သတင်း

ပင်လည်ဘူးတိုက်ပွဲတွင် ဒေသခံ ၃ ဦး ကျ၊ တရားရုံးနှင့် ထွေအုပ်ရုံး မီးလောင်

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့တွင် ဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုရာမှ စစ်ကောင်စီလက်နက်ကိုင်များနှင့် ဒေသခံများ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ဒေသခံ ၃ ဦး ကျဆုံးသော်လည်း မြို့နယ်တရားရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် စာရင်းစစ်ရုံးဟောင်းတို့ မီးလောင်သွားသည်။

ယမန်နေ့ (ဧပြီ ၅) နံနက်ပိုင်းတွင် ဒေသခံများ ဆန္ဒပြစဉ် အထက်ကျောင်းတစ်ခုရှေ့အရောက် စစ်ကောင်စီ၏ မွမ်းမံသင်တန်းတက်နေသည့် ကျောင်းဆရာ၊ ဆရာမများကို CDM ဝင်ရန် လှုံ့ဆော်ခဲ့ရာ ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့သည်။

ထို့နောက် ဆန္ဒပြပွဲတွင် ပါဝင်သူတချို့ အဖမ်းခံရရာ ထိုသူများကို ပြန်လွှတ်ပေးရန် ရပ်မိရပ်ဖများက တောင်းဆိုရာမှ ရဲများနှင့် ဒေသခံပြည်သူတို့ အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်။

ဒေသခံများထဲမှ တချို့က တောလိုက်တူမီးသေနတ်ဖြင့် ပြန်ခုခံခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့က ၁၀ ချက်ပစ်မယ်ဆို တစ်ချက်ပစ်ပြီးတာနဲ့ ယမ်းသိပ်ရတယ်။ ထောင်းရတယ်။ ထောင်းပြီးရင် ကျည်ထည့်ရတယ်။ မီးကူးဖို့ရာ မီးကူးဖို့ယမ်းက တစ်ခါ လုပ်ရသေးတယ်ဗျာ။ ကွာခြားမှုကတော့ ရှိတာပေါ့” ဟု ဆိုသည်။

တိုက်ပွဲသည် နေ့လယ်ခင်းချိန်မှ ညအချိန်အထိ တစ်ညလုံး ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဧပြီ ၆ ရက် နံနက်အထိ ပစ်ခတ်ခဲ့ကြောင်း တိုက်ပွဲတွင် ပါဝင်သူ ဒေသခံတစ်ဦးက ဆိုသည်။

ယမန်နေ့ (ဧပြီ ၅) မွန်းလွဲပိုင်းတွင် ဒေသခံ ကိုအောင်နိုင်ဝင်း ကျဆုံးပြီး ညတိုက်ပွဲတွင် အသက် ၄၀ ကျော်  ဦးဂျပန်ကြီးနှင့် ဦးမြဝင်းတို့ ကျဆုံးကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယင်းပစ်ခတ်မှုအတွင်း ဘယ်ဘက်လက်ပြင် ကျည်ထိမှန်ဒဏ်ရာရသည့် အမျိုးသမီးတစ်ဦးနှင့် ချိုင်းအောက် ကျည်ထိမှန်ဒဏ်ရာရသည့် အမျိုးသားတစ်ဦးကိုလည်း ယမန်နေ့က အရေးပေါ်ခွဲစိတ်ကုသခဲ့ရကြောင်း သိရသည်။ 

စစ်ကောင်စီလက်နက်ကိုင်တို့လည်း ထိခိုက်မှုရှိသည်ဟု သိရှိရသော်လည်း အတည်မပြုနိုင်သေးပေ။

မိုးကောင်းရပ်ကွက်ရှိ မြို့မရဲစခန်းအနီးရှိ တရားရုံး၊ ထွေအုပ်ရုံးနှင့် စာရင်းစစ်ချုပ်ရုံးဟောင်းတို့ မီးလောင်ပြာကျခဲ့သည်။

“တရားရုံးတို့၊ အုပ်ချုပ်ရေးမှူးရုံးတို့ဆိုတာ ဟိုအရင်တုန်းက ဆောက်ထားခဲ့တဲ့ သစ်သားအိမ်တွေကိုး။ အခု ရဲစခန်းဆိုတာတော့ ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာ လေးထပ်တိုက်တွေ၊ လိုင်းခန်းတွေပေါ့လေ။ အကောင်းစားတွေ ဆောက်ပေးထားတော့ သစ်သားအိမ်လိုတော့ မီးမလောင်လွယ်ဘူးပေါ့လေ။ ရဲစခန်းကတော့ ဘာမှမဖြစ်ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရဲစခန်းမှာ လေးထပ်အဆောက်အအုံဖြစ်၍ ဒေသခံများက လူအင်အားများသော်လည်း စစ်ကောင်စီတပ်ဖွဲ့က နေရာနှင့် လက်နက်အင်အား အသာစီးရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“သူတို့က ထိပ်မှာ နေရာကောင်းကောင်းယူထားတာလေ။ စနိုက်ပါသမားတွေနဲ့ ထုတော့ (ညဘက်မှာ)၂ ယောက်တော့ ကျသွားတယ်။ ဖုန်းဝင်လာပြီးတော့ ဖုန်းအလင်းရောင်နဲ့ စနိုက်ပါနဲ့ ပစ်သတ်တယ်။ အဲဒီလိုမျိုး” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

စစ်ကားနှစ်စီးဖြင့် တပ်ကူများ ကောလင်းမြို့ဘက်မှ တက်လာနေသည်ဟု ကြားသိရသောကြောင့် ဒေသခံများက သစ်ပင်များခုတ်လှဲ၍ လမ်းပိတ်ဆို့ထားသည်ဟု ဆိုသည်။

ပင်လည်ဘူးမြို့နယ်တွင် ဖေဖော်ဝါရီ ပထမပတ်မှစ၍ ဒေသခံများက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ နေ့စဉ်မပြတ် ပြုလုပ်ခဲ့ပြီး ယမန်နေ့က ပထမဆုံးအကြိမ် ပစ်ခတ်ဖြိုခွင်းခံခဲ့ရခြင်းဖြစ်သည်။ 

မကွေးတိုင်း ဂန့်ဂေါမြို့နှင့် စစ်ကိုင်းတိုင်း ကလေးမြို့၊ တမူးမြို့နယ်တို့တွင် စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွဲမှုများကို ဒေသခံပြည်သူများက အမဲလိုက်ရာတွင် အသုံးပြုသည့် ရိုးရာတူမီးသေနတ်များဖြင့် ပြန်လည်ခုခံခဲ့ကြသည့်အတွက် စစ်ကောင်စီလက်နက်ကိုင်အဖွဲ့ဝင်များ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းများ ရှိခဲ့သည်။

Show More

Related Articles

Back to top button