သတင်း

စစ်အာဏာသိမ်းမှုကြောင့် မြန်မာဘီယာရောင်းအား ၄၆ ရာခိုင်နှုန်းအထိ ထိုးကျ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာဘီယာရောင်းအားမှာ ၄၆ ရာခိုင်နှုန်းအထိ ထိုးကျခဲ့ကြောင်း စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် ပူးပေါင်းလုပ်ကိုင်နေသည့် ကီရင် (Kirin) ဘီယာကုမ္ပဏီ၏ ပထမသုံးလပတ် ဘဏ္ဍာရေးအစီရင်ခံစာတွင် ဖော်ပြထားသည်။

ယနေ့ (မေ ၁၂) ရက်စွဲဖြင့် ထုတ်ပြန်သည့် ကီရင်ကုမ္ပဏီ၏ အစီရင်ခံစာအရ ဦးပိုင်နှင့် ဖက်စပ်လုပ်ကိုင်နေသည့် မြန်မာဘီယာကုမ္ပဏီ (Myanmar Brewery) ၏ အမြတ်ရရှိမှုမှာ ပြီးခဲ့သည့်နှစ် ပထမသုံးလပတ်နှင့် နှိုင်းယှဉ်ပါက ၄၉ ဒသမ ၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး တန်ဖိုးအားဖြင့် ပြီးခဲ့သည့်နှစ်ထက် ကျပ် ၃၂ ဘီလျံ (ယန်း ၂ ဒသမ ၅) လျော့ကျခဲ့သည်။ 

စစ်တပ်ကို ပေးစရာရှိသည်များ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း၊ ကီရင်ကုမ္ပဏီက ၂၀၂၀ နိုဝင်ဘာ ၁၁ တွင် ထုတ်ပြန်ကြေညာခဲ့သည့်နည်းတူ စစ်တပ်ပိုင် ဦးပိုင်လီမိတက်နှင့် ဖက်စပ်လုပ်ကိုင်နေခြင်းကိုလည်း ရပ်တန့်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၅ တွင် ကြေညာခဲ့သည်။ သို့သော် အဆိုပါအစီအစဉ်များနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကိုမူ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ 

မြန်မာဘီယာရောင်းအားထိုးကျခြင်းမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ထုတ် မြန်မာဘီယာကို ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်သပိတ်မှောက်ခြင်း၏ အကျိုးသက်ရောက်မှုဖြစ်ကြောင်း မြန်မာစစ်တပ်၏ အကျိုးစီးပွားများကို ဖော်ထုတ်နေသည့် Justice For Myanmar အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

“မြန်မာလူထုဟာ စစ်အုပ်ချုပ်မှုကို မလိုလားဘဲ ဒီမိုကရေစီ ပြန်လည်အသက်သွင်းလိုကြောင်း ကီရင်ရဲ့ ကိန်းဂဏန်းတွေက ပြသနေပါတယ်။ ကိုဗစ်နိုင်တင်းကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေကြောင့်လို့ ကီရင်က အကြောင်းပြဖို့ ကြိုးပမ်းနေပေမဲ့ မြန်မာနိုင်ငံမှာ ဒီလိုစက်ဆုပ်ရွံရှာစရာ စီးပွားရေးလုပ်ငန်းမျိုးကို ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်နေကြတယ်ဆိုတာ သက်သေပါပဲ” ဟု Justice For Myanmar အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

ကီရင်ကုမ္ပဏီအနေဖြင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများကျူးလွန်နေသည့် မြန်မာစစ်တပ်ကို အထောက်အပံ့ဖြစ်စေသော မြန်မာဘီယာကုမ္ပဏီလုပ်ကိုင်ခြင်းကို ချက်ချင်းရပ်တန့်ရမည်ဟုလည်း Justice For Myanmar က တောင်းဆိုထားသည်။ 

စစ်အာဏာသိမ်းမှုနောက် ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ စစ်တပ်ပိုင်ကုန်ပစ္စည်းများ မသုံးစွဲရေးလှုပ်ရှားမှု ကျယ်ကျယ်ပြန့်ပြန့်ပေါ်ပေါက်ခဲ့ကာ တက်ကြွလှုပ်ရှားသူလူငယ်များ ဦးဆောင်ကာ မသုံးစွဲရမည့် စစ်တပ်ထုတ်ကုန်ပစ္စည်းများ စာရင်းကို ပြည်သူလူထုအကြား လိုက်လံဝေငှသည့် လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကြသည်။ 

“တော်လှန်ရေး မအောင်မြင်မချင်း ကျွန်တော်တို့ ဆိုင်မဖွင့်ဘူး။ အာဏာသိမ်းတဲ့အစိုးရလက်အောက်မှာ ဆိုင်မဖွင့်ဘူး။ ခါတိုင်းတော့ မြန်မာဘီယာပဲ အဓိကတင်တာ။ နောက် ဆိုင်ဖွင့်မယ်ဆိုရင်လည်း မြန်မာဘီယာ မတင်တော့ဘူး။ သူတို့ထုတ်ကုန်တွေ မသုံးတော့ဖို့ ဆုံးဖြတ်ထားတယ်” ဟု ရန်ကုန် ကျောက်တံတားမြို့နယ်အတွင်းရှိ စားသောက်ဆိုင်လုပ်ငန်းရှင်တစ်ဦးက Myanmar Now ကို ပြောသည်။ 

ကီရင်ဘီယာကို အမေရိကန်၊ ဥရောပအပါအဝင် နိုင်ငံတကာတွင်လည်း ဖြန့်ချိလျက်ရှိပြီး စျေးကွက်တွင် စားသုံးသူအသိအမှတ်ပြုမှု ရရှိထားသည်။

တိုင်းရင်းသားမျိုးနွယ်စုများနှင့် ရိုဟင်ဂျာတို့အပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ထားသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL)၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့အပါအဝင် စစ်တပ်နှင့် ဆက်စပ်နေသည့် လုပ်ငန်းများနှင့် စီးပွားရေးမလုပ်ရန် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့က ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၅ က ထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ယမန်နေ့ (မေ ၁၁) အထိ စစ်ကောင်စီလက်ချက်ကြောင့် အရပ်သားပြည်သူ ၇၈၃ ဦး သေဆုံးခဲ့ရပြီးဖြစ်ကာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ ၅၀၀၀ နီးပါး ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။ 

Show More

Related Articles

Back to top button