သတင်း

ကောလင်း မြန်မာ့စီးပွားရေးဘဏ်မှ ငွေသားကျပ်သန်း ၉၀၀ ကျော် NUG ထိန်းသိမ်း

KIA နှင့် PDF တပ်ပေါင်းစုသည် ကောလင်းကို သိမ်းပိုက်ပြီးနောက် အရပ်ဘက်အုပ်ချုပ်ရေးကို အသက်သွင်းရန် ကြိုးစားနေသည်။

တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းယူထားသည့် ကောလင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်မှ ကျပ်ငွေသန်းပေါင်း ၉၀၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ယနေ့ (နိုဝင်ဘာ ၁၄) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

သိမ်းဆည်းထားသည့် ထိုငွေများကို NUG ၏ ကြားကာလဗဟိုဘဏ်က မှတ်တမ်းတင် စာရင်းပြုစုထားပြီး နိုင်ငံပိုင်ဘဏ္ဍာနှင့် ပြည်သူ့အပ်နှံငွေများ နစ်နာဆုံးရှုံးမှု မရှိစေရန် စီမံခန့်ခွဲသွားမည်ဟု NUG စီမံ/ဘဏ္ဍာဒုဝန်ကြီး ဦးမင်းဇေယျာဦးက ဆိုသည်။

“ကျွန်တော်တို့က စနစ်တကျ သိမ်းဆည်းဖို့ ဆောင်ရွက်ရတာဖြစ်ပါတယ်။ ကျွန်တော်တို့ အဖွဲ့စုံနဲ့ ဒီနေရာကို သွားရောက်စိစစ်တယ်… ပုဂ္ဂလိကဘဏ်တွေလည်း ကျွန်တော်တို့က ထိန်းသိမ်းရမယ့် ပုံသဏ္ဌာန်မျိုးတွေ ရှိတယ်။ စနစ်တကျ‌ SOP (လုပ်ငန်းစီမံချက်) အတိုင်းပဲ မြေပြင်မှာရှိတဲ့ တာဝန်ရှိတဲ့သူတွေက စနစ်တကျထားရှိတဲ့ ပုံစံမျိုးပါ” ဟု ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ခရိုင်မြို့ဖြစ်သည့် ကောလင်းမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့များက လေးရက်ကြာ တိုက်ခိုက်ပြီး နိုဝင်ဘာ ၆ ရက်နေ့က သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်စွဲတပ်ထားသည့် မြန်မာ့စီးပွားရေးဘဏ်အပါအဝင် မြေစာရင်းရုံး၊ အထက်တန်းကျောင်း၊ ရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို တိုက်ခိုက်အောင်နိုင်ခဲ့ကာ ခရိုင်အဆင့်ရှိမြို့တစ်မြို့ကို ပထမဆုံး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်နက်မျိုးစုံ ၅၄ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ကောလင်းမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်များက ဆက်လက်တပ်စွဲထားကာ အုပ်ချုပ်ရေးလုပ်ငန်းများ စီမံခန့်ခွဲနေသည်။ ဒေသခံများ နေရပ်တွင် ပြန်လည်နေထိုင်နိုင်ပြီဖြစ်ကြောင်းလည်း NUG က ယနေ့ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ထားသည်။

စစ်ကောင်စီကလည်း ကောလင်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေး ကန့်ဘလူမြို့နှင့် ဝန်းသိုမြို့များမှ ပျုစောထီး၊ စစ်သားများပါဝင်သည့် စစ်ကြောင်းများ စေလွှတ်နေသဖြင့် နေ့စဉ် တိုက်ပွဲဖြစ်နေသလို ယနေ့ နေ့ခင်းပိုင်းတွင်လည်း ကောလင်းမြို့မြောက်ဘက် မိုးကောင်းတောင်အနီးတွင် တိုက်ပွဲပြင်းထန်နေသည်။

စစ်တပ်က ၎င်းတို့၏ အားသာချက်ဖြစ်သည့် လေကြောင်းတိုက်ခိုက်မှုကိုလည်း ကောလင်းတိုက်ပွဲတွင် သုံးနေသည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button