စစ်တပ်ထုတ်ကုန်များကို ပြည်သူလူထု ဝိုင်းဝန်းသပိတ်မှောက်ရာ၌ ထိပ်ဆုံးမှ ပါဝင်သည့် နာမည်ကျော် မြန်မာဘီယာအမှတ်တံဆိပ်စက်ရုံက Keen အမည်ရ ဘီယာအသစ်ကို ယခုနှစ် ဧပြီလဆန်းမှစတင်ကာ ထုတ်လုပ်ရောင်းချနေကြောင်း သိရှိရသည်။
တပ်ထုတ်ကုန် မြန်မာဘီယာကို အဖျော်ယမကာဆိုင်များက မရောင်းသလို ဝယ်ယူသောက်သုံးသူလည်း နည်းပါးသွားသဖြင့် စစ်တပ်က အတင်းအကျပ် ဖိအားပေးရောင်းချနေရချိန် ဘီယာတံဆိပ်သစ် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဘီယာတံဆိပ်သစ်ကို Super Six International (SSI) ကုမ္ပဏီက ထုတ်လုပ်ဖြန့်ချိသည်ဟုဆိုသော်လည်း မြန်မာဘီယာ ထုတ်လုပ်နေသည့် စစ်တပ်ပိုင် Myanmar Brewery Limited MBL စက်ရုံမှပင် ထုတ်လုပ်နေခြင်း ဖြစ်သည်။
ဘူးခွံပေါ်တွင် အမှတ် ၄၅ ၊ အမှတ် ၃ လမ်းမကြီး၊ ပျဉ်းမပင်စက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ် ရန်ကုန်မြို့ရှိ MBL ကုမ္ပဏီပိုင် မြန်မာဘီယာစက်ရုံက ထုတ်လုပ်၍ ရန်ကင်းမြို့နယ်၊ ပြည်သာယာလမ်း၊ ၁၆ ရပ်ကွက်ရှိ SSI ကုမ္ပဏီက ဖြန့်ချိကြောင်း အတိအလင်းရိုက်နှိပ်ဖော်ပြထားသည်။
SSI ကုမ္ပဏီကို ကုန်ထုတ်လုပ်ငန်း၊ လက်လီလက်ကားလုပ်ငန်း၊ အဖျော်ယမကာလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီတစ်ခုအဖြစ် ၂၀၂၂ အောက်တိုဘာတွင် မှတ်ပုံတင်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ မှတ်တမ်းများတွင် တွေ့ရသည်။
စစ်အာဏာသိမ်းပြီးနောက် DICA ကုမ္ပဏီမှတ်တမ်းများတွင် ကုမ္ပဏီလိပ်စာ၊ ဒါရိုက်တာအမည်နှင့် အခြားအသေးစိတ်အချက်အလက်များကို ပိတ်ပင်လိုက်ခြင်းကြောင့် SSI ကုမ္ပဏီနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များ မရရှိသေးသလို စစ်တပ်နှင့် ဆက်နွှယ်မှုရှိမရှိလည်း မသိရသေးပေ။
ထိုဘီယာနှင့်ပတ်သက်၍ မြန်မာဘီယာကုမ္ပဏီ MBL ကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ကုမ္ပဏီဘက်က တရားဝင်ကြေညာခြင်းမရှိ၍ ၎င်းတို့ထုတ်ကုန်ဖြစ်သည်ဟု မသတ်မှတ်နိုင်သေးကြောင်း အမျိုးသမီးတစ်ဦးက တုံ့ပြန်သည်။
ဘီယာတံဆိပ်သစ်ကို သင်္ကြန်ပွဲတော်မတိုင်မီ ဧပြီလဆန်းကတည်းက အဖျော်ယမကာဆိုင်နှင့် ဘားများတွင် ရောင်းချရန် စတင်ဖြန့်ချိခဲ့သည်။
ထုတ်ကုန်သစ်မိတ်ဆက်ပွဲကို ရန်ကုန်တိုင်း သန်လျင်မြို့ Star City အိမ်ယာရှိ Gravity ဘားတွင် အဆိုတော် အောင်လ၏ ဖျော်ဖြေမှုဖြင့် အကျဉ်းချုံး ပြုလုပ်ခဲ့သည်။ ဘီယာတံဆိပ်သစ်မှာ စျေးကွက်တွင် တစ်ဘူးလျှင် ကျပ် ၂,၅၀၀ ဝန်းကျင် ဈေးရှိသည်ဟု သိရသည်။ Chang, Yoma နှင့် မြန်မာဘီယာတို့မှာ တစ်ဘူးလျှင် ၁၅၀၀ မှ ၂၀၀၀ ဝန်းကျင်သာ ရှိသည်။
ဘီယာအရသာသည် စစ်တပ်ထုတ် မြန်မာဘီယာ၏ အရသာနှင့်တူပြီး မိတ်ဆက်ပွဲကို မြန်မာဘီယာရောင်းချသည့် ဆိုင်ခွဲများ၌ တိတ်တဆိတ်ပြုလုပ်သွားကြောင်း၊ MBL ကုမ္ပဏီဘက်ကမူ ၎င်းတို့ထုတ်ကုန်ဖြစ်သည်ဟု ဝန်ခံခြင်းမရှိကြောင်း သတင်းရင်းမြစ်တစ်ခုထံမှ သိရသည်။
အာဏာသိမ်းမှု ဆန့်ကျင်သူတချို့က ဘီယာအသစ်ကို သပိတ်မှောက်ကြရန် တိုက်တွန်းနေကြသည်။
Blood Money-သွေးစွန်းငွေအဖွဲ့ တာဝန်ရှိသူ ကိုမိုက်ကမူ စစ်တပ်နှင့် ထိုဘီယာ ပတ်သက်ရှိမရှိ စုံစမ်းနေကြောင်း၊ ပတ်သက်မှုရှိပါက ဘီယာတံဆိပ်သစ်ကိုလည်း သပိတ်မှောက်ရမည့် ပစ္စည်းစာရင်းထဲတွင် ထည့်သွင်းကြေညာသွားမည်ဖြစ်ကြောင်း ပြောသည်။
သွေးစွန်းငွေအဖွဲ့သည် စစ်တပ်ထံ စီးဆင်းနေသည့် ဓာတ်ငွေ့ဝင်ငွေ၊ လေယာဉ်ဆီနှင့် အခြားဝင်ငွေရလမ်းကြောင်းများ ဖြတ်တောက်ရန် လှုံ့ဆော် လှုပ်ရှားနေသည်။
စစ်တပ်ထိန်းချုပ်သော နယ်မြေများတွင် စစ်ကောင်စီက မြန်မာဘီယာနှင့် စစ်တပ်ထုတ်ကုန်များကို ဖိအားပေးရောင်းခိုင်းနေ၍ ဆိုင်ပေါ် ပြန်ရောက်လာသည်ကို လေ့လာတွေ့ရှိရကြောင်း ထိုအဖွဲ့က ဆိုသည်။
တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေများတွင်မူ စစ်တပ်ထုတ်ကုန် သယ်ယူပို့ဆောင်၊ ဖြန့်ဖြူး၊ ရောင်းချခြင်းတို့ကို အကြီးအကျယ် ကန့်သတ်ပိတ်ပင်ထားဆဲ ဖြစ်သည်။
၂၀၂၁ တွင် မဲစာရင်းအကြောင်းပြ အာဏာသိမ်းသည့် စစ်တပ်က ဖမ်းဆီး၊ သတ်ဖြတ်၊ နေအိမ်ဖျက်ဆီးမီးရှို့မှုများ ကျူးလွန်သဖြင့် ပြည်သူအများအပြားက တပ်ထုတ်ကုန်များကို သပိတ်မှောက် ဆန့်ကျင်နေကြရာ ယခင်ကတည်းက လူသိများသည့် မြန်မာဘီယာသည် သပိတ်မှောက်အခံရဆုံး ထုတ်ကုန်ဖြစ်လာသည်။
စစ်တပ်ပိုင် အခြားဘီယာအမှတ်တံဆိပ်များမှာ Andaman Gold နှင့် Black Shield တို့ အပါအဝင် Andaman Gold Special, Army Rum, Black Shield Stout တို့ ဖြစ်သည်။
စစ်တပ်နှင့် တိုက်ရိုက်ဆက်နွှယ်မှု မရှိသည့် ဘီယာများအဖြစ် Tiger, Chang, Heineken, Yoma စသည့် ဘီယာအမှတ်တံဆိပ်များ ရှိနေသည်။
မြန်မာဘီယာထုတ်လုပ်သည့် MBL ကုမ္ပဏီကို ၁၉၉၅ တွင် တည်ထောင်ခဲ့ပြီး ဂျပန်နိုင်ငံအခြေစိုက် ကီရင် (Kirin) ကုမ္ပဏီက ၅၁ ရာခိုင်နှုန်း စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) က ၄၉ ရာခိုင်နှုန်းပိုင်ဆိုင်ခဲ့သည်။ စစ်အာဏာသိမ်းမှုကြောင့် ဂျပန်ကီရင်ကုမ္ပဏီက ၂၀၂၃ နှစ်ဆန်းတွင် ရှယ်ယာများ အပြီးသတ်လွှဲပြောင်းကာ စစ်တပ်ပိုင်ကုမ္ပဏီနှင့် လမ်းခွဲခဲ့သည်။
သပိတ်မှောက်မှုကြောင့် အာဏာသိမ်းပြီး သုံးလအကြာ မြန်မာဘီယာရောင်းအားမှာ ၄၆ ရာခိုင်နှုန်း ထိုးကျသွားကြောင်း ကီရင်ကုမ္ပဏီက ၂၀၂၁ ခုနှစ် မေလဆန်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ရွှေဖီဦးတံဆိပ် အသင့်ဖျော် လက်ဖက်ရည်၊ လီမွန်တီး၊ နန်းမြိုင်တံဆိပ် ကော်ဖီမျိုးစုံ၊ မော်တော်ယာဉ်လိုင်းများဖြစ်သော ရွှေမန်းသူ၊ ရွှေမြိုင်သူ၊ ပုသိမ်သူ၊ သန်မြန်သူ၊ ရှမ်းမလေး၊ စီးကရက်များဖြစ်သော Red Ruby နှင့် Premium Gold တို့မှာ ဆန့်ကျင်ခံနေရသော စစ်တပ်၏ လုပ်ငန်းများ ဖြစ်သည်။
အောင်ဘာလေထီသည် တပ်ထုတ်ကုန်မဟုတ်သော်လည်း တပ်က ထိန်းချုပ်ထားသဖြင့် သပိတ်မှောက်ခံနေရသည်။
စစ်အာဏာသိမ်းမှုမတိုင်မီ လစဉ်ဖွင့် အောင်ဘာလေထီ၏ အမြင့်ဆုံးဆုငွေကို ကျပ်သိန်းတစ်သောင်းခွဲ သတ်မှတ်ခဲ့သော်လည်း အာဏာသိမ်းပြီးပြီးချင်း သပိတ်မှောက်ခံရ၊ အရောင်းထိုးကျသွားသဖြင့် အမြင့်ဆုံးဆုငွေလည်း ကျပ်သိန်း ငါးထောင်အထိ ကျသွားသည်။