သတင်း

တပ်ထုတ်ကုန် သပိတ်မှောက်မှုတွင် အထိနာသည့် စစ်ကောင်စီ တန်ပြန်ထိုးစစ်ဆင်

အာဏာသိမ်းပြီး နှစ်နှစ်ခွဲကျော်အတွင်း မကြုံစဖူး အကျပ်အတည်းမျိုးစုံနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် လူထုက သပိတ်မှောက်ထားသော စစ်တပ်ထုတ်ကုန်ပစ္စည်း မရောင်းသည့် ဆိုင်များကို စစ်ဆေးဖော်ထုတ်ရန် အောက်ခြေအဖွဲ့များကို ယခုလဆန်းပိုင်းတွင် ညွှန်ကြားသည်။

Myanmar Now က ဖတ်ရှုခွင့်ရခဲ့သော အောက်တိုဘာ ၅ ရက်ပါ စစ်ကောင်စီ၏ ညွှန်ကြားစာအတွင်း “ကုန်ပစ္စည်းများကို ခွဲခြားရောင်းချလျက်ရှိသည့် စတိုးဆိုင်ကြီးများနှင့် ကုန်ပစ္စည်းအရောင်းဆိုင်တချို့တို့ကို စိစစ်ဖော်ထုတ်ရန် လိုအပ်ပြီး ဖော်ထုတ်တွေ့ရှိရသည့် ဆိုင်များသည် အကြမ်းဖက်အဖွဲ့အစည်းများနှင့် တိုက်ရိုက်/သွယ်ဝိုက်၍ ပတ်သက်ဆက်နွှယ်မှု ရှိ/မရှိ၊ ထောက်ခံမှု ရှိ/မရှိ ထပ်မံစိစစ်သွားရန်” ဟု ပါဝင်သည်။

နေပြည်တော် စစ်ကောင်စီရုံးက စာအမှတ်၊ ၂၁ (၁၅/၁၅၃၂)/၇/ ဖြင့် တိုင်းနှင့် ပြည်နယ်အသီးသီးသို့ ပေးပို့ထားသည့် ထိုညွှန်ကြားစာထဲတွင် စတိုးဆိုင်ကြီးများနှင့် ကုန်ပစ္စည်းအရောင်းဆိုင်တချို့တွင် တယ်လီဖုန်းဆင်းကတ်တချို့နှင့် ကုန်ပစ္စည်းများကို ကုန်အမှတ်တံဆိပ်ခွဲခြား၍ ရောင်းချခြင်း၊ အချို့ဆိုင်များတွင် ‘မရောင်းပါ’ ဟုဆိုသည့် စာသား ကပ်ထားခြင်းတို့ လုပ်ဆောင်နေသည်ဟုလည်း ဖော်ပြထားသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် ပြည်သူမဲပေးရွေးချယ်ထားသည့် အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ဆန့်ကျင်တော်လှန်ကြရာတွင် စစ်တပ်ထံ ငွေကြေးအကျိုးအမြတ်များစွာ စီးဝင်နေသည့် စစ်တပ်ထုတ်ကုန်များ အသုံးမပြုသည့် နည်းလမ်းလည်း ပါဝင်သည်။

လူထု ဆန့်ကျင်သပိတ်မှောက်သည့် စစ်တပ်ထုတ်ကုန်များတွင် မြန်မာဘီယာMytel မိုဘိုင်းဖုန်းဆင်းကတ်၊ Red Ruby စီးကရက်ကဲ့သို့ ပြည်တွင်းနာမည်ကြီးအမှတ်တံဆိပ်များ ထိပ်ဆုံးမှ ပါဝင်သည်။

စစ်တပ်ထုတ်ကုန် မသုံးစွဲရန် လှုံ့ဆော်စာကို ၂၀၂၁ ခုနှစ်အတွင်း ရန်ကုန်မြို့၌ တွေ့ရစဉ်။ ဓာတ်ပုံ – ပေးပို့

ပြည်တွင်း အဖျော်ယမကာဈေးကွက်တွင် ပြိုင်ဘက်ကင်းအမှတ်တံဆိပ်ဖြစ်ခဲ့သော မြန်မာဘီယာသည် လက်ရှိအချိန်၌ ဆိုင်အများစုတွင် ရောင်းချခြင်းမရှိသည့် အခြေအနေအထိ ဖြစ်နေသည်။

ထိုအခြေအနေကို မျက်စိဆံပင်မွေးစူးကာ ကိုယ့်အိတ်ထဲ ဝင်လာမည့်ငွေ လျော့ပါးမှု ကြုံနေရသည့် စစ်ဗိုလ်ချုပ်ကြီးများက ၎င်းတို့ထုတ်ကုန် တင်မရောင်းသည့် ဆိုင်များကို ဖိအားပေးရန် ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။ 

ထိုသို့ ညွှန်ကြားပြီး နောက်တစ်ရက် စက်တင်ဘာ ၆ ရက်နေ့က စတင်ကာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အခြားမြို့များရှိ စားသောက်ဆိုင်၊ စတိုးဆိုင်တချို့ကို စစ်ကောင်စီလက်အောက်ခံ ရဲ၊ ထွေအုပ်နှင့် စည်ပင်ဝန်ထမ်းများက ဆက်တိုက်ဆိုသလို ဝင်ရောက်စစ်ဆေးနေကြောင်း ဆက်သွယ်မေးမြန်းချက်များအရ သိရှိရသည်။

ရန်ကုန်မြို့လယ်ရှိ လသာမြို့နယ်တွင်မူ စားသောက်ဆိုင်တာဝန်ရှိသူတချို့ကို ပြီးခဲ့သည့်ရက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးသို့ ဆင့်ခေါ်ကာ စစ်တပ်ထုတ် ဘီယာများဖြစ်သည့် Myanmar, Black Shied ဘီယာတို့ကို ပြန်တင်ရောင်းရန် ဖိအားပေးခဲ့ကြောင်း တရုတ်တန်း ၁၉ လမ်းရှိ စားသောက်ဆိုင်တစ်ဆိုင်မှ မန်နေဂျာအမျိုးသားက ပြောသည်။

“Black Shield တို့ မြန်မာ (ဘီယာ) တို့ကို ဆိုင်မှာ တင်ထားပေးဖို့ပေါ့။ စစ်တပ်က လာစစ်ဆေးတဲ့အခါကျ ဒါတွေ မရောင်းဘူးဆိုရင် ပြဿနာတက်နိုင်တယ်ပေါ့၊ အဲ့လို ခေါ်ပြောတာ”

ထို့အတူ ယခုလ ဒုတိယပတ်မှစတင်ကာ ရန်ကုန်မြို့ရှိ City Mart ဆိုင်တချို့တွင် Myanmar Beer များ ပြန်တင်ရောင်းလာသည်ကို တွေ့ရှိရသည်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များကိုလည်း စစ်တပ်ထုတ်ကုန်များ ရောင်းချမှုရှိ၊ မရှိ လိုက်လံစစ်ဆေးနေသလို နေပြည်တော်တွင်လည်း အလားတူ စတင်စစ်ဆေးနေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုတွင် ဖော်ပြထားသည့် စစ်တပ်ထုတ်ကုန်ရောင်းချရန် ဖိအားပေးနေသည့် သတင်း။

ထို့ပြင် အခြား တိုင်းနှင့် ပြည်နယ်တချို့တွင်လည်း အရက်လက်လီလက်ကားရောင်းချသည့် ဆိုင်များ၊ စားသောက်ဆိုင်နှင့် တယ်လီဖုန်းဆိုင်များတွင် စစ်တပ်ထုတ်ကုန်များ ရောင်းမရောင်း လိုက်လံစစ်ဆေးနေကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ရေးထားသည်။

ယခုကဲ့သို့ သေနတ်ပြ ခြိမ်းခြောက်ပြီး ၎င်းတို့ထုတ်ကုန်များကို ပြန်ရောင်းခိုင်းရသည်အထိ ဖိအားပေးနေခြင်းမှာ ပြည်သူ့သပိတ်အောင်မြင်၍ စစ်ကောင်စီ စီးပွားရေး အထိနာခြင်းကြောင့်ဖြစ်ကြောင်း၊ ပြည်သူက စစ်တပ်ထုတ်ကုန်များကို မဝယ်သည့်နည်းဖြင့် ဆက်လက်သပိတ်မှောက်ကြရန် လိုအပ်ကြောင်း တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) ကျောင်းသားဟောင်းများအင်အားစု ဦးဆောင်သူ ကိုနန်းလင်းက တိုက်တွန်းသည်။

“စစ်တပ်က ဖိအားပေးလို့ ဆိုင်တွေက ရောင်းရလိမ့်မယ်၊ တင်ရလိမ့်မယ်။ သို့သော် ပြဿနာမရှိဘူး။ အဓိက အရေးကြီးတာက ဘယ်နေရာမှာ ဘယ်လိုရောင်းရောင်း ကျွန်တော်တို့ ပြည်သူတွေက မဝယ်ယူနဲ့၊ မသောက်သုံးနဲ့”။

အာဏာသိမ်းပြီး သုံးလကျော်အကြာတွင် မြန်မာဘီယာရောင်းအားသည် ၄၆ ရာခိုင်နှုန်း ထိုးကျသွားသည်ဟု စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနှင့် လက်တွဲလုပ်ကိုင်နေသည့် ဂျပန်နိုင်ငံအခြေစိုက် ကီရင် (Kirin) ကုမ္ပဏီက ၂၀၂၁ ခုနှစ် မေလဆန်းပိုင်းတွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

ယခင်ဘဏ္ဍာနှစ်နှင့် ကာလတူနှိုင်းယှဉ်ပါက မြန်မာဘီယာ၏ အမြတ်ငွေရရှိမှု ၄၉ ဒသမ ၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး တန်ဖိုးအားဖြင့် ကျပ် ၃၂ ဘီလျံအထိ လျော့ကျခဲ့သည်ဟု ကီရင်ကုမ္ပဏီ၏ အစီရင်ခံစာတွင် ဖော်ပြသည်။ စစ်တပ်ကို ပေးစရာရှိသည်များ ဆိုင်းငံ့ထားမည်ဟု ဂျပန်ဘီယာကုမ္ပဏီက အာဏာမသိမ်းမီ နိုဝင်ဘာလကတည်းက ကြေညာခဲ့သည်။

အာဏာသိမ်းပြီးချိန်တွင် စစ်တပ်ပိုင်ကုမ္ပဏီနှင့် လမ်းခွဲမည်ဟု ထပ်မံကြေညာပြီး မြန်မာဘရူဝါရီကုမ္ပဏီတွင် ပါဝင်သည့် ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ရောင်းချရန် ၂၀၂၂ ခုနှစ် ဇွန်လကုန်ပိုင်း၌ ကီရင်က ဆုံးဖြတ်ကာ လူသိရှင်ကြား ထုတ်ပြန်သည်။

မြန်မာဘီယာနှင့်အတူ စစ်တပ်ထုတ်ကုန်စာရင်းတွင် ပါဝင်သည့် အဖျော်ယမကာများမှာ Andaman Gold, Black Shield, Andaman Gold Special, Army Rum, Black Shield Stout စသည့် အမှတ်တံဆိပ်များ ဖြစ်သည်။

နှစ်ပေါင်းများစွာ တိုင်းပြည်အာဏာရယူထားသည့် စစ်ဗိုလ်ချုပ်ကြီးများက ကုမ္ပဏီပေါင်းများစွာ တည်ထောင်ပြီး စီးပွားရေးလုပ်ငန်းမျိုးစုံ လုပ်ကိုင်နေရာ အရက်ဘီယာနှင့် ဆေးလိပ်မှသည် ဆပ်ပြာ၊ နို့ဆီ၊ ကော်ဖီ၊ လက်ဖက်ခြောက်အထိ ထုတ်ကုန်ပေါင်းများစွာရှိသည်။

ထို့ပြင် စစ်တပ်ပိုင်ကုမ္ပဏီများသည် ကျောက်မျက်ရတနာနှင့် သတ္တုတူးဖော်ထုတ်လုပ်ရေး၊ ဘဏ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေးဝန်ဆောင်မှု၊ စက်သုံးဆီနှင့် စားသောက်ကုန်မျိုးစုံထုတ်လုပ်ရေး စသည့် စသည့် လုပ်ငန်းများ လုပ်ကိုင်နေဆဲဖြစ်သည်။

စစ်တပ်ထုတ်ကုန်များအနက် မြန်မာဘီယာနည်းတူ လူသိများထင်ရှားသည့် အမှတ်တံဆိပ်တစ်ခုမှာ Mytel ဆက်သွယ်ရေးလုပ်ငန်းပင်။ ဗီယက်နမ်စစ်တပ်နှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေသည့် Mytel ဆက်သွယ်ရေးကုမ္ပဏီပိုင် မိုဘိုင်းဆင်းကတ်များ အသုံးမပြုရန်လည်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ဆော်ဩထားသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button