သတင်း

Mytel တိုင်များ လုံခြုံရေးအတွက် MPT တံဆိပ် ပြောင်းကပ် 

အာဏာသိမ်းမှုနောက်ပိုင်း ပစ်မှတ်ထား ဖျက်ဆီးခံနေရသည့် စစ်ခေါင်းဆောင်၏ မိသားစုပိုင် Mytel တာဝါတိုင်များ အကာအကွယ်ရရန် လုပ်ကိုင်နေသည့် နည်းလမ်းတစ်ခုမှာ ထိုတိုင်များတွင် နိုင်ငံပိုင်မြန်မာ့ဆက်သွယ်ရေး MPT ၏ တံဆိပ် ရေးဆွဲတပ်ဆင်ခြင်းဖြစ်သည်။

Mytel တိုင်တစ်ခု အောက်ခြေရှိ သံပြားကာ စက်ပစ္စည်းပုံးတွင် အပြာရောင်ဆေးမှုတ်ထားသည့် MPT တံဆိပ် ရှိနေသည်ကို Myanmar Now က ရထားသည့် ရုပ်သံမှတ်တမ်းတစ်ခုတွင် တွေ့ရသည်။ စက်ပစ္စည်းပုံး တစ်နေရာတွင်မူ Mytel ဖောင်းကြွစာလုံးကို တွေ့ရသည်။ 

ထိုသို့ ပုံဖျက်ထားခြင်းဖြင့် စစ်အုပ်စု၏ ဝင်ငွေရ စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထားနေသော လက်နက်ကိုင်တိုက်ခိုက်သူတို့ကို လှည့်စားနိုင်မည်ဖြစ်သော်လည်း ဆက်သွယ်ရေးတိုင် တည်ဆောက် တပ်ဆင်ရေးအတွေ့အကြုံရှိသူတို့ အနီးကပ် စစ်ဆေးလျှင် အဖြစ်မှန်ကို သိရှိနိုင်မည်ဟု အင်ဂျင်နီယာတစ်ဦးက ပြောသည်။

ထိုရုပ်သံတွင် တွေ့ရသည့် ဆက်သွယ်ရေးတိုင်၏ အသုံးပြုထားသည့် စက်ပစ္စည်း၊ တပ်ဆင်ပုံတို့ကို ကြည့်လျှင် မည်သည့်ဆက်သွယ်ရေး ကုမ္ပဏီအတွက်တိုင်ဖြစ်ကြောင်း သိသာသည်ဟု အမည်မဖော်လိုသော အဆိုပါ အင်ဂျင်နီယာက ပြောသည်။

“သေချာတယ် Mytel ဗျ။ ခုပုံပါအရတော့ အယောင်ဆောင်ထားတာပါ၊ (MPT တံဆိပ်) ဟန်ပြ ထိုးထားတဲ့ သဘော”ဟု ၎င်းက ပြောသည်။

ထိုအင်ဂျင်နီယာသည် Mytel ကုမ္ပဏီတွင် လုပ်သက် ၂ နှစ်ကျော်ရှိခဲ့သူဖြစ်ပြီး စစ်အာဏာသိမ်းမှုကြောင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေပြီး ၎င်းကိုယ်တိုင်လည်း Mytel တာဝါတိုင်ဖောက်ခွဲ ဖျက်ဆီးရေးတွင် ပါဝင်နေသလို တိုင်များ၏ တည်နေရာကိုလည်း အခြားဖောက်ခွဲရေးသမားများထံ သတင်းပေးလေ့ရှိသူဖြစ်သည်။

အာဏာသိမ်းပြီး ၁၀ လအတွင်း Mytel တာဝါတိုင် ရာနှင့်ချီ၍ ဖောက်ခွဲဖျက်ဆီးခံထားရသည်။ ထို့ကြောင့် ဗိုလ်ချုပ်ကြီးများက တာဝါတိုင်များတွင် လူစောင့်ချခြင်း၊ နင်းမိုင်းထောင်ခြင်း၊ လုံခြုံရေးကင်မရာ တပ်ဆင်ခြင်းစသည့် နည်းလမ်းမျိုးစုံသုံး၍ ကာကွယ်ထားပြီး ရဲတပ်ဖွဲ့ကိုလည်း တိုင်လုံခြုံရေးအတွက်လည်း စာထုတ်ညွှန်ကြားထားသည်ကို အွန်လိုင်းတွင် ပေါက်ကြားလာသော ရုံးစာတစ်စောင်အရ သိရသည်။

တာဝါတိုင်တွင် MPT တံဆိပ်တပ်သည့် ကာကွယ်နည်းကြောင့် တိုင်အမျိုးအစားခွဲခြားခြင်းကို များစွာ ခက်ခဲမည်မဟုတ်ဟု အထက်ပါ Mytel အင်ဂျင်နီယာက ပြောသည်။

“သေချာတာကတော့ ဖောက်ခွဲသမားတွေအနေနဲ့လည်း လွဲမှာတော့မဟုတ်ဘူး။ ရွာတွေမှာက များသောအားဖြင့် တိုင်တွေကို သိကြတာများပါတယ်”ဟု သူက ဆိုသည်။

Mytel တိုင် ရာခိုင်နှုန်းမည်မျှ ပုံပြောင်း၊ တံဆိပ်ကပ်ထားမှန်း မသိရသေးပေ။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မဲစာရင်းမှားသည်ဟု အကြောင်းပြကာ အာဏာသိမ်းပြီးနောက်တွင် စစ်တပ်ဝင်ငွေရစေသည့် လုပ်ငန်းမှန်သမျှ ပြည်သူတို့ ဆန့်ကျင် သပိတ်မှောက်သဖြင့် Mytel ကုမ္ပဏီ ကျပ်ဘီလျံ ရာနှင့်ချီ ဆုံးရှုံးထားသည်။

စစ်အာဏာရှင်ကို လက်နက်ကိုင်ခုခံတော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များအနေဖြင့်လည်း တော်လှန်ရေးကာလ ရှည်ကြာလာသည်နှင့်အမျှ လက်နက်ထုတ်လုပ်ရေးအတွက် ကုန်ကြမ်းရှားပါးလာသဖြင့် အဆိုပါ Mytel တာဝါတိုင်ပါ သံထည်ပစ္စည်းများကို ရယူကာ ဖောက်ခွဲရေးလက်နက်လုပ်ရန် ဦးတည်လာကြသည်။

MPT စာတန်းထိုး၍ ကာကွယ်လျှင်လည်း ၎င်းတို့ ဖောက်ခွဲရေးသမားများအတွက် သက်ရောက်မှုမရှိကြောင်း စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် အခြေစိုက်လှုပ်ရှားသော ဇာမဏီ (ZRF) ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်က Myanmar Now ကို ပြောသည်။

“အပြင်ကကြည့်ရင်တော့ MPT လိုလိုပဲ။ ဒါပေမဲ့ အထဲကို သွားကြည့်ရင် သံပြားမှာ အတွင်းထဲမှာ Mytel ဆိုပြီး ရေးထားတာရှိတယ်။ အဲလိုခွဲလို့ရတယ်။ ကျွန်တော်တို့ PDF တွေက သူ့ဒေသအလိုက် သူ့ဟာနဲ့သူ လိုက်ကြည့်ပြီးသား။ သူတို့ အဲလိုကာကွယ်လို့မရဘူးလေ”ဟု ဇာမဏီ (ZRF)အဖွဲ့ခေါင်းဆောင်က ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းအထိ အာဏာသိမ်းပြီး ၁၀ လအတွင်း ဖျက်ဆီးခံရသော ဆက်သွယ်ရေးတာဝါတိုင် ၄၀၉ တိုင်အနက် ၄၉ တိုင်သည် MPT, Telenor နှင့် Ooredoo တိုင်များ ပါဝင်နေကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

နိုင်ငံအနှံ့ Mytel တာဝါတိုင် ၁၂,၀၀၀ ကျော်ရှိရာ  ၃၆၀ တိုင်ဖျက်ဆီးခံရခြင်းသည် စစ်ခေါင်းဆောင်၏ သမီးဖြစ်သူ ဒေါ်ခင်သီရိသက်မွန်၏ Pinnacle Asia ကုမ္ပဏီပိုင် တာဝါတိုင် ၃ ရာခိုင်နှုန်း ဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်။

Mytel သည် ဗီယက်နမ်စစ်တပ်ပိုင် Viettel Global Investment JSC ကုမ္ပဏီ၏ ပြည်ပတွင် တိုးချဲ့လုပ်ကိုင်သည့် ၁၀ ခုမြောက် ဆက်သွယ်ရေးလုပ်ငန်းဖြစ်ပြီး မြန်မာနိုင်ငံ၏ လေးခုမြောက် ဆက်သွယ်ရေးလုပ်ငန်းဖြစ်လာသည်။

Mytel ၏ ပိုင်ဆိုင်မှု ၄၉ ရာခိုင်နှုန်းကို Viettel ကုမ္ပဏီ၊ ၂၈ ရာခိုင်နှုန်းကို မြန်မာစစ်တပ်၏ စီးပွားရေးလုပ်ငန်း မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) လက်အောက်ခံ Star High ကုမ္ပဏီ၊ ကျန် ၂၃ ရာခိုင်နှုန်းကို Myanmar National Telecom Holding(MNTH) က ပိုင်ဆိုင်ထားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button