
အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့်ကို မေလ ၁ ရက်နေ့မှစတင်ပြီး တားမြစ်ပိတ်ပင်လိုက်သည်ဟု စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က Myanmar Now ကို ယနေ့နေ့လယ်ပိုင်းတွင် အတည်ပြုခဲ့သည်။
ထိုကန့်သတ်ချက်သည် PJ အမျိုးအစား Passport ကိုင်ဆောင်သူများအပေါ် သက်ရောက်မည်ဟု အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများက ဆိုသည်။
မည်သည့်အကြောင်းပြချက်ဖြင့် ကန့်သတ်ကြောင်း ၎င်းက ပြောဆိုခြင်းမရှိသော်လည်း စစ်တပ်က အလုံးအရင်းဖြင့် လူသစ်ခေါ်ရန် ပြင်ဆင်နေသည့် စစ်မှုထမ်းဥပဒေကြောင့် ယင်းကဲ့သို့ကန့်သတ်ခြင်းဟု Myanmar Now က နားလည်ထားသည်။
“ဘယ်နိုင်ငံမဆိုပါပဲ။ ဒီ (မေ ၁) ရက်နေ့ကစပြီး Demand (အလုပ်ခေါ်စာ) တင်တဲ့သူကိုပဲ ဆိုလိုပါတယ်။ ခွင့်ပြုချက်ကျပြီးသားသူများ အကျုံးမဝင်ပါဘူး။ (ပြန်ဖွင့်ပေးဖို့က) အခြေအနေပေါ်မှာပဲ မူတည်ပါတယ်။ ဒီလောက်ပဲ ပြောနိုင်ပါတယ်” ဟု စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက ပြောသည်။
စစ်မှုထမ်းဥပဒေကြောင့် ထိုကဲ့သို့ကန့်သတ်ခြင်းဟုတ်မဟုတ် Myanmar Now က မေးမြန်းသော်လည်း အခြေအနေလိုအပ်ချက်အရ ဆောင်ရွက်ခြင်းဖြစ်သည်ဟု အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက ဆိုသည်။

ထိုကန့်သတ်ချက်ကို စစ်ကောင်စီက တရားဝင်စာဖြင့် ညွှန်ကြားစာထုတ်ပြန်ခြင်းမရှိသေးသော်လည်း ပြီးခဲ့သည့် ဧပြီ ၃၀ ရက်က စစ်ကောင်စီ အလုပ်သမားဝန်ကြီး ဦးမြင့်နောင်နှင့် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီအသင်းတို့ ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးစဉ် အသိပေးခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် အေဂျင်စီလုပ်ငန်းရှင် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“ရန်ကုန်လာတော့ ခေါ်တွေ့ပြီးတော့ အဲ့ဒီလိုပြောလိုက်တယ်။ ယောက်ျားလေးတွေကို လောလောဆယ် Temporary (ယာယီ) ပိတ်မယ်ပေါ့နော်။ အမှန်တော့ သူပိတ်တာမဟုတ်ဘူး။ အပေါ်က ပိတ်ခိုင်းတယ်ပေါ့။ တခြားအကြောင်းတွေလည်း ပါတာပေါ့။ စစ်မှုထမ်းဥပဒေကြောင့် ကလေးတွေ အရမ်းထွက်တယ်ပေါ့” ဟု စစ်ကောင်စီ အလုပ်သမားဝန်ကြီးပြောဆိုချက်ကို ၎င်းက ပြန်ပြောပြသည်။

စစ်မှုထမ်းဥပဒေကြောင့် တရားဝင်နှင့် တရားမဝင်လမ်းကြောင်းနှစ်ခုစလုံးမှ ပြည်ပနိုင်ငံများသို့ ကြောက်မက်ဖွယ်ကောင်းလောက်အောင် လူငယ်များထွက်ခွာနေသဖြင့် ထိုကဲ့သို့ပိတ်ပင်ကြောင်း၊ ထိုပိတ်ပင်မှုကြောင့် တရားမဝင်ထွက်ခွာမှု ပိုတိုးလာနိုင်ကြောင်း သူက ဆိုသည်။
“နောက်ပိုင်း တရားမဝင်တွေက ပိုများသွားလိမ့်မယ်။ ကလေးတွေကတော့ ထွက်မှာပဲလေ” ဟု ၎င်းက ဆိုသည်။
ပြည်ပမှ အလုပ်ခေါ်စာသစ်များတင်ပြခြင်းကို ယနေ့တွင် တင်ပြခွင့်ယာယီပိတ်ပင်ထားကြောင်း အလုပ်အကိုင်အေဂျင်စီများထံမှ သိရသည်။
ပြည်သူလူထုဆန့်ကျင်နေသည့် အာဏာသိမ်းစစ်တပ်အတွင်း မဝင်ရောက်လိုသဖြင့် လူငယ်အများအပြား ပြည်ပသို့ အုံလိုက်ကျင်းလိုက်ထွက်ခွာတိမ်းရှောင်နေသလို တော်လှန်ရေးတပ်ဖွဲများထံ ဝင်ရောက်နေချိန် အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့်ကို တားဆီးပိတ်ပင်လိုက်ခြင်းဖြစ်သည်။
စစ်မှုထမ်းဥပဒေကို ရှောင်ရှားရန် ပြည်ပထွက်ခွာခြင်းနှင့် တော်လှန်ရေးအင်အားစုများထဲသို့ ဝင်ရောက်ခြင်း နည်းလမ်းနှစ်ခုရှိရာ ယခုအခါ ရွေးချယ်စရာတစ်ခုသာ ရှိတော့ကြောင်း ပြည်ပထွက်ရန် စီစဉ်နေသည့် ဧရာဝတီတိုင်းမှ အမည်မဖော်လိုသူ လူငယ်တစ်ဦးက ပြောသည်။
“တကယ်လို့ သူက အလုပ်သမားအနေနဲ့ ထွက်ခွင့်မရှိဘူးဆိုရင် တခြားနည်းလမ်းနဲ့ရော ဖြစ်နိုင်မလား။ ဥပမာ Visit နဲ့ သွားပြီး ကျောင်းတက်တဲ့ပုံစံမျိုးဖြစ်နိုင်မလား။ ပြန်ကြည့်ရမှာပေါ့။ တကယ်လို့သာ အကုန်လုံးလမ်းကြောင်းတွေ Visit လည်း ပိတ်မယ်ဆိုရင် ရွေးချယ်စရာက တစ်ခုပဲရှိတယ်။ စိုးရိမ်စရာတော့ တော်တော်ဖြစ်လာပြီ” ဟု ၎င်းက ဆိုသည်။
စစ်မှုထမ်းဆင့်ခေါ်ခြင်းကို သင်္ကြန်ရုံးပိတ်များအပြီး ဧပြီလတွင် စတင်မည်ဖြစ်ကြောင်း၊ စစ်သင်တန်းအပတ်စဉ်တစ်ခုလျှင် လူ ၅၀၀၀ နှုန်းဖြင့် ခေါ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း သင်္ကြန်မတိုင်မီကတည်းက ခေါ်ယူနေပြီး လက်ရှိတွင် အပတ်စဉ် ၂ ကို ဆက်လက်ခေါ်ယူနေသည်။

လူသစ်စုပြီး စစ်ပွဲပြန်စရန် စစ်ကောင်စီပြင်ဆင်ခြင်း
စစ်ကောင်စီသည် ၎င်းတို့ကြိုတင်ကြေညာထားသည့်အတိုင်း သင်္ကြန်ပြီးပြီဖြစ်သဖြင့် စစ်သားသစ်စုဆောင်းမှုကို အရှိန်မြှင့်လုပ်ဆောင်ရန် ပြင်ဆင်နေသည်။
စစ်ခေါင်းဆောင်ကလည်း စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေတို့ဖြင့် စုဆောင်းရရှိသူများ တပ်ထဲရောက်လာချိန်တွင် ဆုံးရှုံးနယ်မြေများ ပြန်လည်ရရှိရေး တစ်ဆင့်ချင်းစီ ဆောင်ရွက်သွားမည်ဟု ပြီးခဲ့သည့် မတ်လအတွင်းက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် တပ်မတော်နေ့တွင် ကြုံးဝါးထားသည်။
သို့သော်လည်း လူသစ်စုဆောင်းမှုတွင် နိုင်ငံ့စီးပွားရေး မပြိုလဲစေရန်ဆိုသည့် အကြောင်းပြချက်ဖြင့် ပုဂ္ဂလိကဘဏ်၊ ခရိုနီကုမ္ပဏီနှင့် စစ်တပ်စီးပွားရေးလုပ်ငန်းများမှ ဝန်ထမ်းများကို စစ်ထဲမသွင်းရန် စစ်ကောင်စီနှင့် ခရိုနီများအကြား အကြိုသဘောတူညီမှုများ ရထားသည်ဟု Myanmar Now ၏ သတင်းအရင်းအမြစ်များက ဆိုသည်။

အမျိုးသား ၁၈ နှစ်မှ ၃၅ နှစ်၊ အမျိုးသမီး ၁၈ နှစ်မှ ၂၇ အထိ၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာတတ်မြောက်သူ (သို့) အတတ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းသူဖြစ်ပါက အမျိုးသား ၁၈ နှစ်မှ ၄၅ နှစ်အထိ၊ အမျိုးသမီး ၁၈ နှစ်မှ ၃၅ နှစ်အထိ အကျုံးဝင်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။
စစ်မှုထမ်းရမည့် ကာလအပိုင်းအခြားမှာ သာမန်အခြေအနေတွင် ၂ နှစ်ဟုဆိုသော်လည်း အရေးပေါ်အခြေအနေဖြစ်ပါက ၅ နှစ်အထိ တိုးမြှင့်နိုင်ပြီး၊ စစ်မှုထမ်းရန် ငြင်းဆန်ပါက ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်ရှိသူအမျိုးသမီးများနှင့် ကိုယ်လက်အင်္ဂါမသန်းစွမ်းသူများ စစ်မှုထမ်းကင်းလွတ်ခွင့်ရမည်ဖြစ်သည်။
အခြားကင်းလွတ်ခွင့်ရမည့်သူများအတွက်လည်း စစ်ကောင်စီက အချက်နှစ်ချက် ထည့်သွင်းထားသည်။
စစ်တပ်ဆေးစစ်ဘုတ်အဖွဲ့က စစ်မှုထမ်းရန် မသင့်လျော်သူဟု သတ်မှတ်ထားသူများနှင့် စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ခွင့်ပြုသူများ ကင်းလွတ်ခွင့်ရမည်ဟု ဆိုသည်။