သတင်း

စီးပွားရေးသမားများ ဖမ်းဆီးနှိပ်ကွပ်ခံနေရချိန် တပ်ပိုင်လုပ်ငန်းများ အခွင့်ထူးရနေ

ကုန်စျေးနှုန်းကျဆင်းရေးခေါင်းစဉ်ဖြင့် အရပ်သားစီးပွားရေးသမားအများအပြား အဖမ်းခံနေရသော်လည်း စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများမှာမူ လက်ဖျားနှင့်ပင် အထိခံရခြင်းမရှိပေ။

ဈေးကွက်မတည်မငြိမ်ဖြစ်အောင် ဖန်တီးပြီး တိုင်းပြည်စီးပွားရေးထိခိုက်စေရန် လုပ်ဆောင်နေသည်ဟူသော စွပ်စွဲချက်ဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ဆက်တိုက် ဖမ်းဆီးနှိပ်ကွပ်ခံနေရချိန်တွင် စစ်တပ်ပိုင်လုပ်ငန်းများမှာ အခွင့်ထူးခံခွင့်ရနေကြသည်ဟု စီးပွားရေးသမားများက ပြောသည်။

ရွှေ၊ အမေရိကန်ဒေါ်လာ၊ စက်သုံးဆီ၊ စားသုံးဆီနှင့် အထွေထွေကုန်ဈေးနှုန်းမြင့်တက်မှုနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးကာ ဈေးကွက်ကို ထိန်းချုပ်နေသည်။

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် မြန်မာ့စီပွားရေးဦးပိုင်ကုမ္ပဏီ (MEHL) တို့သည် စစ်တပ်၏ စီပွားရေးအင်ပါယာကြီးနှစ်ခုဖြစ်ပြီး ကျောက်စိမ်းနှင့် အဖိုးတန်တွင်းထွက်သယံဇာတ၊ ကုန်ထုတ်လုပ်ငန်း၊ အာမခံ၊ ဘဏ်လုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်း၊ ပို့ကုန်သွင်းကုန်နှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအပါအဝင် စီးပွားရေးနယ်ပယ်စုံတွင် ယခင်ကကဲ့သို့ အထူးအခွင့်အရေးများ ရယူလုပ်ကိုင်နေဆဲဖြစ်သည်။

စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲအကျိုးဆက်များကြောင့် စီးပွားရေးပြိုကျကာ ကုန်ဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်နေခြင်းဖြစ်သော်လည်း စစ်ကောင်စီက ပုဂ္ဂလိကလုပ်ငန်းရှင်များကို အပြစ်ပုံချနေပြီး တပ်ပိုင်လုပ်ငန်းများမပါဝင်ကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“အရင်းရှင်စီးပွားရေးစနစ်ဆိုတာထက် ဖက်ဆစ်စနစ်ဆိုတာမျိုး ရောက်နေတယ်။ ဖက်ဆစ်စီးပွားရေးပေါ့။ သူတို့က အာဏာလည်းရှိတယ်။ လက်နက်လည်းရှိတယ်။ သူတို့လက်နက်နဲ့ လက်တစ်ဆုံး လုပ်တော့တာလေ။ ကျန်တဲ့သူတွေ မလွယ်တော့ဘူး။ သူများတွေကို ဆီလိုအပေါက် (အပြစ်) ရှာပြီးမှ ရတဲ့နေရာကနေ ဝိုက်ချင် (အမြတ်ထုတ်) တော့တာ” ဟု ပို့ကုန်သွင်းကုန်လုပ်ငန်းနှင့် တည်ဆောက်ရေးတင်ဒါလုပ်ငန်းများ လုပ်ကိုင်သည့် နေပြည်တော်မှ အမည်မဖော်လိုသူ ထိုလုပ်ငန်းရှင်က ပြောသည်။

“မကောင်းတာဆိုရင် သူများလုပ်တာ၊ ကောင်းတာဆိုရင် သူလုပ်တာ ဒီလိုပဲဖြစ်စေချင်တာလေ” ဟု သူက စစ်ကောင်စီ၏ စီးပွားရေးစီမံခန့်ခွဲမှုများနှင့်ပတ်သက်၍ ဝေဖန်သည်။

ဈေးကွက်မတည်မငြိမ်ဖြစ်တိုင်း စီးပွားရေးလုပ်ငန်းရှင်များကို ရန်မူနေသည့် စစ်ကောင်စီသည် ယခုနှစ် မေလကုန်တွင် ဖမ်းဆီးမှုများအရှိန်မြှင့်လာသည်။ စစ်အာဏာသိမ်းချိန်မှစ၍ အကျမရှိ တက်လာသော ရွှေနှင့် ဒေါ်လာဈေးသည် ပြီးခဲ့သည့် မေလကုန်တွင် စံချိန်တင်မြင့်တက်လာရာ စစ်ကောင်စီက ရွှေနှင့် ဒေါ်လာရောင်းဝယ်သူများကို လိုက်လံဖမ်းဆီးခဲ့သည်။ 

ရွှေဈေးနှုန်း မတည်ငြိမ်အောင် ပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် ရွှေလုပ်ငန်းလုပ်ကိုင်သူ ၂၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ရန်ကုန်နှင့် မန္တလေးမှ ထိပ်သီးရွှေဆိုင်ပိုင်ရှင်များအပါအဝင် ၁၀ ဦးကို ဆက်လက်ဖမ်းဆီးမည်ဟု စစ်ကောင်စီက ဇွန် ၂ တွင် စစ်တပ်ထိန်းချုပ် သတင်းမီဒီယာများမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။

စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ရန် နှိုးဆော်ထားစဉ် (ဓာတ်ပုံ – ပေးပို့)

ထို့နောက် နိုင်ငံခြားငွေရောင်းဝယ်သူ ၁၄ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ကာ ၁၁ ဦး ဖမ်းဆီးမိန့်ထုတ်ခဲ့သလို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကွန်ဒိုတိုက်ခန်းဝယ်ယူသူ ၃ ဦးနှင့် ရောင်းချသည့် Min Thu ကုမ္ပဏီမှ ဒါရိုက်တာနှင့် အထွေထွေမန်နေဂျာနှစ်ဦးကို အရေးယူမည်ဟု ထုတ်ပြန်ခဲ့သည်။

သတ်မှတ်ဆန်ဈေးထက် ဈေးတင်ရောင်းသည်ဆိုကာ ဆန်လုပ်ငန်းရှင် ၇ ဦး၊ City Mart, Aeon Orange, One Stop Mart နှင့် စိန်ဂေဟာကုန်တိုက်မှ တာဝန်ရှိသူ ၄ ဦးကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီက ဇွန်လ ၃၀ ရက်နေ့က ထပ်မံထုတ်ပြန်ထားသည်။

ဆန်ဈေးနှုန်းမြင့်တက်မှုပတ်သက်၍ စစ်ကောင်စီက နာမည်ကြီးကုန်တိုက်များကို ဝင်ရောက်စစ်ဆေးပြီး မန်နေဂျာများကို စစ်ဆေးရာတွင် စစ်တပ်ပိုင်ကုန်တိုက်များဖြစ်သည့် မန္တလေးရှိ Gandamar Wholesale ကုန်တိုက်ကို ချန်လှပ်ထားခဲ့ကြောင်း နာမည်ကြီးကုန်တိုက်တစ်ခုမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

“(တပ်ပိုင်ကုန်တိုက်တွေ) မပါဘူး။ သူတို့ကိုတော့ ဘယ်စစ်ရဲမလဲ” ဟု ၎င်းက ဆိုသည်။

Gandamar Wholesale နှင့် Rubby Mart တို့သည့် စစ်တပ်ပိုင်ကုန်တိုက်များအဖြစ် လူသိများသည်။ တပ်ထုတ်ကုန်ဆန်အဖြစ် MEC မြန်မာ့ဆန်နှင့် အဓိပတိအမှတ်တံဆိပ်ဆန်များကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော်လည်း အရေးယူခြင်းမခံရကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

ဦးပိုင်၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် အဓိပတိ လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးလီမိတက်သည် ဆန်ထုတ်လုပ်ဖြန့်ဖြူးခြင်းအပြင် ပြည်ပသို့ ဆန်တင်ပို့သည့် လုပ်ငန်းများလုပ်ကိုင်နေသည်။

ထို့ပြင် အာဏာသိမ်းပြီးနောက်ပိုင်း စက်သုံးဆီ၊ စားသုံးဆီနှင့်ပတ်သက်၍ ဈေးကစားသည်ဟုဆိုကာ လုပ်ငန်းရှင်များကို စစ်ကောင်စီက မကြာခဏဖမ်းဆီးအရေးယူနေသော်လည်း စစ်တပ်ပိုင်လုပ်ငန်းများ ပါဝင်ခြင်းမရှိပေ။

စစ်တပ်ပိုင် MEC သည် စားသုံးဆီပြည်ပတင်သွင်းခွင့်နှင့် သိုလှောင်ဖြန့်ဖြူးခွင့်ရနေသည်။ ထို့အတူ စက်သုံးဆီတင်သွင်းဖြန့်ချိခွင့်လည်းရှိနေပြီး မြဝတီနှင့် Star High အမည်ဖြင့် လက်လီအရောင်းဆိုင် ဖွင့်လှစ်ထားသည်။

ယမန့်နေ့ (ဇူလိုင် ၁) တွင် ညွှန်ကြားချက်ဖောက်ဖျက်၍ အိမ်ရာချေးငွေများပြားစွာထုတ်ချေးသည်ဆိုကာ ပြည်တွင်းပုဂ္ဂလိကဘဏ် ၇ ခုကို အရေးယူမည်ဟု ထုတ်ပြန်လာသော်လည်း ထိုအထဲတွင် စစ်တပ်ပိုင် အင်းဝဘဏ်နှင့် မြဝတီဘဏ်တို့ပါဝင်ခြင်းမရှိပေ။

ထိုဘဏ် ၇ ခုမှာ ရိုးမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ဧရာဝတီဘက်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်၊ ယူအေဘီဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အုံဖွံ့ဖြိုးရေးဘဏ်တို့ ဖြစ်သည်။

တပ်ပိုင်စီးပွားရေးလုပ်ငန်းများကို ပိုမိုဦးစားပေးလာမည့်အပြင် အထူးအခွင့်အရေးပိုရလာနိုင်ကြောင်း၊ မိုးထိမိုးမိရွှေလုပ်ကွက်ကို စစ်တပ်ပိုင် MEC ကုမ္ပဏီက မောင်ပိုင်စီးသကဲ့သို့ ပုဂ္ဂလိကလုပ်ငန်းများကို ဝါးမျိုမည့်အခြေအနေရှိလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

“ဒီအခြေအနေကို ကြည့်လိုက်ရင် အကြမ်းဖက်စစ်တပ်အနေနဲ့က တိုင်းပြည်ရဲ့ စီးပွားရေးတစ်စုံလုံးကို သူတို့ကိုယ်ကျိုးစီးပွားအတွက် သူတို့သက်ဆိုးရှည်ဖို့အတွက် သူတို့သက်တမ်းကို ဆွဲဆန့်ဖို့အတွက်ပဲ အဓိကထားဦးတည်ပြီးတော့ အသုံးချနေတဲ့အနေအထားရောက်နေပြီဆိုတာ မြင်ရတယ်” ဟု ၎င်းက ဆိုသည်။

အာဏာသိမ်းပြီးနောက် ရှိသမျှ ရသမျှ အမေရိကန်ဒေါ်လာကို စစ်တပ်ထိန်းချုပ် ဗဟိုဘဏ်မှတစ်ဆင့် ဦးပိုင်နှင့် MEC ကုမ္ပဏီနှစ်ခုကိုသာ ရောင်းပေးနေပြီး ကျန်ကုမ္ပဏီများမှာ ဦးစားပေးအဆင့်တွင် မပါဝင်တော့ကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီလက်ထက်တွင် ပြည်ပသွင်းကုန်များကို လိုင်စင်ခွင့်မပြုခြင်းဖြင့် ပိတ်ပင်ထားသော်လည်း တပ်ပိုင်လုပ်ငန်းများမှာ လိုင်စင်အလွယ်တကူရနေကြောင်းလည်း လုပ်ငန်းရှင်များက ထောက်ပြသည်။

စစ်ကောင်စီက စီးပွားရေးလုပ်ငန်းရှင်များကို ဖမ်းဆီးနေခြင်းသည် ၁၉၆၈ ခုနှစ် စစ်အာဏာရှင်ဟောင်း ဦးနေဝင်းလက်ထက်ဆောင်ရွက်ခဲ့သည့် ဇူဇကာစစ်ဆင်ရေးနှင့် ဆင်တူကြောင်း အမည်မဖော်လိုသည့် စီးပွားရေးပညာရှင်တစ်ဦးက ပြောသည်။

ဇူဇကာစစ်ဆင်ရေးသည် သာမန်ပုဂ္ဂလိကလုပ်ငန်းရှင်များကို ဝိသမလောဘသားများဟု သတ်မှတ်၍ ၎င်းတို့ပိုင်ဆိုင်သည့် ကုန်စည်ပစ္စည်းများကို စစ်တပ်က ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။

“စီးပွားရေးလက်ဝါးကြီးအုပ်တာပေါ့ဗျာ။ အဓိကက သူတို့တပ်ပိုင်တွေပဲ အဓိကအားဖြင့် တပ်မတော်ကို အားထားရတဲ့အနေအထားမျိုးရောက်အောင် ကြံဆောင်နေတယ်လို့ ယူဆရတယ်” ဟု သူက ပြောသည်။

လူထုထောက်ခံမှု၊ နိုင်ငံတကာအသိမှတ်ပြုမရသည့်အပြင် စီးပွားရေးချွတ်ခြုံကျမှုနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် စီးပွားရေးလုပ်ငန်းများကို ထိန်းချုပ်၍ နိုင်ငံရေးထွက်ပေါက်ရှာရန် ကြိုးစားနေသည်ဟု ယူဆကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးဇော်ရမ်းက ပြောသည်။

စစ်ကောင်စီလက်အောက်ရှိ နိုင်ငံပိုင်လုပ်ငန်းများ၊ စစ်တပ်ပိုင်လုပ်ငန်းများ၊ စစ်တပ်နှင့် ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်းများသည် မြန်မာ့စီးပွားရေးတွင် အဓိကလွှမ်းမိုးထားကြောင်း၊ ထိုလွှမ်းမိုးမှုအောက်တွင် မရှိသည့် လုပ်ငန်းများကိုပင် ထိန်းချုပ်ရန် ကြိုးစားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“သူတို့လွှမ်းမိုးထားပြီးသားလုပ်ငန်းတွေကို ရှင်သန်အောင်ထားမယ်။ သူတို့ ဒါကို အကုန်လုံးလွှမ်းခြုံပြီး အမိန့်ပေးနိုင်မှ သူတို့ထွက်ပေါက်ရမယ်။ သူတို့နာမည်ကောင်းရမယ်။ မကျေမနပ်နိုင်လောက်တဲ့အထိ ချွတ်ခြုံမကျအောင် ကာကွယ်နိုင်မယ်။ ဒီလိုပဲ သူတို့တွက်တာ” ဟု သူက ပြောသည်။

“အဲ့ဒီတော့ ထိန်းချုပ်လေ ငတ်လေ။ ထိန်းချုပ်လေ အထွေထွေအကျပ်အတည်းဖြစ်လေပဲဗျ”

နိုင်ငံ့စီးပွားရေးကို သေနတ်ဖြင့် အမိန့်ပေးကာ တည်ဆောက်၍မရနိုင်ကြောင်း ဦးဇော်ရမ်းက ဆိုသည်။

အခြားတစ်ဖက်တွင်မူ ပြည်သူလူထုကို စစ်ဆင်ရေးဆင်နွှဲနေသည့် စစ်တပ်ကို ဝင်ငွေဖြတ်တောက်နိုင်ရန် စစ်တပ်ပိုင်လုပ်ငန်းနှစ်ခုဖြစ်သည့် ဦးပိုင်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ကို အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့က အရေးယူပိတ်ဆို့ထားသည်။

တပ်မတော်က ၁၉၉၀ တွင် ထူထောင်ခဲ့သော ဦးပိုင်လီမိတက်သည် သွင်းကုန်ပို့ကုန်လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ကျောက်မျက်ရတနာ၊ သတ္တုရှာဖွေရေးလုပ်ငန်းများအပြင် အရက်ဘီယာနှင့် စီးကရက်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းနယ်ပယ်အများအပြား လုပ်ကိုင်နေပြီး ရှယ်ယာများကို အငြိမ်းစားနှင့် တာဝန်ထမ်းဆောင်ဆဲ တပ်မတော်အရာရှိကြီးများ၊ အရာရှိများ၊ တပ်မတော်သားများက ပိုင်ဆိုင်ထားသည်။

စစ်အစိုးရလက်ထက် ၁၉၉၇ တွင် စတင်ထူထောင်ပြီး ကဏ္ဍမျိုးစုံတွင် စီးပွားရေးလုပ်ငန်းကြီးများ လုပ်ကိုင်နေသည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) မှာ တပ်မတော်ပိုင် ပုဂ္ဂလိကကုမ္ပဏီဖြစ်ပြီး “အစုရှယ်ယာအားဖြင့် တာဝန်ကန့်သတ်ထားသည့် အများနှင့်မသက်ဆိုင်သောကုမ္ပဏီ” (Private Company Limited by Shares) ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် ရေးသားဖော်ပြထားသည်။

Show More

Related Articles

Back to top button