စစ်တပ်ထုတ်ကုန်များကို သပိတ်မှောက်နေသူတို့ အသိနည်းသေးသည့် Red & Blue စီးကရက်ကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ဖက်စပ်လုပ်နေသော ကုမ္ပဏီက ၂၀၂၂ နှစ်ကုန်ပိုင်းမှစတင်ကာ တိုးမြှင့်ထုတ်လုပ်နေကြောင်း စုံစမ်းသိရှိရသည်။
ပြည်တွင်းဈေးကွက်အတွင်း အရောင်းတွင်ကျယ်သည့် စစ်တပ်ထုတ်ကုန် Red Ruby နှင့် Premium Gold စီးကရက်များကို စစ်တပ်အာဏာသိမ်းပြီးနောက် ဝိုင်းဝန်းသပိတ်မှောက်သဖြင့် ရောင်းအား ကျဆင်းနေချိန်တွင် ထိုတံဆိပ်ကို ပိုမိုထုတ်လုပ်လာခြင်းဖြစ်သည်။
စစ်တပ်အာဏာမသိမ်းမီက ဝန်ထမ်း ၁၀၀ ဝန်းကျင်ဖြင့် စီးကရက်ဘူး ၁၀ ဘူးပါဝင်သည့် စီးကရက်အတောင့် ၁,၀၀၀ ဝန်းကျင် လစဉ် ထုတ်လုပ်ရောင်းချခဲ့သည်၊ ယခုအခါ စီးကရက်အတောင့်ပေါင်း ၁၅,၀၀၀ အထိ တိုးမြှင့်ထုတ်လုပ်လာသည်ဟု ထိုစက်ရုံနှင့်ပတ်သက်၍ ထဲထဲဝင်ဝင်သိသည့် သတင်းရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောသည်။
“အရင်က အိပ်နေရတဲ့ Production က (ထုတ်ကုန်က) ၂၀၂၂ နှစ်ကုန်ပိုင်းမှာ အရမ်းတိုးလာတယ်၊ အခု Red Ruby က ၀န်ထမ်းအယောက် ၂၀ ကျော်လောက်ခေါ်ပြီး လုပ်နေတယ်။ စက်ပြင်တဲ့သူတောင် ဖိလစ်ပိုင်က ခေါ်ထားတယ်” ဟု သူက ပြောသည်။
အာဏာသိမ်းမှုကြောင့် London, Lucky Strike စီးကရက်အမှတ်တံဆိပ်ထုတ်သည့် ဗြိတိန်အခြေစိုက် British American Tobacco (BAT) ထွက်ခွာသွားခြင်း၊ စစ်တပ်ထုတ် Red Ruby နှင့် Premium Gold ကို သပိတ်မှောက်ထားခြင်း၊ Red & Blue စီးကရက်ကို တပ်ထုတ်ကုန်ဟု လူသိနည်းပြီး သုံးစွဲသူများနေခြင်းတို့ကြောင့် ထုတ်လုပ်မှုတိုးမြှင့်လာသည်ဟုလည်း အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
“ဒီစက်ရုံက အဓိကက ဦးပိုင်ကို Royalty Fees ပေးပြီး အကျိုးတူ ပူးပေါင်းနေတာပါ။ Red Ruby က သောက်မယ့်သူမရှိတော့ မထုတ်နိုင်ဘူး။ အဲ့ဒီတော့ Ruby က အလုပ်သမားတွေပါ ခေါ်ပြီး ထုတ်နေကြတယ်” ဟု သူက ဆိုသည်။
ထိုစက်ရုံသည် လစဉ် စီးကရက်ဘူးအတောင့် ၃,၀၀၀ ကျော်ရောင်းချနိုင်မှသာ အမြတ်ကျန်နိုင်သည်၊ ယခင်က အခြားလုပ်ငန်းများနှင့်ဆက်စပ်၍ အရှုံးခံလည်ပတ်ခဲ့ရာမှ ယခုအခါ ထုတ်လုပ်မှုများလာသည်၊ စစ်တပ်အတွက် အကျိုးမြတ်ရလာသလို အထူးကုန်စည်ခွန်နှင့် အခြားအခွန်အခများစွာဆောင်နိုင်သည့် လုပ်ငန်းဖြစ်လာသည်ဟု သူက ဆိုသည်။
စီပွားရေးကျဆင်းမှုနှင့် နိုင်ငံခြားငွေအကျပ်အတည်းကြောင့် ကုမ္ပဏီအများအပြား ပြည်ပသွင်းကုန် ကန့်သတ်ခံနေရချိန်တွင် ဦးပိုင်နှင့်ဆက်စက်ကုမ္ပဏီဖြစ်၍ စီးကရက်ကုန်ကြမ်းများ ပုံမှန်တင်သွင်းခွင့်ရနေကြောင်း၊ ထုတ်လုပ်ပြီးစီးကရက်များကို Sales Express ကုမ္ပဏီက ဖြန့်ဖြူးပေးနေကြောင်း သိရသည်။
ထိုစီးကရက်တစ်ဘူးလျှင် ကျပ် ၁၈၀၀ ဖြင့် ရောင်းချနေသည်ဟု သိရသည်။
ရန်ကုန်မြို့၊ သာကေတမြို့နယ်မှ လုံခြုံရေးအရ အမည်မဖော်လိုသည့် လူငယ်တစ်ဦးက ထိုစီးကရက်ကို တပ်ထုတ်ကုန်အဖြစ် သိရှိသူနည်းနိုင်ကြောင်း၊ သောက်သုံးသူလည်း နည်းပါးကြောင်း ပြောသည်။
Red & Blue အမှတ်တံဆိပ်စီးကရက်စက်ရုံသည် ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မယ်ဇီကုန်းလမ်းတွင်ရှိသည်။ ဦးပိုင်လက်အောက်ခံ Myawaddy Trading Limited က ၄၀ ရာခိုင်နှုန်း၊ ပြည်တွင်းကုမ္ပဏီ Golden Hill international Ltd က ၆၀ ရာခိုင်နှုန်းပူးပေါင်းထားသည့် Myawaddy and Golden Hill international Ltd အမည်ဖြင့် လည်ပတ်လုပ်ကိုင်နေသည်။
၈ ဧကကျော်ကျယ်ဝန်းပြီး အချက်အချာကျသည့်နေရာတွင်ရှိသည့် ထိုစက်ရုံသည် ယခင်က နာမည်ကြီး ဒူးယားနှင့် ခပေါင်း အမှတ်တံဆိပ် စီးကရက်ထုတ်လုပ်သည့် နိုင်ငံပိုင် အမှတ် (၁) စီးကရက်စက်ရုံဖြစ်သည်။ နောက်ပိုင်းတွင် ဦးပိုင်ကုမ္ပဏီက ရယူခဲ့သည်။
ထို့နောက် အာဏာရှင်ဟောင်း ဦးသန်းရွှေအစိုးရလက်ထက် ၂၀၁၁ နှစ်ဆန်းတွင် ဦးပိုင်နှင့် Golden Hill international Ltd တို့ ကျပ် ၁၂ ဘီလျံရင်းနှီးမြှုပ်နှံကာ ဖက်စပ်လုပ်ကိုင်ရန် ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ပေါက်ကြားလာသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မှတ်တမ်းများတွင် တွေ့ရသည်။
ဦးပိုင်နှင့်ဖက်စပ်ထူထောင်ထားသော ထိုကုမ္ပဏီတွင် ရှယ်ယာ ၆၀ ရာခိုင်နှုန်းကျော် ထည့်ဝင်ထားသူမှာ ဦးညီညီကျော်ဆိုသူဖြစ်သည်။ သူသည် စစ်အာဏာရှင်အသိုင်းအဝိုင်းနှင့် ခေတ်အဆက်ဆက် ရင်းနှီးခဲ့သည့် ခရိုနီစီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်၏ ယောက်ဖဖြစ်သည်ဟု သိရသည်။
ထုတ်လုပ်ရရှိသည့် စီးကရက်များကို ထည့်ဝင်သည့်အချိုးအလိုက် ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်လလက်များတွင် ဖော်ပြထားသည်။
အကျိုးအမြတ်ခွဲဝေမှုအပေါ် အသေးစိတ်အတည်မပြုနိုင်သော်လည်း ဦးပိုင်ကုမ္ပဏီသည် ထိုစက်ရုံမှ လစဉ်မြေငှားရမ်းခ ကျပ်သိန်း ၃၀၀ ရပြီး ဆေးလိပ်ရောင်းချမှုပေါ်တွင်လည်း ၂ ရာခိုင်နှုန်း အကျိုးအမြတ်ရနေသည်ဟု စုံစမ်းသိရှိရသည်။
ထုတ်လုပ်မှုများအရှိန်မြင့်မှုနှင့်ပတ်သက်၍ Myawaddy and Golden Hill international Ltd ထံ Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဆက်သွယ်မည်ဟုသာ အကြောင်းပြန်ထားသည်။
မြန်မာတွင် စီးကရက်စက်ရုံ ၄ ခုရှိသည့်အနက် စစ်အာဏာသိမ်းပြီးနောက် British American Tobacco ကုမ္ပဏီ ထွက်ခွာသွားပြီး ဦးပိုင်နှင့်ဖက်စပ်လုပ်ထားသည့် Virginia Tobacco (VTCL), Myawaddy and Golden Hill international Ltd နှင့် Mevius, Wiston နှင့် Camel အမှတ်တံဆိပ်များထုတ်လုပ်နေသည့် Myanmar Japan Tobacco ကုမ္ပဏီက လုပ်ကိုင်နေသည်။
စစ်တပ်၏ ဝင်ငွေဖြတ်တောက်ရေးအတွက် တပ်ထုတ်ကုန်များ ဝယ်မသုံးကြရန် အာဏာသိမ်းမှုဆန့်ကျင်သူတို့က ဝိုင်းဝန်းသပိတ်မှောက်ထားသည်။ တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေများတွင်လည်း စစ်တပ်ထုတ်ကုန် သယ်ယူပို့ဆောင်၊ ဖြန့်ဖြူး၊ ရောင်းချခြင်းတို့ကို အကြီးအကျယ် ကန့်သတ်ပိတ်ပင်ထားဆဲ ဖြစ်သည်။
စစ်တပ်ထုတ်ကုန်များကို ပြည်သူလူထု ဝိုင်းဝန်းသပိတ်မှောက်ရာ၌ ထိပ်ဆုံးမှ ပါဝင်သည့် နာမည်ကျော် မြန်မာဘီယာကို ထုတ်လုပ်သည့် စက်ရုံက Keen အမည်ရ ဘီယာအသစ်ကို ယခုနှစ် ဧပြီလဆန်းမှစတင်ကာ ထုတ်လုပ်ရောင်းချနေသည်။