ်ဦးနှင့် ကူညီပေးနေသူများထံမှ သိရသည်။
အင်ဖာထောင်ရှိ နိုင်ငံခြားသားထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၇၇ ဦးကို မတ် ၈ ရက်မှ ၁၁ ရက်အတွင်း ပြန်ပို့ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ထိုအထဲမှ အမျိုးသမီးနှင့် ကလေးများ စုစုပေါင်း ၃၈ ဦးကို နယ်စပ် မိုရေးမြို့ရှိ အိန္ဒိယတပ်စခန်းတစ်ခုသို့ လေကြောင်းဖြင့် ပို့ဆောင်ထားရာ ယမန်နေ့အထိ ထိုနေရာတွင် ဆက်လက်ရှိနေသည်ဟု သိရသည်။
ထို့နောက် ကျန်ရှိသည့် အမျိုးသား ၃၉ ဦးကို မတ် ၁၀ ရက်နေ့တွင် မိုရေးမြို့သို့ လေကြောင်းဖြင့် ပို့ဆောင်ရန် စီစဉ်ခဲ့ သော်လည်း ထိုနေ့တွင်ပင် အင်ဖာထောင်သို့ ပြန်လည်ပို့ဆောင်ခဲ့သည်ဟု မြန်မာပြည်သားများအရေး လိုက်ပါဆောင်ရွက်နေသည့် India for Myanmar အဖွဲ့ တည်ထောင်သူ ဆလိုင်းဒိုခါရ်က ပြောသည်။
“(၃၀ ကျော်ကို) နယ်စပ် အာသံရိုင်ဖယ်ဂိတ်မှာ ထိန်းသိမ်းထားတယ်။ အင်ဖာထောင်ကနေ ရဟတ်ယာဉ်နဲ့ သယ်သွားပြီ။ ၇၇ ဦးထဲက ကျန်တဲ့သူတွေကတော့ လောလောဆယ်အခြေအနေထိက အင်ဖာလေဆိပ်ကနေ အင်ဖာထောင်ကိုပဲ ပြန်လွှဲလိုက်တယ်” ဟု သူက ဆိုသည်။
မြန်မာဘက်က စကစ ဘက်က လက်ခံမယ့်သူတွေက မပူးပေါင်းဘူး။ လာမခေါ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အဲ့လိုဖြစ်သွားတယ်”
မိုရေးမြို့ အိန္ဒိယတပ်စခန်း၌ ထိမ်းသိမ်းခံထားရသည့်သူတစ်ဦး၏ မိသားစုဝင်ကလည်း အလားတူ ပြောသည်။
“သူတို့ရဲ့ထောင်အာဏာပိုင်တွေက.. သူတို့ကို ပြောတာက နင်တို့ မြန်မာပြည်က နင်တို့ကို ပြန်မခေါ်သေးလို့ နင်တို့ မပြန်ရသေးတာလို့ သူတို့ အဲဒီလိုပဲ ပြောတာတဲ့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မိသားစုဝင်တစ်ဦးက ဆိုသည်။
ထိုအခြေအနေနှင့်ပတ်သက်ပြီး စစ်ကောင်စီခန့် စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ထံ Myanmar Now က ဖုန်းဖြင့် ဆက်သွယ်သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။
ပြန်လည်ပို့ဆောင်ခံရသူမည့်များအနက် အများစုမှာ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းမှ ဖြစ်ပြီး ၂၀၂၁ အာဏာမသိမ်းမီကပင် အိန္ဒိယဘက်သို့ ဝင်ရောက်ကာ စားဝတ်နေရေးအတွက် ရက်ကန်းလုပ်ငန်းတွင် လုပ်ကိုင်နေခဲ့သူများဖြစ်သည်။
တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် ဖမ်းဆီးခံရပြီးနောက် ထောင်ဒဏ် ၅ လနှင့် ငွေဒဏ်ကျခံခဲ့ရပြီးနောက် တစ်နှစ်ကျော်သည်အထိ ဆက်လက်ထိန်းသိမ်းခံခဲ့ရသည့်အတွက် အမြန်ဆုံးပြန်လွှတ်ပေးရန် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက အစာငတ်ခံ ဆန္ဒပြခဲ့ကြသည်။
“သူတို့အကြောက်ဆုံးကတော့ မဏိပူရ်ပြည်နယ်က ထောင်ထဲကို ပြန်ထည့်မှာ အကြောက်ဆုံးပဲ။ တကယ်လို့ သူတို့ကို မြန်မာနိုင်ငံက လက်မခံဘူးဆိုရင် မိုရေးမှာ နေရရင်လည်း နေရ၊ မနေရရင်လည်း မီဇိုရမ်ကို သွားမယ်ပေါ့နော်။ မြန်မာပြည်က လက်မခံဘူးဆိုရင် သူတို့အဲ့ဒီကို သွားချင်တယ်။ သူတို့ကို ကူညီပေးပါလို့ ပြောတယ်” ဟု အထက်ပါ မိသားစုဝင်က ပြောသည်။
အိန္ဒိယနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို ပထမသုတ်အနေဖြင့် ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း လေဆိပ်သို့ ထောင်ကားများနှင့် ပို့ဆောင်နေသည့် ရုပ်သံဗီဒီယိုဖိုင်တစ်ခုကို မဏိပူရ်ဝန်ကြီးချုပ်က ၎င်း၏ X လူမှုကွန်ရက်တွင် မတ် ၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း ပြန်လည်လွှဲပြောင်းမည့်သူ အရေအတွက်ကို ထည့်သွင်း ဖော်ပြထားခြင်းမရှိပေ။
အိန္ဒိယအနေဖြင့် ၁၉၅၁ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားခြင်းမရှိသော်လည်း အကျပ်အတည်းများကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာသူများကို ခိုလှုံစရာနှင့် ထောက်ပံ့ကူညီမှုများ ပေးအပ်ထားကြောင်း မဏိပူရ် ပြည်နယ်ဝန်ကြီးချုပ်က ဆိုသည်။
ပြန်လည်လွှဲပြောင်းပေးမည့် အစီအစဉ် ရပ်တန့်နေသည့် အကြောင်းရင်းအသေးစိတ်နှင့် ပတ်သက်ပြီး သိရှိနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်ဟု ဆလိုင်းဒိုခါရ်က ဆိုသည်။
“သူတို့ပြင်ဆင်ပုံအရ စနေ၊ တနင်္ဂနွေလောက်မှာ ပို့ပြီးတော့ တနင်္လာလောက်မှာ နယ်စပ်ကနေ စကစဆီပို့မဲ့ ပုံစံမျိုး ပြင်ဆင်ခဲ့တာ။ တနင်္ဂနွေနေ့မှာ အဲ့လို ချက်ချင်းကြီး အင်ဖာလေဆိပ်ကနေ အင်ဖာထောင်ကို ပြန်ပို့တယ်ဆိုတော့ ဆွေမျိုးတွေက စိုးရိမ်စိတ်တွေနဲ့ ဆက်သွယ်လာတာတွေ ရှိတော့ ကျွန်တော်တို့ အတွင်းကျကျ လေ့လာဖို့ ကြိုးစားနေတယ်” ဟု ၎င်းက ပြောသည်။
“ခုချိန်မှာ မဏိပူရ်အစိုးရက သူတို့ ပြည်နယ်တွင်း ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း အမှောင်ကမ္ဘာကြီးလို ဖြစ်နေတော့ အနီးကပ်သွားလို့လာလို့မရ သက်ဆိုင်ရာနဲ့လည်း စကားပြောလို့မရဖြစ်နေတယ်”
လက်ရှိ မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသည့် အခြေအနေများကြောင့် ထိုသူများကို စစ်ကောင်စီထံ လွှဲမပေးဘဲ လုံခြုံမှုရှိသည့် နည်းလမ်းဖြင့် နေရပ်ပြန်ရေး စီစဉ်ပေးရန် အရပ်ဘက်အဖွဲ့တစ်ခုဖြစ်သည့် India for Myanmar က မတ် ၉ ရက်တွင် တောင်းဆိုခဲ့သည်။
မဏိပူရ်အစိုးရအနေဖြင့် စစ်ကောင်စီထံမှ လွှဲပြောင်းပေးခြင်းထက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးတို့နှင့် ချိတ်ဆက်လွှဲပြောင်းပေးရန် India for Myanmar တည်ထောင်သူ ဆလိုင်းဒိုရ်ခါက တိုက်တွန်းသည်။
“အိန္ဒိယနိုင်ငံက ဒီမိုကရေစီနိုင်ငံကြီးပါ။ သူ ဒီလောက်တော့ သဘောထားကြီးရမှာပေါ့ဆိုတဲ့ အများပြည်သူရဲ့ အမြင်အပေါ်မှာ ဒီမိုကရေစီစံတန်ဖိုးတွေ၊ လူ့အခွင့်အရေးစံတန်ဖိုးတွေ ပိုပြည့်စုံအောင် ဒါလေးကို ထည့်သွင်း စဉ်းစားပြီး အကောင်အထည်ဖော်ပေးမယ်လို့ ကျွန်တော်တို့က ပြောချင်တယ်။ တောင်းဆိုချင်တယ်”
အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်ရန် အိန္ဒိယဘက်က ပြင်ဆင်နေသည့်အပြင် နှစ်နိုင်ငံနယ်စပ်တွင် နေထိုင်သူများ ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ လွတ်လပ်စွာကူးသန်းသွားလာခွင့်ပေးထားသည့် သဘောတူညီချက်ကို ရုပ်သိမ်းရန် စီစဉ်နေကြောင်း အိန္ဒိယအာဏာပိုင်များက ပြောထားသည်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က ပြီးခဲ့သည့်နှစ် မေလတွင် ထုတ်ပြန်ထားသည့် အစီအရင်ခံစာအရ စစ်တပ်အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် မြန်မာစစ်ဘေးရှောင် ၅၄,၁၀၀ ကျော်ရှိသည့်အနက် မီဇိုရမ်ပြည်နယ်တွင် ၄၀,၀၀၀ ကျော်နှင့် မဏိပူရ်ပြည်နယ်တွင် ၈,၀၀၀ ကျော် ခိုလှုံလျက်ရှိသည်။
ထိုသို့ အရပ်သားများကို ပြန်ခေါ်ဆောင်ရေးအစီအစဉ် မရေမရာဖြစ်နေသော်လည်း အာဏာသိမ်းစစ်ကောင်စီက အိန္ဒိယဘက်သို့ပြေးသော ၎င်းတို့တပ်ဖွဲ့ဝင်များကိုမူ စစ်လေယာဉ်များသုံးကာ ပြန်လည်ခေါ်ဆောင်နေသည်။
Myanmar Now က ပြုစုထားသည့် စာရင်းများအရ ၂၀၂၃ နိုဝင်ဘာ ၁၃ ၊ နိုဝင်ဘာ ၁၆၊ နိုဝင်ဘာ ၂၉၊ ဒီဇင်ဘာ ၂၉ ၊ ယခုနှစ် ဇန်နဝါရီ ၆ ၊ ဇန်နဝါရီ ၁၇ တို့တွင် စစ်ကောင်စီတပ်သားများ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်သို့ ရာနှင့်ချီ ထွက်ပြေးခဲ့ကြသည်ကို တွေ့ရသည်။
ချင်းပြည်နယ် ပလက်ဝတွင် ဖြစ်ပွားသော တိုက်ပွဲများကြောင့် ဇန်နဝါရီ ပထမပတ်အထိ စုစုပေါင်း ၆ ကြိမ် ထွက်ပြေးခဲ့ကြပြီး ထွက်ပြေးသည့် စစ်သားစုစုပေါင်း ၅၀၀ နှင့်အထက် ရှိနိုင်သည်။