သတင်း

ရဟတ်ယာဉ်ဒရုန်းဖြင့်တိုက်ခိုက်ခံရ၊ စစ်တပ်အတွက် ခြိမ်းခြောက်မှုအသစ်ဖြစ်လာ

စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ်ကို ဒရုန်းဗုံးသီးချတိုက်ခိုက်နိုင်ခဲ့သည့် ရုပ်သံမှတ်တမ်းတခုကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန (NUG/MOD) က ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ်ကို ဒရုန်းဗုံးသီးချတိုက်ခိုက်နိုင်ခဲ့သည့် ရုပ်သံမှတ်တမ်းတစ်ခုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (NUG/MOD) က ယနေ့ (သြဂုတ် ၉) တွင် သတင်းထုတ်ပြန်သည်။ 

NUG လက်အောက်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အပါအဝင်   တော်လှန်ရေးတပ်များသည် လေတပ်စခန်းများ၊ ပျံသန်းနေသည့် ရဟတ်ယာဉ်များကို   ဒရုန်းအပါအဝင် လက်နက်မျိုးစုံ သုံးပြီး မကြာခဏ ပစ်ခတ်တိုက်ခိုက်နေသော်လည်း ပျံသန်းရန်ပြင်ဆင်နေသည့် စစ်ဘက်ရဟတ်ယဉ်ကို တိုက်ခိုက်ခြင်းက ပထမဆုံးအကြိမ်ဖြစ်သည်။

ထိုရုပ်သံမှတ်တမ်းသည် ပြီးခဲ့သည့်ဇူလိုင်လ ၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ ကျောက်တိုင်ဘောလုံးကွင်းမှ လေထဲပျံတက်ရန်ပြင်ဆင်နေသည့်   Mi 17 အမျိုးအစား စစ်ရဟတ်ယာဉ်ကို စစ်ကိုင်းတိုင်း ဒရုန်းလက်ရုံးတပ်ဖွဲ့က ဗုံးသီးချ တိုက်ခိုက်စဉ် ရိုက်ကူးထားခြင်းဖြစ်ကြောင်းလည်း NUG ဘက်ကဆိုသည်။ 

ရုပ်သံမှတ်တမ်းတွင် စစ်စိမ်းရောင်သုတ်ထားသည့် ရုရှားထုတ်သယ်ယူပို့ဆောင်ရေးနှင့် တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ် ဘောလုံးကွင်းထဲရောက်လာချိန်တွင် စစ်ကောင်စီဘက်က လူနှင့်ကုန်စည်များတင်ဆောင်ရန် ပြင်ဆင်နေသည်ကိုတွေ့မြင်ရသည်။

ရဟတ်ယာဉ်ဆင်းသက်လာပြီး စက္ကန့်အနည်းငယ်အကြာတွင် မီးခိုးလုံးတစ်ခုတွေ့မြင်ရပြီး  အနီးဝန်းကျင်မှ ပြေးထွက်သွားသူများ ရှိသည်။ ထို့နောက်ရဟတ်ယာဉ်သည် ချက်ချင်းဆိုသလို လေပေါ်ပျံတက်သွားရာ အမြှီးပိုင်းတွင် မီးခိုးငွေ့အနည်းငယ်ထွက်နေသည်ကိုလည်း တွေ့မြင်ရသည်။

ထိုရဟတ်ယာဉ်မှပြုတ်ကျကျန်ရစ်သည့် အရေးပေါ်တံခါးပေါက်ကို သိမ်းဆည်းရမိထားသည်ဟု NUG က ထုတ်ပြန်သည်။  

ထိုတိုက်ခိုက်မှု စစ်ကောင်စီတပ်အရာရှိအပါအဝင် ၇ ဦး သေဆုံးခဲ့ပြီး လေယာဉ်မှူး အပါအဝင် ၁၇ ဦး  ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။  ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည် ပြုနိုင်ခြင်းမရှိ သေးပေ။ 

ပင်လည်ဘူးမြို့တွင် ၂၀၂၂ ဧပြီလ မြို့ပေါ်တိုက်ပွဲများ ပြင်းထန်ချိန်ကတည်းက ဒေသခံ အများစု နေရပ်စွန့်ခွာသွားပြီး စစ်ကောင်စီလက်နက်ကိုင်တို့က ဘုရားကုန်းနှင့် မီးသတ်ကုန်းတွင် တပ်စွဲထားကြောင်း တော်လှန်ရေး အင်အားစုထံမှ သိရသည်။ 

ရန်သူတို့မှာ မြို့ပြင်သို့ ထွက်မလာတော့ကြောင်း တော်လှန်ရေးအဖွဲ့ဝင်နောက်တစ်ဦးက ပြောသည်။ 

“မြို့ထဲဘက်ပဲရှိတာ။ ရွာတွေကိုတော့ စစ်ကြောင်းမထိုးနိုင်တော့ဘူး။ … အထိုင်စခန်းနဲ့မြို့ထဲမှာပဲ နေတယ်။ ရိက္ခာလိုရင် လေယာဉ်နဲ့ချပေးတယ်။ မြို့ထဲမယ် ခံစစ်နဲ့ပဲနေတော့တာ” ဟု သူက ပြောသည်။ 

ဖေဖော်ဝါရီလကုန်ပိုင်းက ပင်လည်ဘူးမြို့ပေါ်တွင်  တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သော်လည်း လက်ရှိတွင်  ငြိမ်သက်နေကြောင်း တော်လှန်ရေးအင်အားစုက ဆိုသည်။ 

အင်အားချည့်နဲ့ပြီး နိုင်ငံအနှံ့စစ်မျက်နှာဖွင့်နေရသည့် စစ်တပ်သည် တိုက်ခိုက်ရေးနှင့် ထောက်ပို့လုပ်ငန်းတွင် လေကြောင်းကို အားပြုနေရသည်။

တစ်ဘက်တွင် တော်လှန်ရေးအင်အားစုကလည်း စစ်ကောင်စီလက်နက်ကိုင်တို့ အခြေစိုက်ရာ နေရာများ၊ စစ်ကြောင်းများကို ဒရုန်းအသုံးပြုတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ကြသည်။ 

ပြီးခဲ့သည့်နှစ် မတ်လကလည်း ချင်းပြည်နယ် မြောက်ပိုင်း၊ ထန်တလန်မြို့တွင် စစ်ရဟတ်ယာဉ် တစ်စီးကို ချင်းတော်လှန်ရေးအင်အားစုက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သည်။ 

ပင်လည်ဘူးမြို့သည် အရှေ့ဘက်တွင် ဝန်းသို၊ တောင်ဘက်တွင် ကောလင်းနှင့် ကျွန်းလှ၊ အနောက်ဘက်တွင် ဖောင်းပြင်၊ မြောက်ဘက်တွင် ဗန်းမောက်နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၃ မတ်လ ထုတ် အချက်အလက်များအရ လူဦးရေ ၇,၀၀၀ ကျော်သည့် ထိုမြို့၏ မြို့ပေါ်ရပ်ကွက် ၂ ခုတွင် အိမ်ခြေ ၁,၅၀၀ ကျော်ရှိသည်။ 

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ တည်နေရာပြမြေပုံ

တောင်ကုန်းတောင်တန်းထူထပ်သည့် ပင်လည်ဘူးမြို့တွင် လက်နက်ကိုင်ခုခံမှုမှာ ၂၀၂၁ ဧပြီလကပင် စတင်ခဲ့ပြီး သုံးနှစ်ကျော်ကာလအတွင်း မြို့တွင်းတိုက်ပွဲ ၃ ကြိမ်အထိဖြစ်ပွားခဲ့ သည်။ 

၂၀၂၁ ဧပြီတွင် အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုရာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တူမီးကိုင်ဒေသခံများ အပြန်အလှန် ပစ်ခတ်မှုဖြစ် ရာ ဒေသခံ ၃ ဦး သေဆုံးခဲ့သည်။ မြို့နယ်တရားရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် စာရင်းစစ် ဟောင်းရုံးတို့ မီးလောင်ပျက်စီးသွားသည်။ 

 ထို့နောက် တစ်နှစ်ခန့်အကြာ ၂၀၂၂ ဧပြီလတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် PDF များက ပင်လည်ဘူးမြို့ပေါ်ရှိ စစ်စခန်းများကို စီးနင်း တိုက်ခိုက်ခဲ့ရာ ၁၁ ရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး သုံ့ပန်း ၈ ဦး ရခဲ့သည်။ 

စစ်ကောင်စီ တပ်စွဲထားသည့်နေရာအချို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်တပ်ကလေကြောင်းမှ နေ့စဉ်ပစ်ခတ်ပြီး လက်နက်၊ လူအင်အားများဖြည့်တင်းခဲ့သည့်အတွက် တော်လှန်ရေး အင်အားစု ပြန်လည်ဆုတ်ခွာခဲ့ရသည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် သိမ်းပိုက်ထားသည့် ကောလင်းမြို့ကို ယခုနှစ် ဖေဖော်ဝါရီတွင် ပြန်လည်လက်လွှတ်ခဲ့ရပြီးနောက် ရက်ပိုင်းအကြာတွင်ပင် ကောလင်းမြို့နှင့် ကပ်လျက်ရှိ ပင်လည်ဘူးမြို့ကို တော်လှန်ရေးအင်အားစုက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်တပ်က လေကြောင်းမှ အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့သည်။

Show More

Related Articles

Back to top button