စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့အတွင်း နှစ်ဖက် သေဆုံးမှုများပြားသည့် ၁၁ ရက်တာတိုက်ပွဲမှ စစ်ကောင်စီတပ်သားအချို့ကို ဖမ်းမိထားသည်ဟု ဒေသခံ PDF ဘက်က ပြောသည်။
ကပန္တရရွာအနီး မတ် ၃၀ ရက်တွင် အစပြုသည့် ထိုတိုက်ပွဲတွင် PDF က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဧပြီ ၁၀ တွင် အဆုံးသတ်ခဲ့သည့် ထိုတိုက်ပွဲများအတွင်း ပူးပေါင်းအဖွဲ့နှင့် အရပ်သား စုစုပေါင်း ၁၃ ဦး သေဆုံးသည်ဟု ပင်လည်ဘူး PDF တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူများပြားသည်ဟု ဆိုသည်။
၎င်းတို့ ရရှိသည့် သုံ့ပန်းအရေအတွက်ကိုမူ ၎င်းက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
ယုံကြည်ထိုက်သည့် သတင်းရင်းမြစ်တစ်ဦးပေးပို့သည့် ဓာတ်ပုံအချို့အရ သုံ့ပန်း ၈ ဦးရှိကြောင်း သိရသည်။
ဗိုလ်မှူး၊ ဗိုလ်အဆင့် တပ်ဆင်သည့် ပခုံးတံဆိပ်များကိုလည်း ဓာတ်ပုံအချို့တွင် တွေ့ရသည်။
ထိုတိုက်ပွဲများအတွင်း KIA အဖွဲ့မှ ဗိုလ်ကြီးတစ်ဦးသေဆုံးကြောင်း သတင်းထွက်နေသော်လည်း သီးခြားအတည်ပြု၍ မရသေးပေ။ KIA ဘက်သို့လည်း ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါ။
ပင်လည်ဘူးပစ်ခတ်မှုများအတွင်း KIA,PDF အဖွဲ့ဝင် ၈ ဦးသေဆုံးပြီး လက်နက်၊ ကျည်ဆန်များ သိမ်းဆည်းရရှိသည်ဟု ဧပြီ ၁၂ ရက်တွင် စစ်ကောင်စီက ထုတ်ပြန်သည်။ ဖမ်းခံထားရသည့် စစ်သားများကိစ္စမှာမူ ထိုထုတ်ပြန်ချက်တွင် မပါဝင်ပေ။
PDF များရှိရာ ယင်းသာရွာသို့ စစ်ကောင်စီက ထိုးစစ်ဆင်ပြီးနောက် လေယာဉ်နှစ်စီးဖြင့် လာပစ်ရာမှ တိုက်ပွဲများစတင်ခဲ့ခြင်းဖြစ်သည်ဟု ပင်လည်ဘူး PDF တာဝန်ရှိသူထံမှ သိရသည်။
“နောက်ရက်ကျတော့ သူတို့က ထိုးစစ်ဆင်တော့ ကျွန်တော်တို့ဘက်က ခံစစ်ကို ပြန်ပြီးတော့ သွားတယ်။ အပြန်အလှန်ဖြစ်တယ်။ .. အဲဒီတော့ ကျွန်တော်တို့ကလည်း မြို့ပေါ်ဘက်ကို ထိုးစစ်ဆင်တယ်” ဟု ထိုသူက ဆိုသည်။
ပင်လည်ဘူးမြို့ထဲတွင် နေ့စဉ်ရက်ဆက် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်တို့ စခန်းချတပ်စွဲထားသည့် ရုံးအဆောက်အအုံအချို့ကို သိမ်းယူနိုင်ခဲ့သည်ဟု ၎င်းက ပြောသည်။
“ဧည့်ရိပ်သာရယ်၊ မီးသတ်ကုန်းရယ်၊ ကျောက်တိုင်ကုန်းရယ်၊ ဘဏ်ရုံး မြို့ပေါ်မှာ သူတို့အရင်တုန်းက အခြေချခဲ့တဲ့နေရာတွေကို သိမ်းနိုင်တယ်” ဟု သူက ဆိုသည်။
စစ်ကောင်စီက လေကြောင်းဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်၊ လက်နက်နှင့် စစ်သည် အဆက်မပြတ် ဖြည့်တင်းနေသောကြောင့် ဧပြီ ၁၀ ရက်နေ့တွင် ပြန်ဆုတ်ခဲ့သည်ဟု အထက်ပါ PDF တာဝန်ရှိသူက ဆိုသည်။
“လေယာဉ်နဲ့ချည်း ထိုးစစ်ဆင်တော့တာ။ ဝေဟင်နဲ့ပဲ အသုံးချပြီး ဝေဟင်နဲ့ပဲ ပစ်တာဆိုတော့ ကျွန်တော်တို့လည်း .. ဒါကို လုံးဝမထိန်းနိုင်ဘူး။ ဝေဟင်က ပစ်ခတ်တာကို ဘယ်လိုမှ ပြန်ခုခံနိုင်ဖို့မရှိလို့ ကျွန်တော်တို့က ပြန်ဆုတ်ခွာခဲ့ရတာ” ဟု ၎င်းက ပြောသည်။
လွန်ခဲ့သည့် တစ်နှစ်ကျော် အာဏာသိမ်းပြီးချိန်မှစ၍ စစ်သားနှင့် ရဲအင်အား ၁၅၀ ဖြင့် တပ်စွဲထားသည့် ပင်လည်ဘူးတွင် စစ်ကောင်စီက အင်အားထပ်ဖြည့်ထားသဖြင့် မြို့ပေါ်တွင် ၅၀၀ ဝန်းကျင်ရှိနေပြီဟု ထိုသူက ခန့်မှန်းသည်။
နေ့စဉ်နီးပါး ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ပင်လည်ဘူးမြို့အနီးတစ်ဝိုက် ကျေးရွာ ၄ ခုထက်မနည်းမှ ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးဝါးအကူအညီများလိုအပ်လျက်ရှိကြောင်း ထိုသူက ဆက်ပြောသည်။
“ဒုက္ခရောက်နေတာက ရာသီအကူးအပြောင်းမှာ ဖျားနာတာတွေရှိတယ်။ သွေးတိုးသမားတွေ၊ သက်ကြီးရွယ်အိုတွေ။ သူတို့တွေကို ဆေးကုပေးတယ်။ အဲဒီကြားထဲမှာ ဗိုက်ကြီးသည်မတွေလည်း ရှိတယ်။ လမ်းမှာတင် ကလေးမွေးတာတွေလည်းရှိတယ်” ဟု သူက ဆိုသည်။
စစ်ကောင်စီကို ခုခံမှုများ အားကောင်းရာ စစ်ကိုင်းတိုင်းမြို့နယ်အများစုတွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှစ၍ အင်တာနက်လိုင်းများ ဖြတ်တောက်ထားရာ ထိုအထဲတွင် ပင်လည်ဘူးမြို့နယ်လည်း ပါဝင်သည်။ ထိုသို့ ဆက်သွယ်ရေးခက်ခဲနေချိန်တွင် တိုက်ပွဲအခြေအနေများကို သီးခြားအတည်ပြု၍ မရသေးပါ။
ပင်လည်ဘူးသည် တောင်ထူထပ်သည့် ဒေသဖြစ်ပြီး မူးမြစ်ဝဲယာတွင်သာ မြေပြန့်လွင်ပြင်ရှိသည်။
KIA အခြေစိုက်ရာ ကချင်ပြည်နယ်နှင့် မနီးမဝေးတွင်ရှိပြီး အနီးဆုံးဖြစ်သည့် မိုးညှင်းနှင့် ပင်လည်ဘူးသည် မော်တော်ယာဉ်ဖြင့် ၅ နာရီဝန်းကျင်သာ ခရီးရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)