“စပြီးဖြုတ်မယ်ဆိုတဲ့ အချိန်ကတော့ နည်းနည်းစိုးရိမ်စိတ်တော့ ရှိတာပေါ့။ ကစဉ့်ကလျားဖြစ်မလားလို့ ထင်ခဲ့မိတာ။ တကယ်လုပ်တဲ့အခါကျတော့လည်း ဖောက်သည်တွေက လက်ခံတာကို တွေ့ရပါတယ်” ဟု ဆိုလာသူမှာ ရန်ကုန်မြို့မှ ဘီယာဆိုင်ပိုင်ရှင် ကိုကိုလေးပင်။
သာကေတမြို့နယ်တွင် အရောင်းကိုယ်စားလှယ်ဆိုင်တစ်ခုနှင့် ဘီယာဆိုင်ကြီးတစ်ခု ပူးတွဲဖွင့်ထားသူ ကိုကိုလေးက မြန်မာဘီယာ မရောင်းရန် စတင်ဆုံးဖြတ်ခဲ့ပုံကို ပြောပြခြင်းဖြစ်သည်။
ရက်စက်ကြမ်းကြုတ်သော စစ်တပ်ကို နည်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန်ရာ၌ စစ်တပ်ထုတ်ကုန်များ အသုံးမပြုရေးလည်း ပါဝင်သည်။ လူထုတစ်ရပ်လုံးက ဆန့်ကျင်သပိတ်မှောက်သည့် စစ်တပ်ထုတ်ကုန်များတွင် နာမည်ကျော် မြန်မာဘီယာမှာ ထိပ်ဆုံးမှဖြစ်သည်။
အဖျော်ယမကာဈေးကွက်တွင် ပြိုင်ဘက်ကင်းအမှတ်တံဆိပ်ဖြစ်ခဲ့သော မြန်မာဘီယာမှာ လက်ရှိအချိန်၌ ဆိုင်တကာ့ဆိုင်များတွင် မတွေ့ရသလောက် ရှားပါးလာသည်ဟု ရန်ကုန်မြို့ခံတို့က ဆိုကြသည်။
မြို့ပြဒေသ စားသောက်ဆိုင်များတွင် ရှိတတ်သော မြန်မာဘီယာအမှတ်အသားပါ ဆိုင်းဘုတ်များကိုလည်း ဆိုင်ရှင်အများစုက ပြန်ဖြုတ်ချထားပြီး ဖြစ်သည်။
မြန်မာဘီယာကြော်ငြာဆိုင်းဘုတ်များ ပျောက်ကွယ်သွားသည့်နည်းတူ ရန်ကုန်မြို့ရှိ လူအများ ဝင်ထွက်စားသောက်ရာဆိုင်များတွင် မြန်မာဘီယာကို မတွေ့ရတော့ပေ။ ရန်ကုန်မြို့လယ်၌ လူအလာအများဆုံးဖြစ်သော လသာမြို့နယ် ၁၉ လမ်းရှိ စားသောက်ဆိုင်များ၌ပင် မြန်မာဘီယာ ဝယ်မရဖြစ်လာသည်။
နှစ်စဉ်နှစ်တိုင်း သင်္ကြန်မဏ္ဍပ်များ၌ မြန်မာဘီယာကြော်ငြာဘုတ်ကြီးများ ဟီးနေအောင် မြင်တွေ့ရလေ့ရှိသော်လည်း အာဏာသိမ်းပြီးနောက် ထိုဘုတ်များမှာ စီးပွားဖြစ်သင်္ကြန်မဏ္ဍပ်များနှင့်အတူ ပျောက်ခြင်းမလှပျောက်ကွယ်သွားသည်။ မကြာမီရက်ပိုင်းက ပြီးဆုံးခဲ့သည့် ယခုနှစ်သင်္ကြန်ကာလတွင်လည်း စစ်တပ်၏မဏ္ဍပ်အချို့မှလွဲ၍ နေရာအများစုတွင် မြန်မာဘီယာနှင့် ပတ်သက်သော အရိပ်အယောင် မတွေ့ရတော့ပေ။
နာမည်ကျော်ထုတ်ကုန်
စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ၁၉၉၅ ခုနှစ်တွင် မတည်ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ သန်း ၆၀ ဖြင့် မြန်မာဘရူဝါရီကုမ္ပဏီကို တည်ထောင်ပြီး မြန်မာဘီယာ စတင်ထုတ်လုပ်သည်။ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ ပျဉ်းမပင်စက်မှုဇုန်၌ မြန်မာဘီယာထုတ်လုပ်သည့်စက်ရုံရှိသည်။
နှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်အောက်တွင် မြန်မာနိုင်ငံသို့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်လာရန် အကန့်အသတ်ရှိသည်ဖြစ်ရာ မြန်မာဘီယာမှာ ပြည်တွင်းဈေးကွက်၌ ပြိုင်ဘက်ကင်း ဖြစ်ခဲ့သည်။
မြန်မာစည်ဘီယာ မတင်နိုင်လျှင် ရောင်းအားကျပြီး အရှုံးပေါ်နိုင်သည်အထိ ဈေးကွက်ကို စိုမိုးနိုင်ခဲ့သည်ဟု မြောက်ဥက္ကလာပမြို့နယ်မှ ဘီယာဆိုင်ပိုင်ရှင် ဦးဇော်ဇော်က ဆိုသည်။
‘ဂေါက်’ ဟု အလွယ်တကူခေါ်ကြသည့် စည်ဘီယာငှဲ့သည့် ဂေါက်တံပါစက်ကို ကျပ်ငါးသိန်းဖြင့် မြန်မာဘရူဝါရီကုမ္ပဏီထံ လျှောက်ထားနိုင်သည်ဆိုသော်လည်း အလွယ်တကူမရသဖြင့် ကျပ်သိန်း ၂၀ ကျော်အထိ ပေးကာ လက်လွှဲဝယ်ယူခဲ့ရသည်ဟု ဘီယာဆိုင်ဖွင့်ခဲ့သည်မှာ ၁၅ နှစ်ခန့်ရှိပြီဖြစ်သော ဦးဇော်ဇော်က ပြောသည်။
“မူရင်ဈေးထက် ခြောက်ဆလောက် ပိုပေးပြီး ဝယ်ရတယ်။ ဒါတောင် လိုချင်တိုင်း မရဘူး”
မြန်မာနိုင်ငံတွင် လူဦးရေအများဆုံးနေထိုင်ရာ ရန်ကုန်မြို့ကြီး၌ အဖျော်ယမကာ တွဲဖက်ရောင်းချသည့် စားသောက်ဆိုင်မျိုးစုံ ထွန်းကားလာသည်နှင့်အမျှ မြန်မာဘီယာသည်လည်း လူကြိုက်များသည့် အမှတ်တံဆိပ်ဖြစ်ခဲ့သည်။
မြန်မာဘီယာမှာ ရောင်းအားအကောင်းဆုံးဖြစ်ခဲ့သည်ဟု ဘီယာဆိုင်မဖွင့်ခင်က အဖျော်ယမကာ လက်လီလက်ကား ဖြန့်ဖြူးရောင်းချရေး လုပ်ကိုင်ခဲ့သူ သာကေတမြို့နယ်မှ ကိုကိုလေးက ဆိုသည်။
ဘီယာဆိုလျှင် မြန်မာဘီယာကိုသာ ပြေးမြင်မိကြောင်း ရန်ကုန်မြို့နေ အသက် ၄၀ အရွယ် ကိုမင်းဆိုသူက ပြောသည်။ “အိမ်ကမသိအောင် ဘီယာခိုးသောက်ကြပြီဆိုကတည်းက ဒီဘီယာပဲ သောက်လာတာ။ တခြားဘီယာတွေဆိုတာ မြန်မာမရတဲ့အခါမှသာ သောက်ကြတာ။ ပြောရရင် ဘီယာဆိုတာနဲ့ မြန်မာကိုပဲ ပြေးမြင်ကြတာ”
တက်တူးထိုး (Tattoo) ဆရာတစ်ဦးအဖြစ် အသက်မွေးနေသူ ကိုမင်းက လက်ရှိ၌ မြန်မာဘီယာ မသောက်တော့ရန် ဆုံးဖြတ်ထားပြီး အပေါင်းအသင်းများကိုလည်း အလားတူပြုမူရန် တိုက်တွန်းသည်။ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တော်လှန်သောအားဖြင့် စစ်တပ်ထုတ်ကုန်ကို သပိတ်မှောက်ခြင်းပင်။
“မြန်မာဘီယာသောက်လို့ကတော့ ကျွန်တော်မတိုက်ရလဲ အဲဒီဝိုင်းမှာ ကျွန်တော် လိုက်မထိုင်ဘူးလို့ ပြောထားတယ်” ဟု ကိုမင်းက ပြောသည်။
ဈေးကွက်ပျောက်သည်အထိ သပိတ်မှောက်ခံရ
ဘီယာကြိုက်သူအများစု သည်းခြေကြိုက်ဖြစ်ခဲ့သော နာမည်ကျော် မြန်မာဘီယာကို ဆန့်ကျင်သပိတ်မှောက်မှုမှာ စစ်တပ်က အာဏာသိမ်းပြီး လပိုင်းအကြာ၌ စတင်ခဲ့သည်။
စစ်တပ်နှင့် ဆက်နွှယ်သည့် ထုတ်ကုန်မှန်သမျှကို ဆန့်ကျင်သပိတ်မှောက်ရန် လှုံ့ဆော်သည့် လှုပ်ရှားမှုများနှင့်အတူ လူသိများသည့် မြန်မာဘီယာမှာ အကျယ်ပြန့်ဆုံး ပစ်ပယ်ခံရသည့် ထုတ်ကုန်ဖြစ်လာသည်။ နိုင်ငံအနှံ့ ဆန္ဒပြပွဲကြီးများ ဖြစ်နေချိန် ၂၀၂၁ ဖေဖော်ဝါရီနှင့် မတ်လဆန်း၌ပင် လူထု၏ဆန့်ကျင်မှုကို ကြုံတွေ့ခဲ့ရသည်။
စစ်တပ်ပိုင် ကုန်ပစ္စည်းများ မသုံးစွဲရေးလှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာပြီးနောက် ထိုလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့်တင်ရန် စစ်တပ်က အာဏာသိမ်းအပြီး လအတန်ကြာ ၂၀၂၁ ခုနှစ် ဧပြီလတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူလူထုကို ပန်ကြားခဲ့သည်။
ပြည်သူလူထုတစ်ရပ်လုံး၏ ခါးသီးမုန်းတီးမှုကို မလွန်ဆန်နိုင်သည်ဖြစ်ရာ “ဤဆိုင်တွင် မြန်မာဘီယာကို လုံးဝ (လုံးဝ) မရောင်းပါ” ဆိုသော ဆိုင်းဘုတ်များပင် ချိတ်ဆွဲကြသည်။
ပြည်သူလူထုက စစ်တပ်ထုတ်ကုန်များ သပိတ်မှောက်ထားချိန် ရန်ကုန်မြို့လယ်ရှိ ဆိုင်များတွင် မြန်မာဘီယာ ရမရ မေးမြန်းရာ၌ မယုံသင်္ကာပင် အကြည့်ခံရဖူးသည်ဟု ရန်ကုန်မြို့နေ အသက် ၂၅ နှစ်အရွယ် ကိုခန့်ပိုင်က ဆိုသည်။
“တစ်ခါတလေ ပြန်သောက်ကြည့်ချင်တာရယ်၊ ဘယ်ဆိုင်တွေရောင်းနေသလဲဆိုတာ သိချင်တာရယ်ကြောင့် လိုက်ရှာကြည့်တယ်။ တော်တော်ရှားတယ်။ တချို့ဆိုင်တွေဆို မသင်္ကာအကြည့်နဲ့ပါ ကြည့်တာ”
စစ်တပ်ပိုင်ကုမ္ပဏီက ထုတ်လုပ်သည့် ဘီယာမှန်း သိသွားပြီးနောက် မြန်မာဘီယာ မသောက်တော့ရန် ပြတ်ပြတ်သားသားဆုံးဖြတ်ခဲ့သည့် ရန်ကုန်မြို့နေ လူငယ်များအနက် အသက် ၃၃ နှစ်ရွယ် ကိုသော်နှင့် သူငယ်ချင်းတစ်သိုက်လည်း ပါဝင်သည်။
“အစောပိုင်းက ကျွန်တော်တို့ သိပ်သတိမထားမိကြဘူး။ မြန်မာဘီယာက စစ်တပ်ပိုင်မှန်းလည်း မသိဘူး၊ နောက်မှ သိကြတော့ အဲဒီအချိန်မှာ စစ်တပ်က စပစ်နေပြီ။ ဒီတော့မှ ဟာ…ဒီဘီယာကို မသောက်ကြတော့ဘူးကွာဆိုပြီး လုံးဝရပ်လိုက်ကြတာ” ဟု ကိုသော်က ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) များက ၎င်းတို့ထိန်းချုပ်ရာ ဒေသများတွင် စစ်တပ်ထုတ်ကုန်များ သယ်ဆောင်ရောင်းချခြင်းကို တားဆီးခဲ့သည့်နည်းတူ တွေ့ရှိပါက ဖမ်းဆီးကာ ဖျက်ဆီးပစ်လေ့ရှိသည်။
စစ်တပ်ထုတ်ကုန်များ ရောင်းဝယ်ခြင်း၊ အသုံးပြုခြင်းများ မပြုလုပ်ကြရန် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကရင်နီတပ်မတော် (KA)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် PDF အဖွဲ့လှုပ်ရှားရာ နယ်မြေများတွင် ကျယ်ကျယ်ပြန့်ပြန့် တားမြစ်ပိတ်ပင်ခဲ့သည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ၎င်းတို့ထိန်းချုပ်ရာ ဒေသတွင် စစ်ကောင်စီနှင့် ပတ်သက်သည့် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများကို တားမြစ်ကြောင်း အာဏာမသိမ်းမီကပင် အမိန့်ထုတ်ပြန်ခဲ့သည့်နည်းတူ အာဏာသိမ်းပြီးနောက်တွင်လည်း ဖမ်းဆီးရမိပါက ဖျက်ဆီးပစ်လေ့ရှိသည်။ ထို့အတူ ရခိုင်ပြည်နယ်၌လည်း ပြီးခဲ့သည့်နှစ်အတွင်း စစ်ကောင်စီနှင့် တိုက်ပွဲများပြင်းထန်နေစဉ် စစ်တပ်ထုတ်ကုန်များ သပိတ်မှောက်ရေး လှုံ့ဆော်မှုများ မြင့်တက်ခဲ့သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန့်ကျင်သပိတ်မှောက်မှုများကြောင့် မြန်မာဘီယာအနေဖြင့် နယ်စွန်နယ်ဖျားရှိ ဈေးကွက်ပါ ဆုံးရှုံးလာပြီး စီးပွားရေးမြို့တော် ရန်ကုန်ရှိ စားသောက်ဆိုင်၊ ဘီယာဆိုင်များ အပါအဝင် လက်လီလက်ကားဖြန့်ဖြူးရေးဆိုင်ငယ်များနှင့် ကုန်တိုက်ကြီးများအထိ မြန်မာဘီယာ ပျောက်ကွယ်လာသည်။
အာဏာသိမ်းပြီး သုံးလကျော်အကြာမှာ မြန်မာဘီယာရောင်းအားမှာ ၄၆ ရာခိုင်နှုန်း ထိုးကျသွားသည်ဟု စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနှင့် လက်တွဲလုပ်ကိုင်နေသည့် ဂျပန်နိုင်ငံအခြေစိုက် ကီရင်(Kirin) ကုမ္ပဏီက ၂၀၂၁ ခုနှစ် မေလဆန်းပိုင်းတွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
ယခင်ဘဏ္ဍာနှစ်နှင့် ကာလတူနှိုင်းယှဉ်ပါက မြန်မာဘီယာ၏ အမြတ်ငွေရရှိမှု ၄၉ ဒသမ ၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး တန်ဖိုးအားဖြင့် ကျပ် ၃၂ ဘီလျံအထိ လျော့ကျခဲ့သည်ဟု ကီရင်ကုမ္ပဏီ၏ အစီရင်ခံစာတွင် ဖော်ပြသည်။ စစ်တပ်ကို ပေးစရာရှိသည်များ ဆိုင်းငံ့ထားမည်ဟု ဂျပန်ဘီယာကုမ္ပဏီက အာဏာမသိမ်းမီ နိုဝင်ဘာလကတည်းက ကြေညာခဲ့သည်။
အာဏာသိမ်းပြီးချိန်တွင် စစ်တပ်ပိုင်ကုမ္ပဏီနှင့် လမ်းခွဲမည်ဟု ထပ်မံကြေညာပြီး မြန်မာဘရူဝါရီကုမ္ပဏီတွင် ပါဝင်သည့် ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ရောင်းချရန် ၂၀၂၂ ခုနှစ် ဇွန်လကုန်ပိုင်း၌ ဆုံးဖြတ်ကာ လူသိရှင်ကြား ထုတ်ပြန်သည်။
အာဏာသိမ်းပြီးနောက် ပြည်သူလူထု၏ ဆန့်ကျင်သပိတ်မှောက်မှုနှင့်အတူ ဆိုင်ပိုင်ရှင်များအနေဖြင့်လည်း မြန်မာဘီယာကို ရောင်းချရန် အခက်တွေ့လာသည်။
“ကျွန်တော်တို့ကတော့ စီးပွားရေးလုပ်တာပါ။ နိုင်ငံရေးဘာညာတော့ မဟုတ်ဘူး။ ဒါပေမဲ့ သောက်သုံးသူတွေက အားမပေးရင်တော့ ဘယ်ထုတ်ကုန်မှ တင်လို့မရဘူး၊ တင်ရင် ရှုံးမှာပဲ” ဟု မြောက်ဥက္ကလာပမြို့နယ်မှ ဘီယာဆိုင်ပိုင်ရှင် ဦးဇော်ဇော်က မှတ်ချက်ပြုသည်။
မြန်မာဘီယာနှင့် ပတ်သက်၍ ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ မြန်မာဘရူဝါရီကုမ္ပဏီရုံးချုပ်နှင့် မင်္ဂလာဒုံမြို့နယ်ရှိ မြန်မာဘီယာစက်ရုံကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဖြေဆိုရန် ငြင်းဆန်သည်။ ပြည်သူလူထု ဆန့်ကျင်သပိတ်မှောက်မှုနှင့်အတူ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများလည်း သိသိသာသာ ဝင်ငွေထိခိုက်ခဲ့သည်။ စစ်သားတိုင်း မဖြစ်မနေ ရှယ်ယာထည့်ရသည့် ဦးပိုင်လီမိတက်အနေဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း လပေါင်းများစွာကြာသည်အထိ အမြတ်ငွေထုတ်မပေးနိုင် ဖြစ်ခဲ့သည်။
အခြားသော စစ်တပ်ထုတ်ကုန်များ
ရန်ကုန်မြို့နေ ဘီယာသောက်သုံးသူ ၂၀ ကျော်ကို Myanmar Now က လိုက်လံမေးမြန်းရာတွင် ဈေးကွက်အတွင်း၌ မြန်မာဘီယာရှားပါးသွားသော်လည်း ပြည်သူလူထု ဆန့်ကျင်သပိတ်မှောက်ထားသည့် စစ်တပ်ထုတ်ကုန်များအနက် ထိုတစ်မျိုးတည်းသာ အထိနာနေသည်ကို တွေ့ရသည်။
စစ်တပ်ပိုင်ကုမ္ပဏီထုတ် အခြားသော ဘီယာအမှတ်တံဆိပ်များဖြစ်သည့် Andaman Gold နှင့် Black Shield စသော ဘီယာတို့မှာ သပိတ်မှောက်ခံရသည့် စာရင်းတွင် ပါဝင်နေလင့်ကစား ရောင်းချနေဆဲဖြစ်သည်ဟု ရန်ကုန်မြို့ခံတို့က ဆိုသည်။ နှစ်ပေါင်းများစွာ ကြော်ငြာအားကောင်းခဲ့သော မြန်မာဘီယာကိုသာလျှင် လူအများစု မှတ်မိနေပြီး အခြားသော စစ်တပ်ထုတ်ကုန်များမှာ အမှတ်တမဲ့ဖြစ်နေသည်။
မြန်မာဘီယာနှင့်အတူ စစ်တပ်ထုတ်ကုန်စာရင်းတွင် ပါဝင်သည့် အဖျော်ယမကာများမှာ Andaman Gold နှင့် Black Shield တို့အပါအဝင် Andaman Gold Special, Army Rum, Black Shield Stout စသည့် အမှတ်တံဆိပ်များလည်း ရှိသည်။
နှစ်ပေါင်းများစွာ တိုင်းပြည်အာဏာရယူထားသည့် စစ်ဗိုလ်ချုပ်ကြီးများက ကုမ္ပဏီပေါင်းများစွာ တည်ထောင်ပြီး စီးပွားရေးလုပ်ငန်းမျိုးစုံ လုပ်ကိုင်နေရာ အရက်ဘီယာနှင့် ဆေးလိပ်မှသည် ဆပ်ပြာ၊ နို့ဆီ၊ ကော်ဖီ၊ လက်ဖက်ခြောက်အထိ ထုတ်ကုန်ပေါင်းများစွာရှိသည်။
ထို့ပြင် စစ်တပ်ပိုင်ကုမ္ပဏီများသည် ကျောက်မျက်ရတနာနှင့် သတ္တုတူးဖော်ထုတ်လုပ်ရေး၊ ဘဏ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေးဝန်ဆောင်မှု၊ စက်သုံးဆီနှင့် စားသောက်ကုန်မျိုးစုံ ထုတ်လုပ်ရေး စသည့် စသည့် လုပ်ငန်းများလုပ်ကိုင်နေဆဲဖြစ်သည်။ စစ်တပ်ထုတ်ကုန်များအနက် မြန်မာဘီယာနည်းတူ လူသိများထင်ရှားသည့် အမှတ်တံဆိပ်တစ်ခုမှာ Mytel ဆက်သွယ်ရေးလုပ်ငန်းပင်။ ဗီယက်နမ်စစ်တပ်နှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်နေသည့် Mytel ဆက်သွယ်ရေးကုမ္ပဏီပိုင် မိုဘိုင်းဆင်းကတ်များ အသုံးမပြုရန်လည်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ဆော်ဩထားသည်။
စစ်ကောင်စီက နိုင်ငံအနှံ့တွင် အရပ်သားများကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများ အပါအဝင် လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုများကို ဆက်တိုက်ကျူးလွန်နေရာ စစ်တပ်ပိုင်ကုန်ပစ္စည်းများသည်လည်း သွေးစွန်းထုတ်ကုန်များသာဖြစ်သည်ဟု Myanmar Underground People Defence Force (MUPDF) အဖွဲ့က ဆိုသည်။
ရန်ကုန်မြို့အခြေစိုက် ပြောက်ကျားတော်လှန်ရေးအဖွဲ့သည် စစ်ကောင်စီတပ်ဖွဲ့များနှင့် လက်အောက်ခံပစ်မှတ်များကို မကြာခဏတိုက်ခိုက်နေသည့်အဖွဲ့ဖြစ်သည်။ ရန်ကုန်ရှိ မြေအောက်တော်လှန်ရေးအဖွဲ့များ စုပေါင်းထားသည့် YUA ဆိုသောအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆရာကျောင်းဆိုသူကလည်း စစ်တပ်၏ ငွေရပေါက်ရလမ်းများကို ပိတ်ပင်ရမည်ဟု ဆိုသည်။
“ဒီပစ္စည်းတွေကို သုံးနေခြင်းဟာ တော်လှန်ရေးကို တစ်ဖက်တစ်လမ်းကနေ အားလျော့အောင် လုပ်နေတာဖြစ်သလို စစ်ကောင်စီကို သွယ်ဝိုက်သောနည်းနဲ့ အားပေးနေသလိုဖြစ်တယ်။ ဒီပစ္စည်းတွေကို သုံးစွဲရင် သူတို့ ဘတ်ဂျက်တွေရမယ်၊ အဲဒီဘတ်ဂျက်နဲ့ပဲ မြို့ပြရော တောတွင်းရောကို သူတို့ ဖိနှိပ်နေတာဖြစ်တယ်” ဟု သူက ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း မြို့ပြရှိ လူငယ်အများအပြား တောခိုကာ လက်နက်ကိုင်တော်လှန်ရေးနောက် လိုက်သွားသည့်နည်းတူ ဖမ်းဆီးသတ်ဖြတ်ခံရသူ၊ အလုပ်အကိုင်အတွက် ပြည်ပထွက်သွားသူများလည်း ရှိရာ ယခင်ကလို လူမစုံနိုင်တော့သည့် အခြေအနေအပေါ် ရန်ကုန်မြို့တွင် ကျန်ရစ်ခဲ့သူ ကိုသော် ခါးသီးနာကြည်းနေမိသည်။
“ကျွန်တော်တို့ သူငယ်ချင်းတွေ မစုံကြတော့တာ အဲဒီစစ်တပ်ကြောင့်ပဲ။ တချို့ဆို သေကွဲပါ ကွဲကြတာဗျာ။ အဲဒီစစ်တပ်အတွက် ကျည်ဆန်တွေ မဖန်တီးပေးနိုင်ဘူး။ သူများတွေ အသက်ပေးထားကြရတဲ့ အချိန်မှာ ဒီဘီယာလေး မသောက်ရလို့ ဘာမှမဖြစ်သွားဘူး” ဟု ကိုသော်က ပြောလိုက်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)