သတင်း

စစ်တပ်ပိုင် Mytel ကို အောင်ဘာလေထီ ရောင်းခွင့်ချပေး

အရောင်းထိုင်း အောင်ဘာလေထီကို အာဏာသိမ်းစစ်ကောင်စီက အွန်လိုင်းစနစ်ဖြင့် တိုးချဲ့ရောင်းချရာတွင် စစ်တပ်ပိုင်ဆက်သွယ်ရေးအော်ပရေတာ Mytel ကို နည်းပညာဝန်ဆောင်မှုပေးမည့် ကုမ္ပဏီအဖြစ် လုပ်ပိုင်ခွင့်ချထားပေးလိုက်သည်။

အာဏာသိမ်းစစ်ကောင်စီအတွက် ငွေဝင်ပေါက်တစ်ခုအဖြစ် ဖြည့်ဆည်းပေးနေသော အောင်ဘာလေထီလက်မှတ်ကို ပြည်သူအများအပြားက ဝယ်ယူကံစမ်းခြင်းမရှိဘဲ သပိတ်မှောက်ထားချိန်တွင် စစ်ကောင်စီက အရောင်းသွက်စေရန် ကြိုးပမ်းလိုက်ခြင်းဖြစ်သည်။

ထီလက်မှတ်စနစ်အပြင် အွန်လိုင်းမှ တိုးချဲ့ရောင်းချရန် နည်းပညာကုမ္ပဏီတစ်ခု ငှားရမ်းလိုကြောင်း ၂၀၂၁ စက်တင်ဘာတွင် တင်ဒါခေါ်ယူခဲ့ပြီး Mytel ကို အပြီးသတ်လုပ်ပိုင်ခွင့်ချပေးခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ယမန်နေ့ ဇွန် ၈ တွင် သတင်းထုတ်ပြန်သည်။

“တင်ဒါအောင်မြင်ခဲ့သည့် Telecom International Myanmar Co.,Ltd (Mytel) တို့ ပူးပေါင်း၍ အောင်ဘာလေ အွန်လိုင်းသိန်းဆုထီစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာ Mytel ကို စစ်တပ်က အဓိကထိန်းချုပ်ထားပြီး Telecom International Myanmar ကုမ္ပဏီအမည်ဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးနေသည်။

ထိုကုမ္ပဏီတွင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ၏ လက်အောက်ခံ Star High ကုမ္ပဏီက ၂၈ ရာခိုင်နှုန်း၊ ပြည်တွင်းအများပိုင်ကုမ္ပဏီများဖြင့် ပူးပေါင်းထားသည့် MNTH ကုမ္ပဏီက ၂၃ ရာခိုင်နှုန်းနှင့် ဗီယက်နမ်စစ်တပ် လက်အောက်ခံ Viettel Global Investment JSC က ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။

ထီလက်မှတ်ရောင်းရငွေစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းကို အခွန်ဘဏ္ဍာအဖြစ် သိမ်းယူပြီး ၆၀ ရာခိုင်နှုန်းကို ပြန်လည်ဆုချီးမြှင့်သည့် အောင်ဘာလေထီသည် စစ်တပ်အာဏာသိမ်းယူပြီးနောက် ရောင်အား အကြီးအကျယ်ကျဆင်းသွားရာ ၇၀ ရာခိုင်နှုန်းအထိ ဆုကြေးတိုးမြှင့်ပေးရန် စစ်ကောင်စီက ပြင်ဆင်ခဲ့သည်။

အွန်လိုင်းထီစနစ် အောင်မြင်မှု ရှိမရှိ စောင့်ကြည့်ရမည်ဖြစ်သော်လည်း ထီဈေးကွက်ပျက်နေကြောင်း၊ စားဝတ်နေရေးအရ လုပ်ကိုင်နေရသော်လည်း ထီရောင်းချမှုတစ်ခုတည်းဖြင့် ရပ်တည်မရကြောင်း အမည်မဖော်လိုသည့် ထီလက်လီရောင်းချသူ အမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်တော်လည်း မခန့်မှန်းတတ်ဘူး။ ရောင်းအားကတော့ လူတိုင်းသိပါတယ်။ ထီက အရင်တုန်းကလို မဟုတ်တော့ပါဘူး။ အဲ့ဒီတစ်ခုတည်းနဲ့လည်း ရပ်တည်လို့မရတော့ဘူး။ အခုက တခြားစီးပွားရေးတွေနဲ့ လုပ်ရတာပေါ့” ဟု ၎င်းက ဆိုသည်။

ထီလက်မှတ်ရောင်းသူများ ဝင်ငွေနည်းနေချိန်တွင် ပေါ်လာသည့် အွန်လိုင်းစနစ်ကြောင့် ထိုသူတို့၏ လုပ်ငန်း မထိခိုက်စေရန် မည်သို့ စီစဉ်ပေးမည်ကို ထီလက်မှတ်ရောင်းချသည့်ဌာနက ကြေညာခြင်း မရှိသေးပေ။

အာဏာမသိမ်းမီက ထီရောင်းချခွင့်ပါမစ်ကို အလုအယက်လျှောက်ထားကြသော်လည်း ယခုအခါ တော်လှန်ရေးအောင်မြင်မှ ထီပြန်ရောင်းရန် ဆုံးဖြတ်ထားသူများရှိကြောင်း ထီဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

အာဏာသိမ်းမှုဆန့်ကျင်သူတို့က စစ်တပ်ထုတ်ကုန်များကို ဝိုင်းဝန်းသပိတ်မှောက်ရန် လှုံ့ဆော်နေကြသည့်အပြင် အခွန်မပေးခြင်း၊ ထီမထိုးခြင်းမှအစ ဒေါ်လာဘီလျံချီ ဝင်ငွေရနေသည့် သဘာဝဓာတ်ငွေ့ဝင်ငွေလမ်းကြောင်းအထိ ဖြတ်တောက်ရန် တတ်နိုင်သည့်ဘက်မှ ကြိုးစားခဲ့ကြသည်။

ထို့ကြောင့် သမားရိုးကျရောင်းချသည့် ထီစနစ်သည်ပင် အရာမဝင်ဖြစ်နေပြီး အွန်လိုင်းစနစ်မှာလည်း အောင်မြင်မည်မဟုတ်ကြောင်း စစ်ကောင်စီထံ စီးဆင်းနေသည့် ဝင်ငွေအရင်းအမြစ်များ ဖြတ်တောက်ရန် လှုပ်ရှားနေသည့် သွေးစွန်းငွေအဖွဲ့၏ အဖွဲ့ဝင် စောအယ်(လ်)မူးက ပြောသည်။

“သူတို့ ကြိုက်တဲ့နည်းလမ်းနဲ့ လုပ်ပေါ့။ ဒီထီလက်မှတ်ဆိုတာ အတင်းရိုက်ပြီး ရောင်းလို့ရတဲ့ကိစ္စတော့ မဟုတ်ဘူး။ မဝယ်ရင် သေနတ်နဲ့ ပစ်မယ်လို့ ပြောလို့ရတဲ့ကိစ္စလည်း မဟုတ်တော့ သူတို့ ကြိုက်သလိုလုပ်၊ သူတို့ကို မုန်းတီးတဲ့စိတ်နဲ့ ထီလက်မှတ်မဝယ်တာကတော့ ဆက်ဖြစ်နေဦးမှာပဲ” ဟု ၎င်းက ဆိုသည်။

ထို့ပြင် အွန်လိုင်းထီစနစ်တွင် နည်းပညာပံ့ပိုးမည့်ကုမ္ပဏီသည် စစ်တပ်ပိုင် Mytel ဖြစ်၍ ပို၍ပင် ဆိုးကြောင်း၊ လက်ရှိအချိန်ထိ မလွှဲမရှောင်သာကိစ္စများမှလွှဲ၍ စစ်ကောင်စီကို တတ်နိုင်သည့်ဘက်မှ သပိတ်မှောက်နေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြည်တွင်းအခွန်ဌာန၏ ၂၀၂၂ နှစ်ဆန်းထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၀ -၂၁ ဘဏ္ဍာနှစ်အတွင်း ရရှိသည့် အခွန်ငွေမှာ အရပ်သားအစိုးရလက်ထက် အနီးဆုံးကာလနှင့် နှိုင်းယှဉ်ပါက ၃၄ ရာခိုင်နှုန်းထိ ကျဆင်းသွားသည်။

အရပ်သားအစိုးရလက်ထက် အောင်ဘာလေထီ အခွန်ရငွေမှာ ကျပ် ၁၆၀ ဘီလျံထိ ရှိသော်လည်း စစ်အာဏာသိမ်းပြီးနောက် ၂၀၂၀ -၂၁ ဘဏ္ဍာနှစ်တွင် ကျပ် ၈၆ ဘီလျံသာ ရသည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန၏ အစီရင်ခံစာတွင် တွေ့ရသည်။ ပုံမှန်ထုတ်ပြန်လေ့ရှိသည့် ပြည်တွင်းအခွန်ဌာန၏ အခွန်ရငွေအစီရင်ခံစာများကို ၂၀၂၂ နှင့် ၂၀၂၃ တွင် ထုတ်ပြန်ခြင်း မရှိသေးပါ။

ကျပ်တစ်ထောင်တန်ထီ အွန်လိုင်းမှ ရောင်းချမှု ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်ရာ အာဏာသိမ်းစစ်တပ်ခေါင်းဆောင်နှင့် သူ၏ ဝန်ကြီးများ၊ စစ်တပ်အဆက်အနွယ် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

၁၀ သိန်းအောက် ထီဆုငွေကို အွန်လိုင်းစနစ်ဖြင့် ပြန်ထုတ်ပေးမည်ဟု ထုတ်ပြန်ထားသည်။

ထီလက်မှတ်စနစ်တွင် ထီရောင်းချသူများသည် တစ်စောင်ကို ၉၁၀ ကျပ်ဖြင့် ဝယ်ယူပြီး အမြတ်တင် ရောင်းချကြသည်။ အွန်လိုင်းထီစနစ်တွင် စစ်တပ်၏ Mytel ကုမ္ပဏီ အကျိုးအမြတ်မည်မျှရရှိမည်ကို မသိရသေးပါ။

ယခုထီလုပ်ငန်းကို စစ်တပ်က မောင်ပိုင်စီးလုပ်ကိုင်ခွင့်ရခဲ့သည့်အပြင် ၁၉၉၇ ခုနှစ်ကတည်းက တည်ထောင်ထားသည့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC သည်လည်း သတ္တုတူးဖော်ရေး၊ ကုန်ထုတ်လုပ်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများအထိ ကဏ္ဍမျိုးစုံတွင် စီးပွားရေး လုပ်ကိုင်နေသည်။

စစ်တပ်၏ စီးပွားရေးလုပ်ငန်းအင်ပါယာကြီးနှစ်ခုဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကို အမေရိကန်နှင့် အနောက်နိုင်ငံများက ပစ်မှတ်ထားပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းထားသည်။

Mytel ကုမ္ပဏီမှ အကျိုးအမြတ်များကို စစ်ခေါင်းဆောင်များ မြိုးမြိုးမြက်မြက်ရနေကြောင်း Justice for Myanmar က ဖော်ပြထားသည့် အခြေပြဇယား။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button