သတင်း

ထန်တလန်ရောက် စစ်ရဟတ်ယာဉ်ကို CNA အဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲ

ချင်းပြည်နယ်၊ ထန်တလန်မြို့ စစ်တပ်ရှိရာ တောင်ကုန်းပေါ်သို့ ရိက္ခာနှင့် လက်နက်များ လာပို့သည်ဟု ယူဆရသည့် ရဟတ်ယာဉ်ကို မတ်လ ၃ ရက်နေ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်မတော် (CNA) က ပြောသည်။

တိုက်ခိုက်မှုကြောင့် ရဟတ်ယာဉ် ထိခိုက်သွားဟန်ရှိသည်ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“အဲဒီထောက်ပို့ရေးယာဉ် ဆင်းတဲ့အချိန်မှာ ကျွန်တော်တို့ဘက်ကနေ ဒရုန်းနဲ့ ချတယ်။ အဲဒီလို ချပြီးတော့ သူတို့က ချက်ချင်း ပစ္စည်းအထုပ်အပိုးကတော့ ထားခဲ့ကြတယ်။ လေယာဉ်ကတော့ ချက်ချင်း ပြန်တက်သွားတော့ အဲ့ဒီမှာ လေယာဉ်စက်ချို့ယွင်းသွားတယ်လို့ ကျွန်တော်တို့က ကောက်ချက်ချတယ်” ဟု ၎င်းက ပြောသည်။

ရဟတ်ယာဉ် ဆင်းသက်ခဲ့ရာအနီး မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားပုံ၊ ရဟတ်ယာဉ်တစ်စီး မီးခိုးများအူလျက် ပျံတက်သွားပုံတို့ကို အဝေးမှ ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းနှစ်ခုကို CNA က မတ် ၈ ရက်နေ့တွင် ထုတ်ပြန်သည်။

“တပ်ကုန်းပေါ်လည်း ချတယ်။ ကင်းစခန်းတွေပေါ်လည်း ချတယ်။ ကျွန်တော်တို့မှာ တိုက်လေယာဉ်မရှိတော့ အဓိက အဲ့ဒါ (ဒရုန်း) ကို ဝေဟင်ကို အားကိုးရတာပေါ့နော်။ ဒါက ကျွန်တော်တို့အတွက် အင်မတန်မှ ထိရောက်ပါတယ်” ဟု ဆိုသည်။ 

မည်သည့်ဒရုန်းအမျိုးအစားဖြင့် တိုက်ခိုက်သည်၊ မည်သို့ထိခိုက်ခဲ့သည်ဆိုသော အခြေအနေအသေးစိတ်ကိုမူ မသိရပေ။

ထိုတိုက်ခိုက်မှုဖြစ်ရာအနီးရှိ ထန်တလန်မြို့ပေါ်ရဲစခန်းကို ဖေဖော်ဝါရီ ၉ တွင် CNA နှင့် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) များက စီးနင်းတိုက်ခိုက်ပြီး လက်နက် ၄၀ ကျော် ရယူသွားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးသည့် ထိုတိုက်ခိုက်မှုအပြီး ထန်တလန်မြို့ကို နယ်မြေပြန်စိုးမိုးနိုင်ရေး စစ်တပ်က ကြိုးပမ်းနေသည်။

ယခုနှစ် နှစ်ဆန်းပိုင်းမှ ဖေဖော်ဝါရီလကုန်ထိ ၁၁၅ ကြိမ်ထက်မနည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုအတွင်း အကြိမ်ရေထက်ဝက်ခန့်မှာ ထန်တလန်မြို့ကို ဦးတည်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း Chinland Information Center ၏ ဖေဖော်ဝါရီ ၂၈ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကလည်း ကရင်ပြည်နယ်တွင် Federal Wings ကဲ့သို့သော အကြီးစားဒရုန်းအဖွဲ့များ အသုံးပြုလာကြသလို စစ်ကိုင်းတိုင်း၊ မကွေးတိုင်း တချို့ဒေသများတွင် ဒရုန်းဖြင့် ဗုံးချ၍ အသေးစားတိုက်ခိုက်မှုများလည်း ပြုလုပ်နေကြသည်။

ကရင်ပြည်နယ်အတွင်း အသုံးပြုသော ဒရုန်းတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ- Federal Wings)

စစ်ယာဉ်တန်း ချင်းဒေသသို့ ဦးတည်

သံချပ်ကာယာဉ် ၂ စီး ထိပ်ဆုံးတွင် ပါဝင်သည့် ယာဉ်တန်းတစ်ခု ပြီးခဲ့သည့် ရက်ပိုင်းက ကလေးမြို့မှ ထွက်ခွာလာရာ ချင်းပြည်နယ်မြောက်ပိုင်း ဟားခါး၊ ဖလမ်း သို့မဟုတ် တီးတိန်ဘက်သို့ တက်နိုင်ဖွယ်ရှိကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက သုံးသပ်သည်။

“အဲဒီဘက်ကို လာတိုင်းက ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးဗျူဟာကို စုကြတယ်။ အဲ့ဒီကမှ တပ်တွေ ဖြန့်လေ့ရှိတာပေါ့။ … အခုတက်လာတဲ့ဟာတွေက ရိက္ခာတွေ သယ်လာဖွယ်ရှိတယ်။ စစ်ကား မဟုတ်ဘဲနဲ့ အရပ်သုံးကားတွေ ၁၂ ဘီးကားတွေ၊ မော်တော်ယာဉ်တွေ ပါလာတယ်ဆိုတော့ အဲ့ဒါကတော့ အင်အားဖြည့်လာတယ်လို့တော့ ပြောလို့ရပါတယ်” ဟု ဆလိုင်းထက်နီက ဆိုသည်။

မတ် ၇ ရက်မှစ၍ ကလေးမြို့နှင့် ဖလမ်းလမ်းမကြီးကို အသုံးပြုပြီး စစ်ကောင်စီတပ်ဖွဲ့ အင်အားအများအပြား ချင်းတောင်ဘက်သို့ ဦးတည်တက်လာသဖြင့် အချိန်မရွေး တိုက်ပွဲဖြစ်နိုင်သည့်အတွက် ပြည်သူများ ထိုလမ်းမကြီးများကို အသုံးမပြုရန် ချင်းဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် CDM (Civic Defense Militia) Siyin အဖွဲ့က ထုတ်ပြန်ထားသည်။

မြို့နယ်အများစု စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ချင်းတောင်ကို အင်အားဖြည့်တင်းရန် စစ်တပ်က ကြိုးပမ်းလာရာ စစ်ရေးအခြေအနေ ပိုမိုပြင်းထန်လာဖွယ်ရှိသည်ဟု ကာကွယ်ရေးအဖွဲ့များက သုံးသပ်သည်။

ချင်းပြည်နယ် မြို့နယ် ၈ ခုအနက် စစ်အုပ်ချုပ်ရေး ကြေညာမခံရသော တစ်ခုတည်းသောမြို့နယ်ဖြစ်သည့် ပလက်ဝမြို့နယ်တွင်လည်း ယမန်နေ့ (မတ် ၈) ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်တွင် ထိခိုက်သေဆုံးမှုများရှိကြောင်း CDF (ပလက်ဝ) က ထုတ်ပြန်သည်။

နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှုနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီအနေဖြင့် မြို့နယ်ပေါင်း ၃၃၀ အနက် ထက်ဝက်ခန့်ကိုသာ နယ်မြေစိုးမိုးထားနိုင်ကြောင်း အာဏာသိမ်းမှု နှစ်နှစ်ပြည့်ရန် ရက်ပိုင်းအလိုတွင် စစ်ခေါင်းဆောင်က ဝန်ခံထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button